တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်
“လူမှန်လျှင် အမှားနှင့် မကင်းနိုင်” ဆိုသည့် ဆိုရိုးစကားရှိပါသည်။ လောကီနှင့်မကင်းသော လူသားတိုင်းသည် ရှုပ်ထွေးလှသော လူ့အရာများနှင့် နေ့စဉ်မပျက် နပန်းလုံးနေရမည်မှာ အမှန်ပင်ဖြစ်၏။ ထို့အပြင် အမှားနှင့်အမှန် ဒွန်တွဲနေသော လောက၏ သဘောသဘာဝကိုလည်း ကျွန်ုပ်တို့ ငြင်းဆန်လို့ မရပေ၊၊ ထို့ကြောင့် ပုထုဇဉ်လူသားများ အမှားနှင့်မကင်းနိုင်သည်မှာ မဆန်းလှပေ။ သို့သော် လူသားများသည် အသိဥာဏ်ရှိသောကြောင့် အမှားများနည်းအောင် နည်းလမ်းအမျိုးအမျိုး ရှာကြံရာမှ“ဝေဖန်ထောက်ပြခြင်း” ဟူသည့် နည်းလမ်းကို တွေ့ရှိခဲ့ဟန်တူပါသည်။ ထို့ကြောင့် ဝေဖန်ထောက်ပြခြင်းသည် လူတစ်ဦး တစ်ယောက်အတွက် အရေးပါသကဲ့သို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း အရေးပါသောကြောင့် လမ်းဖွင့် ကြိုဆိုရမည့် အရာပင်ဖြစ်ပါသည်။
အစစအရာရာ ပြည့်စုံမှုမရှိသေးသော မိမိတို့မြန်မာနိုင်ငံအရေးနှင့် တိုင်းရင်းသားအရေးများအတွက် ဝေဖန်ထောက်ပြခြင်းသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်ဟု ဆိုလျှင်မမှားပေ။ ၎င်းဝေဖန် ထောက်ပြခြင်းကို နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားတစ်ခု အဖြစ်လည်း ရှုမြင်နိုင်ပါသည်။ သို့သော်လည်း ဝေဖန်ထောက်ပြခြင်းနှင့် ပုတ်ခတ်တိုက်ခိုက်ခြင်းကို ကွဲပြားစွာ သိရှိနားလည်ထားရန် လိုအပ်ပါသည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ အဖြစ်အပျက်တစ်ခုခုနှင့် ပတ်သက်၍ အချို့သောသူက မှားနေသည်ကို မှားကြောင်း စေတနာ၊ မေတ္တာတရား ရှေ့ထားပြီး အကျိုးအကြောင်း အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြကြသော်လည်း တချို့သော ပုဂ္ဂိုလ်များကမူ သူတစ်ပါး၏ အားနည်းချက်၊ သူတစ်ပါး၏အမှားကို အခွင့်ကောင်းယူပြီး အပြစ်ဆိုခြင်း၊ ဒေါသသံများနှင့် စော်ကားခြင်း၊ နှိမ်ချခြင်း၊ ရိုင်းစိုင်းစွာ ဆဲဆိုခြင်းများ ပြုလုပ်တတ်ကြပါသည်။ ဤသည်မှာ လူတစ်ဦးတစ်ယောက်အတွက် သော်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် သော်လည်းကောင်း ကောင်းသည့် လက္ခဏာမဟုတ်ပါ။ ထိုသို့ ပြုလုပ်မိပါက မိမိလူမျိုး၊ မိမိအကျင့်စရိုက်၊ မိမိအရည်အချင်းများကို သူတစ်ပါးသိရှိစေရန် ကြော်ငြာလိုက်သည်နှင့် တူပါသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံတိုင်း ဝေဖန်ထောက်ပြခြင်းကို အကျယ်တ၀င့် ခွင့်ပြုထားပြီး ဖြစ်ပါသည်။ သို့သော်လည်း ထိုအခွင့်အရေးကို လိမ္မာပါးနပ်စွာ အသုံးပြုရဦးမည်ဟု ထင်မြင်မိပါသည်။
