Saturday, February 20, 2016

တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားများ မောင်မယ်သစ်လွင်ကြိုဆိုနှုတ်ဆက်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်





အနယ်အနယ်အရပ်ရပ်မှ တက်ရောက်ပညာသင်ယူနေကြသော ပအိုဝ်းတိုင်းရင်းသား/သူများ အချင်းချင်း ခင်မင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စည်းလုံးညီညွတ်မှုပိုမိုရရှိစေရန် ရည်ရွယ်ပြီး ဒီကနေ့ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်၊ စနေနေ့၊ တောင်ကြီးတက္ကသိုလ်ရှိ ဘက်စုံခန်းမတွင် ပအိုဝ်းတိုင်းရင်းသားများက မောင်မယ်သစ်လွင်ကြိုဆိုနှုတ်ဆက်ပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ ၂၀၁၅-၂၀၁၆ပညာသင်နှစ် တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားများ ပြုလုပ်ကျင်းပသော ကျောင်းသား/သူသစ်များကို ကြိုဆိုပြီး ကျောင်းသား/သူဟောင်းများကို နှုတ်ဆက်သော မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/မများ၊ ဒေသခံရပ်မိရပ်ဖများနှင့် တောင်ကြီးတက္ကသိုလ် ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်မှ အဖွင့်အမှာစကားပြောကြားကာ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ဥက္ကဌဦးခွန်ဝင်းကိုနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်တို့က ပညာရေးနှင့်ပတ်သက်၍ တိုက်တွန်း အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီဥက္ကဌ ဒေါက်တာခင်လေးရီက တက္ကသိုလ်ကျောင်းသား/သူများအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားကာ စတုတ္ထနှစ် ကျောင်းသား/သူများကိုယ်စား ဘူမိဗေဒအထူးပြု ခွန်ဇော်လေးမှ နှုတ်ဆက်စကား ပြောကြားပြီး ပထမနှစ်ကျောင်းသား/သူများကိုယ်စား ဘူမိဗေဒအထူးပြု နန်းမေထက်ကြူမှ ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားခဲ့ပါသည်။
ထို့နောက် တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီမှ တောင်ကြီးတက္ကသိုလ် ဓမ္မာရုံနှင့် ဆေးရုံ တို့အတွက် အလှူငွေပေးအပ်ခဲ့ကြောင်း၊ ဆက်လက်၍ ဆုရ ကျောင်းသား/သူများအား ဆုချီးမြှင့်ကာ ပအိုဝ်းယိုးယာ အကပဒေသာတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပထမနှစ် ကျောင်းသား/သူများကို King Queenနှင့် Prince Princess ရွေးချယ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ထင်;ထို

Powered by Blogger.