Wednesday, January 6, 2016

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး (ဒဲဉ်သီးဗွေ) ကွင်းတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (ရ) ရက်





ပညာမြှင့်မှ လူမျိုးမြှင့်မည်ဆိုသည့်အတိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ ဦးဆောင်မှုဖြင့် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ(၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါသည်။





အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်းကြီး ဒေါက်တာဇော်မင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းအုပ်ဆရာကြီးများ၊ ပညာရေးမှူးများ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဆရာ/မများ၊ ပြည်နယ်/ခရိုင်/မြို့နယ်များရှိ ဌာနဆိုင်ရာများ၊ သင်တန်းသူ/သား လူမှုရေးအသင်း အဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ ကြွရောက်လာကြသော ဒေသဦးစီးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်အား ကြိုဆိုနှုတ်ဆက်ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းကျောင်း အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ သင်တန်းကျောင်းဆောင်ခန်းများအား လှည့်လည် ကြည့်ရှုဝမ်းသာစကား ပြောကြားသွားပါသည်။




ထို့နောက် ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ သည်။ ထို့သို့ ပြောကြားရာတွင် အခုလို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဒေသခံ ဆရာ/မများကို မွေးထုတ်ပေးနိုင်မည့် လုပ်ငန်ခွင်အကြိုဆရာအတတ်ပညာ ဒီမလိုမာ အထူးသင်တန်းကို ဖွင့်လှစ်ပေးနိုင်သည့်အတွက် အထူးပင် အားကျကျေနပ်ရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးကဏ္ဍသည် အလွန်ပင် အရေးကြီးလှပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေနှင့် ပညာရေးကဏ္ဍကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေနှင့် ပညာရေးကဏ္ဍကို လွှမ်းခြုံနိုင်သော လေ့လာသုံးသပ်ချက်များ ပြုလုပ်လျက်ရှိကြောင်း၊ ပညာရေးကဏ္ဍတိုးတက်စေဖို့အတွက် ပညာရေးနှင့်ဆိုင်သည့် အမျိုးသားပညာရေး ဥပဒေနှင့် အမျိုးသားပညာရေးကို ပြင်ဆင်သည့်ဥပဒေကိုလည်း ပြဌာန်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊  ပညာရေးကဏ္ဍကို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဆရာ/မများ အရေအတွက်နှင့်အရည်အသွေးတိုးတက်မှုမှာ အရေးကြီးလှပါကြောင်း။        ။