ယခုတလော စာရေးသူအနေနှင့် ကံဇာတာ စန်းပွင့်နေသည်လားမသိ။ မိမိရေးသော သတင်းများ၊ ဆောင်းပါးများကို ဖတ်ရှုအကဲခတ်သူ အတော်အသင့် ရှိလာသည်ကို သတိထားမိပါသည်။ ထိုသို့ မိမိရေးသော သတင်းများ၊ ဆောင်းပါးများကို ဖတ်ရှုပြီး စေတနာရှေ့ထား၍ ဝေဖန်ထောက်ပြသူများ ရှိသကဲ့သို့ မိမိတို့ ပအိုဝ်းလူမျိုးအချင်းချင်း မငြိမ်သက်မှုဖြစ်အောင်၊ အမုန်းသံသရာရှည်အောင် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ပုတ်ခတ်တိုက်ခိုက်နေသူများလည်း ရှိနေပါသည်။ သို့သော်လည်း မိမိကို အကြံပြု ဝေဖန်ထောက်ပြသူများကို ကျေးဇူးတင်သကဲ့သို့ ပုတ်ခတ်တိုက်ခိုက်သူများကိုလည်း နားလည်ခွင့်လွတ်ရမည့် အချက်လည်း ပါဝင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ခေတ်စနစ်အမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ မျိုသိပ်နေခဲ့ရသော ခံစားချက်များ၊ နာကျည်းချက်များက လွတ်လပ်စွာ ရေးသားဝေဖန်ထောက်ပြခွင့် ပြုထားသော ဒီမိုကရေစီစနစ်သို့ ရောက်လာသောအခါ ပုံစံအမျိုးမျိုးနှင့် ပွင့်အန်လာကြသည်ဟု ဆိုလျှင် မှားမည်မထင်ပေ။ တစ်ဖက်တွင်လည်း ဝေဖန်ထောက်ပြခြင်းနှင့်ပုတ်ခတ်တိုက်ခိုက်ခြင်းကို ကွဲကွဲပြားပြားသိရှိရန် လိုအပ်နေဦး မည်ဟု ထင်မြင်မိပါသည်။ ဝေဖန်ထောက်ပြခြင်းသည် သူတစ်ပါး၏ အမှားကို သူတစ်ပါးအား ပြန်လည်စဉ်းစားဆင်ခြင်နိုင်အောင် ယဉ်ယဉ်ကျေးကျေးဖြင့် အပြုသဘောနှင့် သုံးသပ်ထောက်ပြခြင်းဖြစ်ပြီး မေတ္တာ၊ ပညာ၊ အကြင်နာတရားနှင့် အရင်းခံခြင်းကို ဆိုလိုသည်။ ပုတ်ခတ်ခြင်းမှာမူ ဝေဖန်ထောက်ပြခြင်း နှင့်မတူဘဲ သူတစ်ပါး၏ အမှားကို အခွင့်ကောင်းယူ၍ အပြစ်တင်ခြင်း၊ ဒေါသစိတ်နှင့်ပြောဆိုခြင်း၊ သိက္ခာချခြင်းမျိုးပင် ဖြစ်သည်ဟု မဟာဗောဓိမြိုင်ဆရာတော်က ဆုံးမထားပါသည်။
ဆရာတော် ဆုံးမထားသော ဝေဖန်ထောက်ပြခြင်းနှင့် ပုတ်ခတ်တိုက်ခိုက်ခြင်းကို စာရေးသူ အနေနှင့် အလွန်ပင် သဘောကျပါသည်။ အဘယ်ကြောင့်ဆိုသော် တောက်လောင်နေသော မီးကို ဆူပွက်နေသောရေနှင့် မငြိမ်းစေဘဲ အေးမြသောရေနှင့်သာ ငြိမ်းစေသည်မှာ အန္တရာယ်ကင်းမည့် နည်းလမ်းပင်ဖြစ်သည်ဟု ထင်မြင်မိပါသည်။ တစ်ဖက်တွင်လည်း ဘာသာတရား ကိုင်းရှိုင်းသော လူသားတိုင်း ယဉ်ကျေးမှုရှိရမည် မဟုတ်လော။ ဝေဖန်ထောက်ပြခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းကျောင်းပေးသည့်အရာ ဖြစ်သောကြောင့် လမ်းဖွင့်ကြိုဆိုရမည် မှန်သော်လည်း ပုတ်ခတ်တိုက်ခိုက်ခြင်းမှာမှု အမုန်းတရား များကိုသာ သယ်ဆောင်လာနိုင်သောကြောင့် လူသားတိုင်း ဆင်ခြင်ရမည့်အချက်ပင် ဖြစ်ပါသည်။ တချို့သော ပုဂ္ဂိုလ်များသည် နိုင်ငံရေးကို အလွန်ပင် နားလည်ထားဟန်တူပါသည်။ ပါးစပ်တွင် ဒီမိုကရေစီလူ့အခွင့်အရေးကို အကာအကွယ်ယူပြီး အဖွဲ့အစည်းတစ်ခု၏ ဆောင်ရွက်ချက်များ၊ လူပုဂ္ဂိုလ်တစ်ဦး၏ လုပ်ဆောင်ချက်များကို အကျိုးအကြောင်း ဆီလျော်မှုမရှိဘဲ မမောတမ်း ပုတ်ခတ်တိုက်ခိုက်နေသူများလည်း ရှိနေပါသည်။ ဒီမိုကရေစီ စနစ်သည် ပြောချင်တိုင်းပြော၊ လုပ်ချင်တိုင်းလုပ်လို့ရသည့် စနစ်ဖြစ်သည်ဟု ထင်မြင်နေသလား မသိ။ အကျည်းတန်လှသည်မှာ သူတစ်ပါးကို ပုတ်ခတ်တိုက်ခိုက်ပြောဆိုပြီး မိမိကိုမူ တစ်ပါးသူက ပြန်လည် ဝေဖန်ထောက်ပြပါက မခံမရပ်နိုင်အောင် အမှန်းပွား ဒေါသထွက်နေခြင်းပင် ဖြစ်သည်။
သမိုင်းပေးတာဝန်အရ ယနေ့အချိန်အခါသည် မိမိတို့ ပအိုဝ်းလူမျိုးများ မပျောက်ရန်၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရန်၊ အခြားတိုင်းရင်းသားများနှင့် တန်းတူအခွင့်အရေးရရှိရန် ဟူသော ခေါင်းစဉ်အောက်တွင် သူတစ်မျိုး၊ ကိုယ်တစ်နည်းဖြင့် ဆောင်ရွက်နေသော ကာလဟု ထင်မြင်မိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မတူညီသော အတွေးအခေါ်၊ ကွဲပြားခြားနားသော နည်းလမ်းများ ရှိကောင်းရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။ ထိုမတူညီသော အတွေးအခေါ်၊ ကွဲပြားခြားနားသော နည်းလမ်းများက မတူညီသော အမြင်များ ရှိလာနိုင်သော်လည်း ပအိုဝ်းလူမျိုးများ ရည်မှန်းထားသော ပန်းတိုင်မှာ တစ်ခုတည်းသာ ဖြစ်ပါလိမ့်မည်။ ထိုရည်မှန်းချက်ပန်းတိုင်အား အနှောင့်အယှက်ပေးနိုင်သည့် ပုတ်ခတ်တိုက်ခိုက်ခြင်းကို ရှောင်ကြဉ်သင့်သည် ဟု ထင်မြင်မိပါသည်။
ခက်ခဲရူပ်ထွေးလွန်းသော နိုင်ငံရေးလောကတွင် အခြားသူ၏ အသုံးချမှုကို မခံရလေအောင် ခေတ်ပညာတတ် ပအိုဝ်းလူငယ်များအနေနှင့် ပညာနှင့်သတိကို ယှဉ်တွဲထားရန် လိုအပ်ပါသည်။ တစ်ခါတစ်ရံတွင် မိမိတစ်ဦးတစ်ယောက်၏ ခံစားချက်က မိမိတို့ပအိုဝ်းတစ်မျိုးသားလုံး၏ အရေးကို မထင်မှတ်ဘဲ ထိခိုက်လာနိုင်၏။ နက်ရှိုင်းလွန်းသော နိုင်ငံရေးလောကတွင် မိမိဘက်ကမှန်သည်ဟု ထင်သော်လည်း အများအတွက် အကျိုးမရှိပါက ရှေ့တန်းမတင်သင့်ပေ။ မည်သို့ပင် ဖြစ်စေကာမူ ယခုလက်ရှိ မိမိတို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများသည် ပအိုဝ်းအမျိုးသားအရေးကို ထမ်းဆောင်နေသော ပအိုဝ်းလူမျိုးများသာ ဖြစ်သောကြောင့် မိမိတို့ပအိုဝ်းတစ်မျိုးသားလုံး ရည်မှန်းထားသော ပန်းတိုင်သို့ ရောက်ရှိလိုပါက တစ်ဦးပေါ်တစ်ဦး ယဉ်ကျေးသိမ်မွေ့ပြီး အပြုသဘောဆောင်သော အကျိုးအကြောင်းဆီလျော်မှု၊ အချက်အလက်တိကျမှုဟူသော ဝေဖန်ထောက်ပြခြင်းနှင့်သာ ခရီးဆက်စေလိုကြောင်း တိုက်တွန်းလိုက်ရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS