Wednesday, February 17, 2016

နိုင်ငံ့အကျိုးဝိုင်းသယ်ပိုး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီလမ်းစဉ်ပေါ် လျှောက်လှမ်းလာခဲ့သည်မှာ ယခုဆိုလျှင် ပထမအကြိမ်လွှတ်တော် သက်တမ်း(၅)နှစ်ပြီးဆုံးသွားလို့ ဒုတိယအကြိမ်လွှတ်တော် သို့ပင် ရောက်နေပါပြီ။ ပြည်သူများအားကိုး ယုံကြည်သော ကိုယ်စားလှယ်များ၊ ပြည်သူများရွေးချယ်သော ကိုယ်စားလှယ်များကလည်း ပြည်သူ့အကျိုးအတွက် လွှတ်တော်တွင် စတင်ထမ်းဆောင် နေပေပြီ။ ကိုယ်စားလှယ်များအထဲတွင် အချို့လည်း လွှတ်တော်အတွေ့အကြုံများ ရှိပြီးသူများဖြစ်သလို၊ အချို့မှာ ယခုမှပင် လွှတ်တော်တက်ဖူးသော အသစ်စက်စက် ကိုယ်စားလှယ်များပါဝင်သည်။ လွှတ်တော်အတွေ့အကြုံရှိသူများလို့ ဆိုရာမှာ ပထမအကြိမ်လွှတ်တော် သက်တမ်းမျှလောက်သာရှိသည်။ ထိုသက်တမ်းသည် အခြားဒီမိုကရေစီနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်တရာမှ နုနယ်နေသေးသည်။ ဒီမိုကရေစီလျှောက်လှမ်းခါစ မြန်မာနိုင်ငံမှာ ပြဿနာမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံ၊ ဝေဖန်မှုမျိုးစုံနှင့် ရင်ဆိုင် ကြုံတွေ့ရပေသည်။ တိုင်းရင်းသားအရေးနှင့် သက်ဆိုင်သောကိစ္စရပ်များကို ဆွေးနွေးခြင်း၊ ညှိနှိုင်း ခြင်းများရှိခဲ့သည်။ တချို့ကိစ္စများကို အစိုးရအနေဖြင့် ဖြေရှင်းနိုင်ခဲ့သော်လည်း အများစုမှာဝေဖန်မှု များရှိနေဆဲ၊ လွှတ်တော်မှာလည်း ခေတ်နှင့်လျော်ညီသော ဥပဒေများကိုပြုနေဆဲ၊ အဖက်ဖက်မှ စိန်ခေါ်မှု ရှိနေဆဲဖြစ်သည်။  လက်ရှိအစိုးရအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကျန်ရှိနေဆဲ၊ ကြိုးပမ်းနေဆဲဖြစ်သည်။ အစိုးရမှလည်း ပြည်သူများ လိုလားသော ထာဝရငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်သကဲ့သို့ လက်နက်ကိုင်များမှလဲ ငြိမ်းချမ်းရေး တည်ဆောက်ရန် လုပ်ဆောင်လာကြသည်။ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူသည်တော့မဟုတ် နှစ်ဦး နှစ်ဖက် ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ နေထိုင်သွားလာမှုများကိုပါ ထည့်သွင်း စဉ်းစားဆွေးနွေးကြပြီး နှစ်ဦးနှစ်ဖက်မှညှိနှိုင်းကာ သဘောတူညီမှုများ ရယူရသည်။ ပြည်သူများမှလည်း နှစ်ပေါင်း (၆၀)ကျော်ကြာခံစားလာရသော စစ်ဘေးစစ်ဒဏ်မှ လွတ်မြှောက်လိုကြသည်။ ငြိမ်းချမ်းရေးရရှိရန် လိုလားနေကြသည်။ ငြိမ်းချမ်းမှသာလျှင် မိမိတို့စိတ်ချမ်းသာစွာဖြင့်နေနိုင်၊ သွားလာနိုင်မည် လုံခြုံသောလူမှုဘ၀ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ လွှတ်တော်တွင်း လွှတ်တော်ပြင်ပများမှလည်း အားလုံးဝိုင်းဝန်းပူးပေါင်းကာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေကြသည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် တိုင်းရင်းသားများကို သိသာထင်ရှားစွာ နေရာပေးမှု မရှိခဲ့သော်လည်း ယခုလွှတ်တော် ဒုတိယအကြိမ်သက်တမ်း အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားများကို သိသာထင်ရှားစွာ နေရာပေးမှုများရှိလာသည်။ ယခုလွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌနေရာနှင့် အမျိုးသားလွှတ်တော်ဥက္ကဌနေရာများတွင် တိုင်းရင်းသား ကိုယ်စားလှယ်များအား ပေးအပ်ထားသည်ကို မြင်တွေ့နိုင်ပါသည်။ ဤအရာကိုကြည့်ခြင်းအားဖြင့် လာမည့်အစိုးရအနေဖြင့် ဌာနဆိုင်ရာများတွင်လည်း တိုင်းရင်းသားများ စုံညီစွာ ပါဝင်လာနိုင်သည်။ တိုင်းရင်းသားအရေးများကို ဦးစားပေးလုပ်ဆောင်သွားမည့် အလားအလာရှိနေသည်။ တိုင်းရင်းသားများအနေဖြင့် မျှော်လင့်ထားကြသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးကို  ယခုတက်လာမည့် အစိုးရသစ်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောစနစ်ကို တည်ဆောက်နိုင်မည်လား ဆိုသည်ကို လေ့လာစောင့်ကြည့်ရမည်သာ ဖြစ်သည်။
