Friday, January 29, 2016

ကျွန်တော်တို့ဒေသနှင့် ကျေးရွာလူမှုကူညီရေးအသင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်


စာရေးသူနှင့် အဖွဲ့သားများ

မကြာသေးခင်ကာလ ၂၀၁၆-ခုနှစ် နှစ်ဦးပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လူမှုရေးဌာန၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)နှင့် လူမှုရေးဆိုင်ရာသုတေသနလုပ်ဆောင်မှုအဖွဲ့(Social Policy and Poverty Research Group-SPPRG)တို့၏ စီစဉ်ပေးမှုဖြင့် မိမိသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မန်ကျည်းကန်ရွာဘက်တွင် မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက် ကလေးငယ်များ အတွက် "အစာအာဟာရကျွေးမွေးခြင်း(Nutrition)သင်တန်း"တက်ရန် ရောက်ရှိခဲ့သည်။ သင်တန်းတွင် ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များအပြင် အညာဒေသမှ ဒေသခံများနှင့်လည်း ခင်မင်ရင်းနှီးခွင့်ရရှိခဲ့ ပါသည်။ ထိုကဲ့သို့ ဒေသခံများနှင့်ခင်မင်ရင်းနှီးရခဲ့ပြီး မိမိတို့ဒေသအခြေအနေများကို အပြန်အအလှန် ပြောဆို ဆွေးနွေးကြရာမှ မိမိအနေဖြင့် မထင်မှတ်ဘဲအညာဒေသမှ" ကျေးရွာလူမှုကူညီရေးအသင်း" အကြောင်း ကိုလည်း သိရှိခွင့်ရခဲ့ပါသည်။
မိမိအနေဖြင့် မိမိတို့၏ရပ်ရွာဒေသများတွင်လည်း အညာဒေသကဲ့သို့ ကျေးရွာလူမှုကူညီရေးအသင်းနှင့် ပတ်သက်ပြီး ပုံကြီးချဲ့ကာငေး၍ တွေးမိနေတော့သည်။ မိမိတို့သင်တန်းတက်ရောက်သော မြောင်မြို့နယ်သည် မိမိတို့တည်းခိုနေသည့် မုံရွာမြို့မှတဆင့် ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ်တို့ကို ကျော်ဖြတ်ကာ မော်တော်ယာဉ်ဖြင့်ပင်(၂)နာရီကြာ ခရီးနှင်ခဲ့ရပါသည်။ အညာဒေသဆိုသကဲ့သို့ ရာသီဥတုသည်လည်း လွန်စွာပင် ပူပြင်းလှပါသည်။ ထို့ကြောင့် အပင်များဆိုသည်လည်း  ထနောင်းပင်များ၊ ထန်းပင်များ၊ ကုက္ကိုပင်များနှင့် ကန္တာရပင်များ စသည့် ပူပြင်းသောရာသီဥတုနှင့် လိုက်လျောညီထွေသည့်အပင်များသာ ပေါက်ရောက်လျက်ရှိကြသည်။ ထိုဒေသတွင် စီးပွားရေးအရအလွန်ခေါင်ပါးသည်သာမက လမ်းပန်းဆက်သွယ် ရေးလည်းခက်ခဲသည့်အတွက် ကျေးရွာများတွင် အိမ်ခြေနည်းပါးမှု၊ နေအိမ်ပုံစံနှင့် လူနေမှုအဆင့်အတန်းများကို လေ့လာကြည့်သည့်အခါ မိမိနေထိုင်သည့် ပအိုဝ်းဒေသနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာကွာဟနေသည်ကိုလည်း တွေ့မြင်သိရှိခဲ့ရပြန်ပါသေးသည်။


