မိမိတို့ပအိုဝ်းလူမျိုးတို့၏
နေထိုင်ရာ ရွာအနေအထား၊ နေထိုင်မှုပုံစံ၊ ဘုရားစေတီ၊ လမ်း၊ ရေကန်၊ စိုက်ပျိုးရေးစသည်တို့ကို
လေ့လာပါက ပအိုဝ်းလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို သိရှိနိုင်မည် ဖြစ်သည်။ ရှင်သန်နေသော
ပအိုဝ်းယဉ်ကျေးမှုများသည် ခိုင်မာသော ပအိုဝ်းသမိုင်းပင် ဖြစ်သည်။ ယခု အချိန်အခါတွင် ပအိုဝ်းတို့၏ လူနေမှုအဆင့်အတန်း
ပြန်လည်ဦးမော့လာပြီဖြစ်သည်။ ပအိုဝ်းလူမျိုးသည် ရိုးသားဖြူစင်၍ အဓိကအားဖြင့် တောင်ယာများဖြင့်သာ
အသက်မွေးကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးသားဖြူစင်ပြီး နွေးထွေးပျူငှာသော အပြုံးများသည်
အလွန် ချစ်စရာကောင်းလှသည်။ ပအိုဝ်းဒေသရှိ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာရှုမြင်ကြပါဦးစို့။
လှပသော
တောင်ကြီးမြို့ကို ဝိုင်းရံထားသည်မှာ ယဉ်ကျေးမှုမြင့်မားသော ပအိုဝ်းကျေးရွာများပင် ဖြစ်သည်။
တောင်ကြီးမြို့ဝန်းကျင်ရှိ ပအိုဝ်းကျေးရွာများသည် အရင်နှင့်မတူအောင် ဖွံ့ဖြိုးတိုးတက်လာရုံမျှမက
လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသည်မှာ လက်တွေ့မျက်မြင်ပင် ဖြစ်သည်။
တောင်ကြီးဝန်းကျင်ရှိ ပအိုဝ်းဒေသ၏ အဓိက စိုက်ပျိုးသီးနှံများမှာ သနပ်ဖက်၊ ကြက်သွန်ဖြူ၊ ပြောင်းဖူး၊ ပဲစင်းငုံ၊ စတော်ဘယ်ရီ၊ ထောပတ်သီး စသည်တို့ဖြစ်သည်။ ပအိုဝ်းလူမျိုးသည် တောင်ယာများဖြင့် အသက်မွေးကာ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်သည့် ရှင်ပြုပွဲ၊ အလှူအတန်းပွဲ၊ တပေါင်းလ ပအိုဝ်းအမျိုးသားနေ့ဖြစ်သည့် ဒဲဉ်သီးလာဗွေပွဲတော်နှင့် မီးရှုး/ဒုံးလွှတ်ပွဲများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိသည်။ တောင်ကြီးမြို့တောင်ဘက်ရှိ ကန်ကြီးရပ်ကွက်တွင် ပအိုဝ်းတစ်မျိုးသားလုံးဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း)နှင့် ဒဲဉ်သီးဗွေခန်းမသည်လည်း ခမ်းနားထည်ဝါစွာ ရပ်တည်နေပါသည်။ တောင်ကြီးမြို့ တောင်ဘက်(၅)မိုင်ခန့်အကွာတွင် မျိုးဆက်သစ်လူငယ်များ ပညာသင်ကြားနိုင်ရန် ပညာဒါနကျောင်း ဖြစ်သည့် လုံးကောင်ပရဟိတကျောင်းကို ဖွင့်လှစ်ထားသည်။ လွယ်ကောင်းရွာနှင့် မလှမ်းမဝေးဖြစ်သော အနောက်ဘက်ရှိ ဖာမွန်းရွာ၏ သမိုင်းဝင် ပိုလ်ကျော်ခေါင်စေတီကို ဖူးမြော်ရသည်မှာ စိတ်ကြည်နူးမိသည်။

တောင်ကြီးတောင်ဘက်သို့
ဖြောင့်ဖြူးသော ကားလမ်းမကြီးအတိုင်း ဆက်သွားပါက ကျောက်တလုံးကြီးမြို့သို့ ရောက်ရှိမည်။
ကျောက်တလုံးကြီးမြို့သို့ မရောက်ခင် မွေတော်ကက္ကူသို့သွားနိုင်ရန်
ဆိုင်းဘုတ်ကို ထင်ရှားစွာ စိုက်ထူထားပါသည်။ အထင်ကရဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသရှိ သမိုင်းဝင်မွေတော်ကက္ကူဘုရားကို ဖူးတွေ့ရသည်မှာ စိတ်ကြည်နူးဖွယ်ကောင်းလှပါသည်။
