Monday, February 29, 2016

ယဉ်ကျေးသိမ်မွေ့ ပအိုဝ်းတိုင်းရင်းသားတို့၏ ဓလေ့


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၁) ရက်



ပအိုဝ်းတိုင်းရင်းသားတို့သည် BC1000ခန့်တွင် သထုံဒေသ၌ အခြေချနေထိုင်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးသည် မွန်ဂိုမျိုးနွယ်မှ ပေါက်ဖွားဆင်းသက်လာကြသူများ ဖြစ်သည်ဟု မနုသဗေဒပါရဂူကြီးများက မှတ်ချက်ချခဲ့ပါသည်။ ရှေးနှစ်ပေါင်းများစွာ ပဝေသဏီက အောက်ပါအုပ်စုကြီး သုံးစုခွဲကာ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်နေထိုင်လာကြသည်ဟု ယူဆကြသည်။ ၎င်းတို့မှာ -
(၁) မွန် - ခမာအုပ်စု
(၂) တိဗက် - မြန်မာအုပ်စု
(၃) ထိုင်း - တရုတ်အုပ်စု တို့ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် တိဗက် - မြန်မာအုပ်စုတွင် ပါဝင်ပါသည်။ ပအိုဝ်းအမျိုးသားတို့မှာ ရှေးအခါကတည်းက မြန်မာတို့နှင့် အဆက်အသွယ်ရှိခဲ့သည်။ ပုဂံကျောက်စာတွင် တောင်သူဟု ရေးသားဖော်ပြထားသည်။ ရှမ်းနှင့်မြန်မာတို့က ယင်းတို့အား “တောင်သူ” ဟုခေါ်ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် အများအားဖြင့် တောင်ပေါ်ဒေသတွင် နေထိုင်ကြသည်ဖြစ်ပြီး မိမိတို့ကြိုက်နှစ်သက်ရာ နေရာဖြစ်သောကြောင့်  ကိုယ့်အားကိုယ်ကိုးပြီး တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ရိုးသားကြိုးစားပြီး မြေကြီးကို ရွှေသီးလာနိုင်အောင်လည်း လုပ်ကိုင်ရှာဖွေစားသောက်ကြသည်။ အဓိကစိုက်ပျိုးရေးလုပ်ငန်းမှာ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ်၊ လက်ဖက်၊ သနပ်ဖက် စသည်တို့ကို အများအားဖြင့် စိုက်ပျိုးကြသည်ကို တွေ့မြင်နေရပါသည်။ ၎င်းတို့စိုက်ပျိုးရေးမှ ရရှိလာသည့် အကျိုးအမြတ်ထဲမှ စုဆောင်းထားသည့်ငွေများကို အလှူအတန်းများပြုလုပ်ကြပါသည်။




ပအိုဝ်းတိုင်းရင်းသားများမှာ အများအားဖြင့် ဗုဒ္ဓဘာသာဝင်များဖြစ်သောကြောင့် ဘာသားရေးဆိုင်ရာပွဲများကို နှစ်စဉ်နှစ်တိုင်း စုပေါင်းရှင်ပြု အလှူတော်မင်္ဂလာပွဲတော်ကြီးကို  တပေါင်းလ၊ တန်ခူးလအချိန်တွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သည်ကို တွေ့မြင်နေရပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် စေတနာ သဒ္ဓါတရား ထက်သန်စွာ အလှူအတန်း၊ အပေးအကမ်း၊ အကျွေးအမွေး အလွန်ပင်ရက်ရောကြပါသည်။  အလှူအတန်း ရက်ရောပုံမှာ ရွာလုံးကျွတ်မီးခိုးတိတ်သဖွယ် ကျွေးမွေးနိုင်ကြပါသည်။ ထို့ကြောင့် “တမူးရှိလို့ တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဆိုသည့်သီချင်းစာသားများပင် သီကုံးဖွဲ့နွဲ့သီဆိုကြသည်။ ဤသီချင်းနှင့်အညီ ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း မွန်မြတ်လှသည့် အလှူအတန်း ပွဲတော်ကြီး ကျင်းပရာတွင် ရပ်နီးရပ်ဝေးရှိ မိဘပြည်သူအပေါင်း ဖိတ်ကြားလျက်ရှိသည့်အပြင်  မည်သူမဆို လာရောက်လေ့လာ ရှုမြင်နိုင်ပါကြောင်း ရပ်နီးရပ်ဝေးမှ ရောက်ရှိလာသည့်ဧည့်သည်တော်များကိုလည်း လှိုက်လှဲပျူဌာသော ပအိုဝ်းတိုင်းရင်းသားသူ/ သားများသည် ဧည့်ဝတ်ကျေပွန်စွာဖြင့် ဖော်ဖော်ရွေရွေ ဧည့်ခံကြိုဆိုနေပုံကိုလည်း တွေ့မြင်ရပါမည်။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်များတွင် ရပ်ရွာတွင်းရှိ လူပျို၊ အပျိုများ၊ ရွာလုံးကျွတ် ရွာသူ/သားများသာမက ရပ်နီးရပ်ဝေးရှိ ဒေသခံပြည်သူအပေါင်းတို့မှလည်း ပွဲဖြစ်မြောက်အောင်မြင်ပြီးဆုံးသည်အထိ အတူအကွ တက်ညီလက်ညီ ဝိုင်းဝန်းကူညီဆောင်ရွက်ကြသည်ကို မြင်တွေ့နေရပြီး ပအိုဝ်းတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်း ဂုဏ်ကိုဖော်ဆောင်သည့် သွင်ပြင်လဏ္ခာတစ်ရပ်ပင် ဖြစ်သည်ဟုဆိုနိုင်ပါသည်။




