Saturday, February 20, 2016

စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့် တိုးတက်အောင်ပြုလုပ်ခြင်း(Start and Improve Your Business-SIYB) သင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဖွင့်လှစ်


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဆီဆိုင်မြို့နယ်တို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)၏ သင်ရိုးညွန်းတမ်းနှင့် နည်းပညာထောက်ပံ့မှုဖြင့် စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့် တိုးတက်အောင်ပြုလုပ်ခြင်း(Start and Improve Your Business-SIYB) သင်တန်းကို ၂၀၁၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့၊ နံနံ(၁၀း၀၀)အချိန်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်မြို့၊ ဘုရားဖြူရပ်ကွက်၊ ဘုရားဖြူခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုအလုပ်အမှုဆောင်၊ ဦးခွန်လှမြင့်မှ အားပေးစကားပြောကြားရာတွင် '' ယခုသင်တန်းမျိုးကို မိမိအသက်ကြီးပြီး ဆံပင်ဖြူလာသည်အထိ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသကဲ့သို့ တက်ရောက်ခဲ့ဖူးသည်လည်းမရှိခဲ့ကြောင်း၊ တက်ရောက်လာသည့် သင်တန်းသူ/သားများသည် မိမိတို့ခေတ်ကာလနှင့် နှိုင်းယှဉ်ကြည့်ပါက အလွန်ကံကောင်းသည့်ပုဂ္ဂိုလ်များဟု မိမိအနေဖြင့်တင်စားလိုကြောင်း၊ သင်တန်းသူ/သားများအနေဖြင့် သင်ခန်းစာပါအကြောင်းအရာများကို စနစ်တကျမှတ်သားပြီး သင်တန်းကာလပြီးဆုံးပါက လက်တွေ့ပြန်လည်အသုံးချစေလိုကြောင်း၊ သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်စေလိုကြောင်း'' အားပေးစကား ပြောကြားခဲ့ပါသည်။
ထိုသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနမှ ခွန်ရဲအောင်၊ ခွန်ကျော်ထွန်းနှင့် နန်းလှကြည်တို့က ဦးဆောင် ဆွေးနွေးပေးနေကြောင်း၊ သင်တန်းကာလမှာ ၂၀၁၆-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်သူ(၁၅)ဦးရှိပါသည်။ အလားတူသင်တန်းကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲရုံး၊ နောင်ကားရွာတွင် စတင်ဖွင့်လှစ်ပြီး လက်ရှိတွင်လည်း ဖွင့်လှစ်နေဆဲဖြစ်ကြောင်းနှင့် နောင်တရားမြို့နယ်ခွဲရုံး၊ နောင်တရားမြို့တွင်သော်လည်းကောင်း၊ ပင်လောင်းမြို့နယ်ရုံး၊ ပင်လောင်းမြို့တွင်သော်လည်းကောင်း၊ ညောင်ရွှေမြို့နယ်၊ ထီရီးအုပ်စု၊ ထီခိုး(ရေပူ)ရွာတွင် သော်လည်းကောင်း ဆက်လက်ဖွင့်လှစ်သွားရန် ရှိကြောင်း သိရှိခဲ့ရပါသည်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနမှ ဌာနမှူး ခွန်ဆောင်းရွှေ ပြောကြားချက်အရ " မြို့နယ်များသို့ ကွင်းဆင်းသင်တန်းမဖွင့်လှစ်ခင်ကာလတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)တို့ပူးပေါင်းပြီး ဆရာဖြစ်သင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ၂၀၁၅-ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိသော်လည်းကောင်း၊ ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိသော်လည်းကောင်း ဖွင့်လှစ်ပို့ချခဲ့သည်"ဟု သိရှိခဲ့ရပါသည်။

ခွန်ယွေးယဲင် (စန္တားဟေ့,)

Powered by Blogger.