Saturday, January 2, 2016

ပအိုဝ်းလူငယ်အစည်းအရုံး(PYO) စတုတ္ထအကြိမ်မြှောက်ညီလာခံကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက်



 ပအိုဝ်းလူငယ်အစည်းအရုံး(PYO) စတုတ္ထအကြိမ်မြှောက်ညီလာခံကို (၃၁.၁၂.၂၀၁၅)နေ့တွင် တောင်ကြီးမြို့၊ Classic စားသောက်ဆိုင်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ PYOညီလာခံ၌ PYO၏ လုပ်ငန်းအစီရင်ခံစာတင်ပြခြင်း၊ PYO၏ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်မှုအတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ် များချမှတ်ခြင်း၊ ဗဟိုကော်မတီအဖွဲ့ဝင်အသစ်ရွေးချယ်ခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့ကြသည်။ PYOစတုတ္ထအကြိမ်မြောက်ညီလာခံ၏ရွေးကောက်တင်မြှောက်မှုအရ PYO၏ဥက္ကဌမှာ ခွန်ထီး၊ ဒုဥက္ကဌမှာ ခွန်မျိုးဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ ခွန်ဦးဖြစ်သည်။
 ထိုPYOညီလာခံ၌ PYOဗဟိုကော်မတီအဖွဲ့ဝင်ဟောင်းနှင့် အစည်းအရုံးဝင်များအပြင် ဖိတ်ကြားထားသော PNLOဥက္ကဌခွန်မြင့်ထွန်း၊ PNOပါတီ၊ ပအမဖပါတီ၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ ရှမ်းအမျိုးသမီးတောင်သူများအဖွဲ့နှင့် ရှမ်းတောင်လူမှုကွန်ယက်စသည့် ဖိတ်ကြားထားသည့် နိုင်ငံရေးအဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များစုစုပေါင်း(၅၆)ဦးခန့် လေ့လာသူများအဖြစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ ယခုအချိန်အခါ၌ ပအိုဝ်းလူငယ်အသွင်ဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းတွင် ယခုညီလာခံကျင်းပနေသော ပအိုဝ်းလူငယ်အစည်းအရုံး(PYO)အပြင် ပအိုဝ်းလူငယ်ကွန်ယက်(PYN)လည်း ရှိနေသဖြင့် နိုင်ငံရေးနှင့်လူမှုရေးအရေးအရာများတွင် ပအိုဝ်းလူငယ်များ ယခင်ထက် ယခုအချိန်အခါတွင် ပိုမိုပါဝင်လှုပ်ရှားဆောင်ရွက်လာကြသည်ကို အားရဖွယ်တွေ့ရှိရပါသည်။

ခွန်လှစိုး
   
Powered by Blogger.