မွေတော်ကက္ကူ ဘုရားတွင် ညောင်ပင်ကြီး အရိပ်အောက် စီတန်းထားသော ဈေးဆိုင်တန်းများနှင့်
ကမ္ဘာလှည့်ခရီးသွားများအတွက် အဆင့်မြင့် စားသောက်ဆိုင်များ ရှိသည်။ သမိုင်းဝင် မွေတော်ကက္ကူဘုရားသည်
ဘုရားဖူးများ၊ ကမ္ဘာလှည့် ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ကောင်းသည့် နေရာဖြစ်သည့်အပြင်
တစ်နှစ်ထက်တစ်နှစ် ဘုရားဖူးများ၊ ကမ္ဘာလှည့်ခရီးသွားများ များပြားလာသည်ကို တွေ့ရပါသည်။
မွေတော်ကက္ကူမှ
ကျောက်တလုံးကြီးမြို့သို့ ဆက်သွားပါက ကျောက်တလုံးကြီးမြို့၏ အေးမြသော လေပြေနှင့်အတူ
ကျောက်တလုံးကြီးမြို့၏ တောတောင်သဘာဝအလှကို ခံစားနိုင်မည်။ ကျောက်တလုံးကြီးမြို့ ဂုဏ်ဆောင်သော၊
အထင်ကရဖြစ်သည့် မြို့၏အရှေ့ဘက်တောင်ပေါ်ရှိ သမာဓိကျောက်တလုံးကြီးကို အံ့မခန်းတွေ့ရသည်။
ကျောက်တလုံးကြီးမြို့သည် မိမိတို့ ပအိုဝ်းခေါင်းဆောင်ကြီးဦးအောင်ခမ်းထီ နေထိုင်သည့်မြို့
ဖြစ်သည်။ ကျောက်တလုံးကြီးမြို့နှင့် အနီးအနားရှိ ကျေးရွာများသည် သနပ်ဖက်၊ ကြက်သွန်ဖြူ၊
စပါး၊ ပြောင်းဖူး၊ လိမ္မော်သီး၊ သခွားသီး စသည်တို့ကို စိုက်ပျိုးကြသည်။ ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းတိုင်းရင်းသားများသည်
ရိုးသားဖြူစင်၍ ရိုးရာယဉ်ကျေးမှု မပျောက်ကွယ်အောင် လူကြီး၊ လူငယ်များက ရိုးရာဝတ်စုံများကိုသာ
အမြဲဝတ်ဆင်လေ့ရှိသည်မှာ ချစ်စရာကောင်း၍ ထူးခြားလှသည်။ ကျောက်တလုံးကြီးမြို့အနီး နောင်ခဲကျေးရွာရှိ
ပအိုဝ်းတိုင်းရင်းသားတို့သည် ပအိုဝ်းရိုးရာ အသုံးအဆောင် ဖြစ်သည့် ပအိုဝ်းလွယ်အိတ်ကို
ရက်လုပ်ကြပါသည်။ နောင်ခဲပအိုဝ်းရိုးရာလွယ်အိတ်သည် နာမည်ကျော်၍ လူကြိုက်များသည်။
(၂၀၀၈)
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားများ သဘောတူညီချက်အရ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို
ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း မြို့နယ်(၃)မြို့နယ်ဖြင့် ဖွဲ့စည်း
သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်(၃)မြို့နယ်၏
ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြပါအုံးစို့။
ဟိုပုံးမြို့နယ်သို့ရောက်ရှိသောအခါ
သာယာဖြောင့်ဖြူးသော ကားလမ်းဖြင့် ဟိုပုံးမြို့၏ အထင်ကရ ဖြစ်သော သီရိမင်္ဂလာရွှေချမ်းသာ
မွေတော်ဘုရား၊ ထမ်းစမ်းသဘာဝလိုဏ်ဂူရှိ ဘုရားများကို ဖူးတွေ့ရမည်။ မြို့မဆည်တွင်လည်း ပျော်ပျော်ရွှင်ရွှင်
ရေကစားနိုင်သည့်အပြင် ဟိုပုံးမြို့ရှိ ဖရဲသီး၊
စတော်ဘယ်ရီစသည့် သီးနှံများကို စားသုံးနိုင်မည်။ ဟိုပုံးမြို့နယ်၏ထွက်ကုန်များမှာ ထောပတ်သီး၊
သနပ်ဖက်၊ ကော်ဖီ၊ စပါး၊ ကြက်သွန် စသည်တို့ဖြစ်သည်။ ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏
ဒေသဦးစီးရုံးသည်လည်း မြို့၏ အရှေ့မြောက်ဘက်တွင် ခမ်းနားထည်ဝါစွာ ရပ်တည်နေသည်။ ဟိုပုံးမြို့နယ်မှ
