Sunday, January 31, 2016

ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့(အုပ်စု)ဦးဆောင်ပြီး (၃၃)ကြိမ်မြောက် ဆုပေးပွဲ၊ ယဉ်ကျေးမှုအကနှင့် သီချင်းဆိုပြိုင်ပွဲကို တောင်ကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးရွာတွင် ကျင်းပခဲ့


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်


သက္ကရာဇ် ၁၃၇၆-ခုနှစ်၊ တန်ခူးလဆန်း(၅)ရက်နေ့၊ ဟမ်းဆီးဘုန်းကြီးကျောင်းတွင် ပအိုဝ်းစာပေဖြေဆိုသူ (၁၄၀၀)ကျော်အနက် အောင်မြင်ခဲ့သူ(၈၀၀)ကျော်အတွက် ဆုပေးပွဲ၊ ယဉ်ကျေးမှုအကနှင့် သီချင်းဆိုပြိုင်ပွဲ အခမ်းအနားကို သက္ကရာဇ် ၁၃၇၇-ခုနှစ်၊ ပြာသိုလဆုတ်(၆)ရက်နေ့၊ ခရစ်၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၃၀)ရက် နေ့တွင် တောင်ကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးရွာ၌ ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့(အုပ်စု) ဦးဆောင်ပြီး  (၃၃)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့(အုပ်စု)ဆရာတော်ကြီးများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)၊ ဥက္ကဌ၊ ဦးခွန်ဝင်းကိုနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO)၊ ဥက္ကဌ၊ မွိုးမွံ,နှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(မြို့နယ်)၊ ဒု-ဥက္ကဌ၊ ဦးခွန်မောင်မောင်လတ်နှင့်အဖွဲ့ဝင် များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(အုပ်စု)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ယဉ်ကျေးမှုအကအဖွဲ့များ၊ ကမ္ဘာလှည့် ခရီးသည်များနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးခဲ့ပါသည်။ အခမ်းအနားကို ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)၊ ဥက္ကဌ၊ ဦးခွန်ဝင်းကိုနှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(အုပ်စု)၊ ဦးခွန်ဆန်းလင်း တို့က ဖဲကြိုးဖြတ်ပြီး ''ပအိုဝ်းသွီ;''နှင့်''ခမ်းရင်,သား'' သီချင်းသီဆိုကာ အခမ်းအနားကိုနံနက်(၁၀)နာရီ အချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။
ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)၊ ဥက္ကဌ၊ ဦးခွန်ဝင်းကိုမှ အားပေးစကားပြောကြားရာတွင် အနာ ဂတ်လူငယ်များအား အဆိုးနှင့်အကောင်း၊ အမှားနှင့်အမှန် ဝေဖန်ခွဲခြားတတ်အောင် ပညာရေးကို အားပေးရန် လိုအပ်ကြောင်း၊ မိမိ၊ မိမိတို့၏မိသားစု၊ ဒေသ၊ လူမျိုးတိုးတက်ရန်အတွက် ဉာဏ်ပညာသည်အဓိက ဖြစ်ပါ ကြောင်း၊ မည်သည့်အလုပ်တွင်မဆို ဦးဆောင်သူကောင်းမွန်ရန်လိုအပ်သကဲ့သို့ နောက်လိုက်သူများလည်း ကောင်းမွန်စွာ ပူးပေါင်းပါဝင်ရန် အထူးလိုအပ်ပါကြောင်း၊ လူမျိုးတစ်မျိုး၏ အသက်သွေးကြောသည် စာပေ ဖြစ်သည်နှင့်အညီ စာပေတတ်မြောက်ရန်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ပြန်လည်သင်ကြား ကျင့်သုံး သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။


ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(မြို့နယ်)၊ ဒု-ဥက္ကဌ၊ ဦးခွန်မောင်မောင်လတ် အားပေးစကားပြောရာ တွင် မြန်မာစာပေတတ်မြောက်ရန် လိုအပ်သကဲ့သို့ ပအိုဝ်းစာပေလည်း တတ်မြောက်ရန် လိုအပ်ကြောင်း၊ လူမျိုးဖွံ့ဖြိုးတိုးတက်ရန်အတွက် စည်းလုံးညီညွတ်မှုအားကောင်းရန်၊ မျိုးချစ်စိတ် စစ်မှန်ရန်နှင့် ခံယူချက် ခိုင်မာရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO)၊ ဥက္ကဌ၊ မွိုးမွံ,မှ အားပေးစကားပြောကြားရာတွင် ယခုလိုဆုပေးပွဲသည် ဦးဆောင်သူကောင်းမွန်မှသာကျင်းပနိုင်ကြောင်း၊ ဆုပေးပွဲကျင်းပပေးမှသာ မျိုးဆက်သစ်လူငယ်များ ကြိုးစား အားထုတ်မှု ပိုမိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စာပေတတ်မြောက်မှသာ အသိပညာအတတ်ပညာတိုးပွား လာမည်ဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးအချင်းချင်းတွေ့ဆုံရာတွင် ပအိုဝ်းဘာသာစကားဖြင့်ပြောဆိုသုံးနှုန်းရန် အရေးကြီးကြောင်း၊ ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်နိုင်သည့်အတွက် မိမိအနေဖြင့် ၀မ်းသာဂုတ်ယူမိ ပါကြောင်း၊ ပညာတတ်ပါက လူများအလည်တွင် မျက်နှာငယ်စရာမလိုကြောင်း၊ မိမိတို့လူမျိုးများသည် စည်းလုံး ညီညွတ်မှုအားကောင်းနေပြီဖြစ်သည့်အတွက် ကြားစကားနားမယောင်မိရန်လိုအပ်ကြောင်း၊ စာပေနှင့် ယဉ်ကျေးမှု တည်တံ့ခိုင်မြဲနေသ၍ လူမျိုးလည်းတိုးတက်နေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့(အုပ်စု)၊ အတွင်းရေးမှူး၊ တခေါ့,မွူးဘုန်းကြီးကျောင်း ဆရာတော်ကြီးမှ ဆုပေးသည့်အကြောင်းများကိုရှင်းလင်းမိန့်ကြားရာတွင် စာပေတတ်မြောက်မှုကို အားပေးသည့်အနေဖြင့် ဆုချီးမြှင့်ရာတွင် ပအိုဝ်းစာပေသာမက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသူ/သားများကိုလည်း ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း  ရှင်းလင်းမြွက်ကြားခဲ့ပါသည်။
ထို့နောက် ပွဲဖြစ်မြောက်ရေးအတွက် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ (၂၀၀၀၀၀)ကျပ်၊ ပအိုဝ်း အမျိုးသမီးအဖွဲ့(PWO)မှ (၃၀၀၀၀)ကျပ်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(မြို့နယ်)မှ (၁၀၀၀၀၀)ကျပ်နှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)၊ တွဲဖက်အတွင်းရေးမှူး ဖြားဆောင်းမှ (၃၀၀၀၀)ကျပ် စသည်ဖြင့် အသီးသီးလှူဒါန်းခဲ့ကြပြီး နေ့လည်(၁၁)နာရီခွဲအချိန်တွင် ကျောင်းထိုဒုံတခေါ့,ရွာ(မျင်,မိုရ်;ဟေ့,)ယဉ်ကျေးမှု အကအဖွဲ့မှ ယဉ်ကျေးမှုအကပြိုင်ပွဲကိုစတင်ခဲ့ပါသည်။