သို့သော် မိမိရောက်ခဲ့သည့်အညာဒေသရှိ အိမ်ခြေ(၁၀၀)နှင့်အထက်ရှိသော ကျေးရွာအများစုတွင် ရဟန်သံဃာတော်များ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များ၊ အလှူရှင်များ၊ ရွာသူ/သားများ၏ စေတနာ တရားထက်သန်မှုများအရ ထည့်ဝင်ကြသည့်ငွေကြေများဖြင့် လူနာတင်ယာဉ်များဝယ်ယူကာ ဒေသခံများ၏ ကျန်းမာရေးနှင့်ပတ်သက်သည့်အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကျေးရွာလူမှုကူညီရေးအသင်းဖွဲ့စည်းထားကြ သည်ကိုတွေ့ရှိခဲ့ရပါသည်။ ကျေးရွာလူမှုကူညီရေးအသင်းအနေဖြင့် ငွေရေးကြေးရေးခက်ခဲ့သည့်ဒေသခံ လူနာများကို အချိန်မီကုသနိုင်ရန် ဆေးရုံသို့ပို့ဆောင်ပေးခြင်းသာမက အခြားသော ကျန်းမာရေးအခက်အခဲ များကို  ကိုယ့်အားကိုယ်ကိုးသောနည်းလမ်းဖြင့် တတ်အားသမျှကူညီဖြေရှင်းနိုင်မှုကြောင့် နွေးထွေးစွာဖြင့် လုံခြုံစိတ်ချရပြီး အသက်အာမခံချက်ကောင်းမွန်သည့် လူနေမှုအသိုင်းအ၀ိုင်းကို ဖန်းတီးနိုင်ကြသည့်အတွက် ပီတိအပြည့်နှင့် ပြည့်လျှံနေသောအပြုံးမျက်နှာများကို တွေ့မြင်ရသည့်အခါ မိမိအနေဖြင့် ဂုဏ်မယူဘဲ မနေနိုင်တော့ချေ။ ထိုသင်တန်းကာလ(၃)ရက်တာ ပြီးဆုံးသွားသော်လည်း ကျေးရွာလူမှုကူညီရေးအသင်းနှင့် ပတ်သက်သည့် မိမိ၏အတွေးများသည်  အဆုံးသတ်၍မရနိုင်သေးသကဲ့သို့ တွေးပြီးရင်းဆက်တွေးမိနေ တော့သည်။ မိမိတို့ပအိုဝ်းဒေသများတွင်လည်း အညာဒေသကဲ့သို့ "ကျေးရွာလူမှုကူညီရေးအသင်းများ" ပေါ်ပေါက်စေလိုသည့် စိတ်ဆန္ဒများကြောင့် ဆိုရသော် လွှဲမှားမည်မဟုတ်ပါ။
မိမိတို့မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ်၌ လွတ်လပ်ရေးရခဲ့ပြီး လွတ်လပ်ခြင်း၏အရသာကို အပြည့်အ၀ ခံစားနေရချိန်တွင် မိမိတို့ပအိုဝ်းဒေသသည် ပဒေသရာဇ်စော်ဘွားများ၏ ကြီးစိုးခြယ်လှယ်မှုဒဏ်များကို ခံစားနေရသေးသည့် အချိန်ကာလဖြစ်နေပါသည်။ ၁၉၅၉-ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့ ရှမ်းပြည်နယ် လွှတ်တော်ခန်းမတွင် ပဒေသရာဇ်စော်ဘွားများက အာဏာစွန့်ခဲ့ပြီး ဆိုသော်ငြားလည်း ပဒေသရာဇ်စနစ်ကို ကျင့်သုံးနေသည့် ပုဂ္ဂိုလ်အချို့ကျန်ရှိနေသေးသည့်အတွက် နှစ်အတော်အတန်ကြာအောင်  ပဒေသရာဇ်စော်ဘွားများ၏ အာဏာစက်များကို ဆက်လက်ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် မိမိတို့လူမျိုးများသည် လူ့အခွင့်အရေးများဖြစ်သည့် နိုင်ငံသားအခွင့်အရေးများ၊ နိုင်ငံရေးအခွင့်အရေးများ၊ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။