လက်ရှိအခြေအနေတွင် အခြေခံပညာကဏ္ဍ၌ ကျောင်းသူ/သားဦးရေမှာ ၈.၈သန်းကျော်ရှိနေပြီး ဆရာ/မများဦးရေမှာ (၃)သိန်းကျော်တွင် ရှိနေကြောင်း၊ လူဦးရေတိုးတက်လာသည်နှင့်အမျှ ကျောင်းသူ/ သားဦးရေနှင့် ဆရာ/မများဦးရေများကို ညီမျှစေရန် ပညာရေးကောလိပ်များကို တိုးချဲဆောင်ရွက် လျက်ရှိကြောင်း၊ ယခုလက်ရှိ ၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင် ကောလိပ်ကျောင်းပေါင်း(၂၂) ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခုလို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းကို ဖွင့်လှစ်နိုင်သည်မှာ ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုဂုဏ်ယူပေးရမည် ဖြစ်ပါကြောင်း၊ သင်တန်းသူ/သင်တန်းသားများအနေနှင့် မိမိဒေသအကျိုးကို ပြန်လည်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ကြိုးပမ်းလေ့လာစေလိုကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်ကလည်း နိုင်ငံတစ်နိုင်ငံ တိုးတက်ရန်အတွက် ထိုနိုင်ငံထဲမှ အရည်အချင်း၊ အရည်အသွေးရှိသော  လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးက-
(၁) မသင်မနေရ / မူလတန်းပညာရေးစနစ်ကို ကြိုးပမ်းအကောင်အထည်ဖော်ရေး၊
(၂) အခြေခံပညာကျောင်းသား/သူများ၏ ကျောင်းတက်ရောက်နှုန်းမြင့်မားရေး၊
(၃)မျိုးဆက်သစ်လူ့စွမ်းအား အရင်းအမြစ်များအား အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ်        လေ့ကျင့်မွေးထုတ်ပေးရေး၊
(၄) ဆရာ/မများ၏ သင်ကြားမှုအရည်အသွေး မြင့်မားရေး၊
(၅) သင်ထောက်ကူပစ္စည်းများ ပိုမိုထိရောက်စွာ အသုံးပြုသင်ကြားရေး၊
(၆) ပညာရေးဝန်ထမ်းများ၏ အရည်အချင်းနှင့် လူမှုစီးပွားရေး အဆင့်အတန်းမြင့်မားရေး၊
(၇) နိုင်ငံတကာပညာသင်ဆုများ၊ ပြည်တွင်းပညာသင်ဆုများနှင့် ပညာသင်ထောက်ပံ့ကြေးများ                                                                           ချီးမြှင့်ပေးရေး၊
(၈) ပညာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဥပဒေများ ထုတ်ပြန်ပြဌာန်းဆောင်ရွက်ရေး၊
(၉) ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊
(၁၀)နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားရေး စသည့်အချက်များကို လမ်းညွှန်ခဲ့ပါကြောင်း။          ။
ထို့ကြောင့် မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကလေးများအားလုံး ပညာသင် နှစ်ကုန်ဆုံးချိန်အထိ ကျောင်းနေမြဲရေး၊ ကျောင်းထွက်နှုန်းလျော့နည်း ကျဆင်းရေး၊ အတန်းကူးပြောင်းသင် ယူနှုန်း မြှင့်မားရေးအတွက် ကျောင်းများအဆင့်တိုးမြှင့်ပေးခြင်း၊ ကျောင်းဆောင်များ ပြုပြင်ဆောင်ရွက် ပေးခြင်းနှင့် ဆရာ/မများ လုံလောက်မှုရှိစေရန် နေ့စားလပေး ဆရာ/မများအား တိုးချဲ့ခန့်ထားခြင်းများ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဒေသတွင်း တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအတွက် နိုင်ငံတော်မှ အခွင့်အရေးတစ်ရပ်အနေဖြင့် ဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စစ်ကိုင်းဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊B.Edသင်တန်း များ၊ သူနာပြုသင်တန်းများ၊ AGTIကျောင်း စသည့်ကျောင်းများကို တက်ရောက်ခွင့်ရရှိအောင် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိခြင်း။        ။
ယခုလက်ရှိတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အခြေခံပညာကျောင်းများအနေနှင့် အထက်တန်းကျောင်း(၁၉)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း(၁၁)ကျောင်း၊ အ.လ.ကကျောင်း(၁၃)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၅၀)ကျောင်း၊ မူလွန်ကျောင်း(၇၆)ကျောင်း၊ အ.မ.ကကျောင်း(၄၀၃)ကျောင်း၊ အ.မ.က(ခွဲ) (၇၈)ကျောင်းနှင့် အ.မ.က(တွဲ)(၂)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ကျောင်းသား/သူပေါင်း (၇၇၆၆၄)ဦး တက်ရောက် ပညာသင်ကြာင်းနေကြကြောင်း၊ ၂၀၁၄-၂၀၁၅ပညာသင်နှစ်တွင် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ(၂၃၉၉)ဦးရှိရာမှ (၈၂၈)ဦး ဖြေဆို အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအရ (၃၄.၅၁)ရာခိုင်နှုန်း အောင်မြင်ခဲ့သည်ဖြစ်ကြောင်း။        ။
လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းနှင့်ပတက်သက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခုတစ်ကြိမ်သည် ပထမဦးဆုံးသကဲ့သို့ သင်ယူရာတွင်လည်းကောင်း၊ စည်းကမ်းလိုက်နာရာတွင်လည်းကောင်း၊ သွားလာနေထိုင်ရာတွင်လည်းကောင်း အစစအရာရာ စံပြဖြစ်ရန် လိုအပ်ပါကြောင်း၊ ဒေသဦးစီးအဖွဲ့အနေဖြင့်လည်း သင်တန်းကျောင်းအတွက် လိုအပ်သော Multi-Media Classroom၊ Learning Centreများ၊ Computerများ သုံးစွဲနိုင်ရန် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း၊ သင်တန်းသူ/သားများအနေနှင့် နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ တိုင်းရင်းသား လူမျိုးများအကျိုးကို သယ်ပိုးနိုင်ရန် ကြိုးစားအားထုတ်စေလိုကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာအထူးသင်တန်းကျောင်းကြီး ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်ပေးခဲ့သော ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ ၀ိုင်းဝန်ကူညီပေးကြသော တာဝနှ်ရှိ လူကြီးမင်းများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သွားပါသည်။
ထို့နောက် ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်က ကြွရောက်လာကြသော ပြည်ထောင်စုဝန်ကြီးနှင့် ဆရာ/မများ၊ ဌာနဆိုင်ရာလူကြီးမင်းများနှင့် အထူးဧည့်သည်တော်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါကြောင်း၊ လက်ရှိ ဆရာအတတ်ပညာ ဒီပါလိုမာ အထူးသင်တန်းတွင် သင်တန်းသူ/သား(၁၁၅)ဦး လက်ခံထားကြောင်း၊ သင်တန်းဆင်းလက်မှတ် ရရှိပါက နိုင်ငံတော်အစိုးရ ၀န်ထမ်းအဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသတွင်း လိုအပ်သော ဆရာ/မများကို ၄င်းသင်တန်းမှ မွေးထုတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
 
ခွန်ထင်;လေအောင်;

Powered by Blogger.