Wednesday, February 10, 2016

နောင်တရားမြို့မဈေးသစ်ကြီး ဖွင့်ပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်


၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၉း၄၅) အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် အသစ်တည်ဆောက် ပြီးစီးသော နောင်တရား မြို့မဈေးသစ်ကြီးဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
ယင်းအခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီမှ ဆုတောင်းမေတ္တာနှင့် သြ၀ါဒချီးမြှင့်ပေးခဲ့ပြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးမှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် နောင်တရားမြို့မဈေးသစ်နှင့် ပတ်သက်သည့် စာရွက်၊ စာတမ်းများအား ကောင်တန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာခွန်စိုးမိုးကျော်မှ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ နောင်တရားမြို့မဈေးသစ် တည်ဆောက်ရေး ကော်မတီ ဥက္ကဌ ဦးခွန်ညွှန့်ရီမှ ဈေးသစ်တည်ဆောက်ရခြင်း အကြောင်းရင်းများနှင့် ဈေးနေ့ပြောင်းလဲသတ်မှတ်ရခြင်း များအတွက်  ရှင်းလင်းတင်ပြခဲ့ပါသည်။ 


ဒေသခံပြည်သူများကိုယ်စား ဦးခွန်ကျော်သောင်းမှ ကြွရောက်လာသော ဧည့်သည်တော်များနှင့် ပရိသတ်အပေါင်းတို့အား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဈေးသစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများကို ဧည့်သည်တော်များထံပေးအပ်ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာနှင့် အခွန်ဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းတို့မှ နောင်တရားမြို့မဈေးသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဈေးသစ်ဖွင့်ပွဲ အခမ်းအနား အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီးကြောင်းကြေညာကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ဈေးသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နံနက် (၁၀း၅၀) နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။ 


ထိုဖွင့်ပွဲအခမ်းအနားသို့ ဧည့်သည်တော်များ ဒေသခံမိဘပြည်သူများ စုစုပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့ပြီး၊ နောင်တရားဈေးမြို့မ ဈေးသစ်ကြီးတွင် ဈေးဆိုင်ခန်းအချို့ရောင်းချရန် ရှိနေသေး၍ အခန်းလိုက်ဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ၊ ဆိုင်ခန်းအမျိုးမျိုးကို နောင်တရားမြို့ ကောင်တန် ကုမ္ပဏီနှင့် ဈေးသစ်ရှိ ယာယီရုံးခန်းတွင် စုံစမ်းဝယ်ယူနိုင်ပါကြောင်း သိရှိရပါသည်။
နန်းရက်ခမ်းထီ (အွံအား)

Powered by Blogger.