၁၉၉၁-ခုနှစ် အထူးဒေသ(၆)အဖွဲ့မှ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်းတွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း၌ ဒေသဖွံ့ဖြိုးရေးကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်လာခဲ့သည့်အတွက် မိမိတို့ပအိုဝ်းဒေသ များသည် ဘာသာရေးကဏ္ဍတွင် မိမိအနေဖြင့် ထုတ်ဖော်ပြီးမရေးသားပြသော်လည်း စာဖတ်ပရိသတ်များ တွေ့မြင်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ပါသည်။ ပအိုဝ်းစာပေ သင်ကြားရေးကဏ္ဍတွင် ပအိုဝ်းစာပေပြန့်ပွားရေး သံဃာတော်အဖွဲ့(ဗဟို)မှဦးစီးပြီး အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်မှာ ဆရာဖြစ်သင်တန်း (ဗဟို)ကို (၃၁)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါသည်။ ယဉ်ကျေးမှုကဏ္ဍတွင်လည်း ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) မှဦးစီးပြီး အကောင်အထည်လျက်ရှိနေပါသည်။ ထို့အပြင် လက်ရှိပအိုဝ်းခေါင်းဆောင်များသည်လည်း ပညာရေးကဏ္ဍတွင် စာသင်ကျောင်းများ၊ ပညာရေးဝန်ထမ်းအိမ်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ပညာရေးနှင့် ပတ်သက်သည့် သင်ထောက်ကူပစ္စည်းများ လုံလောက်စွာ ရရှိအောင်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးကဏ္ဍတွင် ဆေးပေးခန်းများ၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာ များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးနှင့်ပတ်သက်သည့်လိုအပ်သောပစ္စည်းကိရိယာများ လုံလောက်စွာ ရရှိအောင်ဆောင်ရွက်ခြင်း၊  လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာအုပ်စုချင်း ဆက်လမ်းများ၊ မြို့နယ်ချင်းဆက်လမ်းများ၊ ပြည်ထောင်စုလမ်းမကြီးများ စသည်များကို မြေသားလမ်း မှ ကျောက်ချောလမ်း၊ ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ်ရရှိအောင်ဆောင်ရွက်ခြင်း စသဖြင့်တွေ့ရှိရ ပါသည်။
ယနေ့ခေတ်ပအိုဝ်းလူငယ်များသည်လည်း နိုင်ငံရေးဘက်တွင် တက်ကြွစွာအားပြုလာနေကြသည်ကို တွေ့ရှိရသည့်အတွက် မိမိအနေဖြင့် ၀မ်းသာပီတိဖြစ်မိပါသည်။ သို့သော် ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများ ထပ်မံဖွဲ့စည်းခြင်းသည် အားနည်းချက်များရှိလာနိုင်သကဲ့သို့ အားသာချက်များကိုဖြစ်စေနိုင်သည့် အချက်များ လည်း ရှိကောင်းရှိနိုင်ပါသည်။ မိမိအနေဖြင့် နိုင်ငံရေးဘက်တွင်အားပြုကာ ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများ ဖွဲ့စည်းလာကြသည်ကို အဆိုးမြင်အပြစ်တင်နေခြင်း မဟုတ်ပါ။ ထိုကဲ့သို့ ပအိုဝ်းနိုင်ငံရေးပါတီများ ဖွဲ့စည်း ကြသည်ဆိုသည့် သတင်းကို ပြင်ပလောကတွင်သာမက လူမှုကွန်ယက်စာမျက်နှာ သတင်းများတွင် မကြာခဏ တွေ့ရှိရသော်လည်း ကျေးရွာလူမှုကူညီရေးအသင်း ဖွဲ့စည်းကြသည်ဆိုသော သတင်းများသည်ကား မရှိသလောက် အားနည်းနေသည်ကို မိမိအနေဖြင့် သတိထားမိပါသည်။
လက်ရှိမိမိတို့ဒေသတွင် မြို့ပေါ်အခြေစိုက်လူမှုကူညီရေးအဖွဲ့အစည်းများသာအားကောင်းပြီး မိမိတွေ့ရှိ ခဲ့သည့် အညာဒေသကဲ့သို့ ကျေးရွာဘက်တွင် လူမှုကူညီရေးအသင်းများဖွဲ့စည်းခြင်းများ အားနည်းနေသေးသည်ဟု မိမိအနေဖြင့် သုံးသပ်မိပါသည်။ မိမိတို့ပအိုဝ်းဒေသများတွင် စီးပွားရေးအခြေအနေအရ သော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအရ သော်လည်းကောင်း၊ ကျေးရွာတွင်းရှိအိမ်ခြေများအရ သော်လည်းကောင်း “ကျေးရွာလူမှုကူညီရေးအသင်း”များ ဖွဲ့စည်းရန် အညာဒေသများထက် ပိုမိုလွယ်ကူမည်ဟု ယုံကြည်ပါသည်။ မိမိတို့ဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးဖွားရန်ခက်ခဲခြင်း၊ နာတာရှည်ရောဂါသည်များ၊ ယာဉ်မတော်တဆမှုများ၊ တောင်ယာလုပ်ငန်းများလုပ်ကိုင်ရာမှ ရရှိတတ်သည့် မြွေပါးကင်းပါးများ၏ အန္တာရာယ် များနှင့် ထိခိုက်ပြတ်ရှမှုအန္တာရာယ်များကို လူနာတင်ကားများဖြင့် အချိန်မီကုသနိုင်ရန် ဆေးရုံသို့ပို့ဆောင် ပေးနိုင်ရန် “ကျေးရွာလူမှုကူညီရေးအသင်း” များသည် မရှိမဖြစ်လိုအပ်လာသည်ဟု ထင်မြင်မိပါသည်။
ပအိုဝ်းဒေသတွင် ကျေးရွာလူမှုကူညီရေးအသင်း ဖွဲ့စည်းသည်ဆိုသည့်သတင်းကို သတင်းစာများနှင့် လူမှုကွန်ယက်သတင်းစာမျက်နှာများတွင် မတွေ့ရသလောက်နည်းပါးနေသေးသကဲ့သို့ လက်တွေ့တွင်လည်း ဖွဲ့စည်းထားမှုများအာနည်းနေသေးသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိပအိုဝ်းခေါင်းဆောင်များသာမက လူငယ်များသည်လည်း နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိရပါသည်။ မိမိလက်ရှိ လေ့လာသိရှိထားသည်မှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ သည် လူမှုရေးဆိုင်ရာသုတေသနလုပ်ဆောင်မှုအဖွဲ့(Social Policy and Poverty Research Group-SPPRG) အဖွဲ့နှင့်ပူးပေါင်းပြီး ပအိုဝ်းဒေသအတွင်းရှိကျေးရွာ(၁၀)ရွာတွင် လူမှုကူညီရေးအသင်းများ စတင်ဖွဲ့စည်းနေပြီ ဖြစ်ကြောင်းသိရှိရ၍ အတိုင်းမသိဝမ်းသာမိပါသည်။ ထို့ကြောင့် ဒေသခံပြည်သူလူထုများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တဖက်တလမ်းမှကာကွယ်ပေးရန်နှင့် ကျေးလက်နေပြည်သူလူထုများ အသက်အာမခံချက် ကောင်းမွန်လာစေရန်အတွက် သက်ဆိုင်ရာရဟန်းသံဃာတော်များ၏ သြ၀ါဒခံယူပြီး တာဝန်ရှိပုဂ္ဂိုလ်များက အလှူရှင်များ၊ စေတနာရှင်များကို ရှာဖွေပေးကာ “ကျေးရွာလူမှုကူညီရေးအသင်းများ”ကိုဖွဲ့စည်းစေလိုကြောင်း တာဝန်သိလူငယ် တစ်ဦးအနေဖြင့် ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

ခွန်ယွေးယဲင် (စန္တားဟေ့,)

Powered by Blogger.