ထို့အပြင်  တပေါင်းလပြည့်နေ့ဖြစ်သည့် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ကြီးကိုလည်း အများအားဖြင့် ပအိုဝ်းတိုင်းရင်းသားအများဆုံး နေထိုင်ရာဒေသတွင် နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြပါသည်။ တိုင်းတပါးရောက် ပအိုဝ်းလူငယ်မောင်မယ်များသည်လည်း အစဉ်အလာမပျက်ဘဲ မိမိတို့ရောက်ရှိနေသည့်နိုင်ငံတွင် အမျိုးသားနေ့ပွဲတော်ကြီးကို စည်းကားသိုက်မြိုက်စွာ ကျင်းပနေသည်ကိုလည်း တွေ့မြင်နေရပါသည်။ တပေါင်းလပြည့်နေ့ဖြစ်သော ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းပြည်သူတစ်ရပ်လုံးအတွက် အထွဋ်အထိပ်ထားသည့် မြတ်နိုးတန်ဖိုးထားသည့် နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မိမိ၏လုပ်ငန်းများကို ဆိုင်းငံ့ထားပြီး အလေးအနက်ထားကျင်းပကြပါသည်။  ပအိုဝ်းအမျိုးသားပွဲတော်ကြီး ကျင်းပရာတွင်  ချစ်မြတ်နိုးဖွယ်ကောင်းလှသည့် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်အင်္ဂါလက္ခဏာရပ်များကို သရုပ်ဖော်တင်ဆက် ကပြဖျော်ဖြေပေးသွားမည့် ပအိုဝ်းတိုင်းရင်းသား/သူများ အဆို၊ အကနှင့် ရိုးရာယဉ်ကျေးမှုအလှများကို မျှော်ကြည့်ရင်း ပအိုဝ်းတိုင်းရင်းသားများ၏ လူနေမှုအဆင့်အတန်းများ၊ ယဉ်ကျေးမှုအဆင့်အတန်းများကိုလည်း လေ့လာတွေ့ရှိနိုင်မည်ဖြစ်သည်။
အစဉ်အလာအရ ကျင်းပလာသည့် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကြီးသည် လာမည့်  ၂၀၁၆ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ တပေါင်းလပြည့်နေ့တွင် (၆၇) ကြိမ်မြောက် ရောက်ရှိလာလေပြီ ဖြစ်သောကြောင့် (၆၇) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကြီးကို တောင်ကြီးမြို့နယ်၊ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးလာဗွေကွင်း)တွင် ၂၀၁၆ ခုနှစ်၊ မတ်လ(၁၈) ရက်နေ့မှ မတ်လ(၂၄) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် ပအိုဝ်းအမျိုးသားပွဲတော်ကြီးကို လာရောက်ရှုမျှော်ရင်း ယဉ်ကျေးသိမ်မွေ့သည့် ပအိုဝ်းတိုင်းရင်းသားတို့၏  ဓလေ့ထုံးတမ်းများအကြောင်းကို အစေ့တစောင်းလေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။ ထို့အတူ အနယ်နယ်အရပ်ရပ်မှ ပအိုဝ်းတိုင်းရင်းသား လူဦးရေအများဆုံး နေထိုင်သည့်ဒေသတွင်လည်း  ပအိုဝ်းအမျိုးသားပွဲတော်ကြီး နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်ကို တွေ့မြင်နေရသောကြောင့်  ပအိုဝ်းတစ်မျိုးသားလုံးကိုယ်စား လှိုက်လှဲနွေးထွေးပျုဌာစွာ ဖိတ်ခေါ်ရင်း မိမိတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို လေ့လာသိရှိနိုင်အောင် စာရေးသူပအိုဝ်းပြည်သူအနေဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြရင်း နိဂုံးချုပ်လိုက်ရပါသည်။

နန်အွဉ်ရက်ခွို, (ခမ်းစန္တား)

Powered by Blogger.