ဆီဆိုင်မြို့နယ်သို့ ဆက်သွားလျှင် လွယ်မောတောင်တန်းကြီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်နေသော
ဆိုက်ခေါဝ်စံပြကျေးရွာကို တွေ့ရမည်။ ဆီဆိုင်မြို့၏အလှနှင့် သာယာလှပသော နောင်ထောဝ်ကန်ကြီး၏ သဘာဝအလှသည် ထူးခြားသည့်
ခံစားမှုကို ပေးစွမ်းပေးသည်။ ဆီဆိုင်မြို့၏ နာနတ်သီးကို စားဖူးသည့်သူတိုင်း ဆီဆိုင်မြို့၏
နာနတ်သီးအရသာ အလွန်ထူးသည်ဟု ချီးကျူးသူများမှာ မနည်းတော့ပါ။ ဆီဆိုင်မြို့နယ်၏ အဓိကထွက်ကုန်မှာ
ပြောင်းဖူး၊ ဆေးရွက်ကြီး၊ ကြက်သွန်ဖြူ၊ စပါး စသည်တို့ဖြစ်သည်။ ယခင်က ဆီဆိုင်မြို့နယ်ကို
သထုံလေး ဟုလည်း ခေါ်တွင်ခဲ့သည်ဟု သိရသည်။
ဆီဆိုင်မြို့မှ
ပင်လောင်း၊ နောင်တရားမြို့များသို့ ခရီးဆက်လျှင် ပင်လောင်း၊ နောင်တရားမြို့ များသည်
တောင်ကုန်း၊ တောင်တန်း ကြားတည်ထားသော မြို့များဖြစ်၍ ဆောင်းရာသီတွင် အအေးဒဏ် လွန်ကဲလွန်းလှသည်။
ပင်လောင်းမြို့နယ်ရောက်ပါက သမိုင်းဝင်လုံးနဂါးပတ်ဘုရား၊ အလောင်းစည်သူမင်း တည်ထားသော
လွယ်ကောင်းဘုရား၊ မြင်းမထိ သဘာဝလိုဏ်ဂူနှင့် တောင်ထီဗွာ သဘာဝ လိုဏ်ဂူ အံ့အားတင့်စွာ
ဖူးတွေ့ရမည်။ အထင်ကရနေရာဖြစ်သော လိန်းလီတံတား၊
စင်းစင်းရေတံခွန်ကိုလည် ရှုမြင်ရပါသည်။ ပင်လောင်းမြို့နယ်၏ ထွက်ကုန်များမှာ အာလူး၊
လိမ္မော်၊ သစ်တော်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူ၊ လက်ဖက် အစရှိသည်များဖြစ်သည်ဟု မိမိလက်လှမ်းမီသမျှ
တင်ပြလိုက်ရပါသည်။
ခေတ်အဆက်ဆက်မှ ယခုအချိန်အခါထိ
ပအိုဝ်းဒေသခေါင်းဆောင်များသည် မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားပမ်းစား
ဆောင်ရွက်ပေးနေသည်မှာ ပအိုဝ်းဒေသတစ်ခွင်ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။ နောက်ဆုံးတွေ့ရှိမှုအနေဖြင့် ယခု (၂၀၁၆) ခုနှစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်
ပညာရေးဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဒေသခံ ဆရာ/မများကို မွေးထုတ်ပေးနိုင်မည့် လုပ်ငန်းခွင်အကြို
ဆရာအတတ်ပညာ ဒီပလိုမာအထူးသင်တန်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည်မှာ စိတ်ကျေနပ်ဖွယ်
ကောင်းလှပါသည်။
စည်းလုံးညီညွတ်သော ပအိုဝ်းအမျိုးသားနှင့် ဒေသခံတိုင်းရင်းသားများ၏ အားမာန်ဖြင့် ကြိုးစားတည်ဆောက်ခဲ့မှုကြောင့် လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုကြောင့် လည်းကောင်း၊ ဒေသခေါင်းဆောင်တို့၏ ဦးဆောင်လမ်းညွှန်မှုကို လိုက်နာဆောင်ရွက်ခဲ့မှုကြောင့် လည်းကောင်း ပအိုဝ်းဒေသ၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှု ကိုအားရကျေနပ် တွေ့မြင်နေရခြင်း ဖြစ်ပါတော့သည်။

နင်,ခမ်းရတနာ;(ခမ်းစန္ဒာ;ဟေ့,)
Like On Facebook
Follow On Twitter
Subscribe On RSS