ယဉ်ကျေးမှုအကပြိုင်ပွဲတွင် ယဉ်ကျေးမှုအကအဖွဲ့(၁၉)ဖွဲ့ပါဝင်ပြီး ခေတ်ပေါ်အကနှင့် ရိုးရာအက (၂)မျိုးခွဲပြီး ပထမ၊ ဒုတိယနှင့် တတိယသော်လည်းကောင်း၊ သီချင်းဆိုပြိုင်ပွဲကို ယဉ်ကျေးမှုအကအဖွဲ့ တစ်ဖွဲ့ အပြီးတွင် တစ်ပုဒ်စီဖြင့် ထည့်သွင်းပြီး ပထမ၊ ဒုတိယနှင့် တတိယသော်လည်းကောင်း၊ စာပေအောင်မြင်သူ ဆုအနေဖြင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အောင်မြင်ခဲ့သူများကိုသော်လည်းကောင်း အသီးသီးဆုချီးမြှင့်သွားခဲ့ ပါသည်။ ထို့အပြင် အုပ်စုအတွင်း ၂၀၁၄-၂၀၁၅ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ဂုတ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသူ/သား(၇)ဦးကိုလည်း ဆုချီးမြှင့်သွားခဲ့ပါသည်။ ချီးမြှင့်သည့် ဆုငွေပမာဏများမှာ ယဉ်ကျေးမှုအကတွင် ပထမ(၅၀၀၀၀)ကျပ်၊ ဒုတိယ(၄၀၀၀၀)၊ တတိယ(၃၀၀၀၀)နှင့် နှစ်သိမ့်ဆုကို အဖွဲ့ တိုင်း(၂၀၀၀၀)ကျပ်စီဖြင့်သော်လည်းကောင်း၊ သီချင်းတွင် ပထမ(၅၀၀၀)ကျပ်၊ ဒုတိယ (၄၀၀၀)၊ တတိယ (၃၀၀၀)ကျပ်သော်လည်းကောင်း၊ စာပေဆုတွင် လိတ်မွူးနှင့် ဓမ္မပဒအမှတ်(၈)တွင် ပထမ(၅၀၀၀)ကျပ်၊ ဒုတိယ(၄၀၀၀)၊ တတိယ(၃၀၀၀)ကျပ်၊ ရိုးရိုးအောင်သူများအား (၁၀၀၀)ကျပ်စီသော်လည်းကောင်း၊ တက္ကသိုလ် ၀င်တန်းကို ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသူ/သားများအား(၁၀၀၀၀)ကျပ်နှင့် ဂုဏ်ပြုလွှာများ စသည်ဖြင့် ချီးမြှင့်ခဲ့ပါသည်။
ဆုပေးပွဲ၊ ယဉ်ကျေးမှုအကနှင့် သီချင်းဆိုပြိုင်ပွဲကို ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၃၀)မှ(၃၁)ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပခဲ့ပြီး ပထမရက်တွင် ယဉ်ကျေးမှုအကနှင့်သီချင်းပြိုင်ပွဲ၊ ဒုတိယရက်တွင် ယဉ်ကျေးမှုအက အဖွဲ့အားလုံးအလှည့်ကျ ဖျော်ဖြေခြင်းနှင့် ဆုချီးမြှင့်ခြင်းအစီအစဉ်ဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။ ရိုးရာယဉ်ကျေးမှု အကတွင် ပထမဆုကို ၀ါးလှရွာ(အောင်ဇေယျ)ယဉ်ကျေးမှုအဖွဲ့ကသော်လည်းကောင်း၊ ဒုတိယဆုကို ၀င်းယရွာ(ဟော်ခွန်)ယဉ်ကျေးမှုအဖွဲ့ကသော်လည်းကောင်း၊ တတိယဆုကို ကျောင်းထိုဒုံတခေါ့,ရွာ (မျင်,မိုရ်;ဟေ့,)ယဉ်ကျေးမှုအဖွဲကသော်လည်းကောင်း၊ ခေတ်ပေါ်ယဉ်ကျေးမှုအကတွင် ပထမဆုကို နားဟီးရွာ(လဲုင်းဟောဝ်ရပ်ရာ;)ယဉ်ကျေးမှုအဖွဲ့ကသော်လည်းကောင်း၊ ဒုတိယဆုကို ဟမ်းဆီးအနောက်ရွာ (ခွို,ရက်သွီး;)ယဉ်ကျေးမှုအဖွဲ့ကသော်လည်းကောင်း၊ တတိယဆုကို ကျောင်းထိုမြောက်ရွာ(အနာ;ဂတ် ဆာ;တဲုင်)ယဉ်ကျေးမှုအဖွဲ့ကသော်လည်းကောင်း၊ သီချင်းအဆိုပြိုင်ပွဲတွင် ပထမဆုကို ထီရီးယံတန်ရွာမှ ခွန်အောင်;ဆုဗွေ ကသော်လည်းကောင်း၊ ဒုတိယဆုကို မွေ;တော;ကက္ကူ;ရွာမှ ခွန်ရက်ခွို, ကသော်လည်း ကောင်း၊ တတိယဆုကို ကျောင်းထိုအရှေ့ရွာမှ ခွန်လာမဲင်း ကသော်လည်းကောင်း အသီးသီး ဆုရရှိခဲ့ကြပါ သည်။
 အလားတူ ဆုပေးပွဲ၊ ယဉ်ကျေးမှုအကနှင့် သီချင်းဆိုပြိုင်ပွဲကို လွန်ခဲ့သည့် ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၃) ရက်နေ့မှ(၂၄)ရက်နေ့တွင်နာင်ကားကျေးရွာအုပ်စု၊ ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့(အုပ်စု)ဦးဆောင်ပြီး နောင်ထောဝ်း   တွင်လည်း ကျင်းပခဲ့ပြီးဖြစ်ကြောင်းသိရှိခဲ့ပါသည်။
ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့(ဗဟို)ဦးဆောင်ပြီး ဆရာဖြစ်သင်တန်းကို (၃၁)ကြိမ်သာရှိသော်လည်း ဆီဆိုင်ဒေသ၊ တောင်ကြီးဒေသ၊ မဲနယ်တောင်ဒေသ၊ နောင်ကားဒေသ၊ ကျောက်တလုံးကြီးဒေသတို့တွင် ဆရာဖြစ်သင်တန်း(ဗဟို) ဖွင့်လှစ်မှု မစခင်ကတည်းက ဦးစွာဖွင့်လှစ်ခဲ့သည့်အတွက် ယခုကျင်းပသည့်ပွဲသည် (၃၃)ကြိမ်မြောက်သည့်ပွဲဖြစ်ပါကြောင်း လေ့လာသိရှိခဲ့ရပါသည်။

ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)

Powered by Blogger.