တဖက်တွင်လည်းအချိုးညီညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည်။ ထိုသို့ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် အစိုးရနှင့်ပြည်သူ ပူးပေါင်းပါဝင်မှု အားကောင်းရန်လိုအပ်လှပါသည်။ လွှတ်တော်တွင်းသို့လည်း ပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၊ ပြည်သူအကျိုး အတွက် အမှန်တကယ် လုပ်ဆောင်ပေးမည့် ကိုယ်စားလှယ်များ များများဝင်ရောက်ရန်လိုပါသည်။ တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့တိုင်းရင်းသား ဒေသခံများပါဝင်ရန် လိုအပ်သည်။ သို့မှသာ မိမိတို့ဒေသ အခြေအနေများ လိုအပ်နေသည့် အရာများကိုသိရှိနိုင်မည်ဖြစ်ပြီး၊ အမှန်တကယ် ဖြည့်ဆည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြည်သူတို့ ရွေးချယ်လိုက်သော ကိုယ်စားလှယ်များမှာ ပြည်ထောင်စုအကျိုး၊ ပြည်သူအကျိုးပြုလုပ်ငန်းများ ဖွံ့ဖြိုးရေး ကိစ္စရပ်များတွင် မျှော်လင့်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့သည်များရှိသလို အချို့မှာ ကိုယ်စားလှယ်သာဖြစ်သွားပြီး အကြောင်းအမျိုးမျိုးကြောင့် မိဘပြည်သူအကျိုးကို မဆောင်ရွက်နိုင်ခဲ့သော ကိုယ်စားလှယ်များလည်း ရှိနေပါသေးသည်။ ပအိုဝ်းပြည်သူကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စုအဆင့်တွင် ပြည်သူကိုယ်စားပြု (၄) ဦး ပါဝင်နိုင်ခဲ့သည်။ ၎င်းတို့မှ လွှတ်တော်တွင်းတွင် မိဘပြည်သူများအကျိုး၊ လိုလားချက်များ၊ လိုအပ်ချက်အတွက် တောင်းဆိုခဲ့သည်များ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်များကို မိဘပြည်သူများ အသိပင်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရာနှုန်းပြည့် လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပေ။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံလွှတ်တော်သည် လွှတ်တော်သက်တမ်းအားဖြင့်နုနယ်သဖြင့် အတွေ့အကြုံလဲ သိပ်မရှိလှခြင်းကြောင့် အားနည်းချက်များစွာ ရှိနေသေးသည်မှာ မုချပင်ဖြစ်သည်။ ယင်းအားနည်းချက်များကို ဝေဖန်ကြမည်၊ ထိုသို့အားနည်းချက်များကို ဝေဖန်အကြံပြု ကြမည်ဆိုလျှင် ဖြစ်စေလိုသောအမြင်၊ အပြုသဘောဆောင်သောအမြင်၊ ပြည်သူ့အကျိုးအတွက်
စေတနာဖြင့် ထောက်ပြဝေဖန်ပါက ပို၍အကျိုးရှိစေမည်၊ အားလုံး ၀ိုင်းဝန်းပူးပေါင်း ကူညီပါမှသာ နိုင်ငံ၏ အနာဂတ် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ဖော်ဆောင်နိုင်ပေမည် ဖြစ်သည်။
ထိုသို့ ဖော်ဆောင်ရာတွင် အစိုးရတစ်ရပ်တည်းဖြင့်မရနိုင်၊ လွှတ်တော်အတွင်း လုပ်ဆောင်နေရုံဖြင့်မပြီး ပြည်သူလူထုများကိုယ်တိုင် ပါဝင်ရန်လိုအပ်သည်၊ ကိုယ်အား ဥာဏ်အားရှိသမျှပါဝင်ရန် လိုသည်။ သို့သော် ယနေ့မြန်မာနိုင်ငံတွင် ပြည်သူများသည် အစိုးရမှ လူထုပါဝင်သည့် လှုပ်ရှားမှုများ ပြုလုပ်လျှင်ဖြစ်စေ၊ လူထုစည်းဝေးပွဲခေါ်ယူလျှင်ဖြစ်စေ၊ လူသာသွားပြီး စိတ်ထဲတွင် ကျိန်ဆဲတတ်ကြသည်။ အစိုးရကိုကြောက်ရွံ့ခြင်း ဆိုသောအရာ၌သာ ကျင်လည်နေတတ်ကြသည်။ ပြည်သူတစ်ဦး နိုင်ငံသားတစ်ဦးအနေဖြင့် မည်သည့် အခွင့်အရေးများရှိသည် တာဝန်များရှိသည် မည်သို့ လိုက်နာအပ်သည် ဟူသောအသိများ အားနည်းနေသေးသည်။ ဒီမိုကရေစီ လိုချင်တာကိုပဲသိသည်။ ဖြစ်ချင်သည်များကိုသာ မျှော်လင့်တတ်ကြပြီး မည်သည့်အရာကိုလုပ်ရမည် ဟူသောအပိုင်းမှာ အလွန်အားနည်းနေပေရာ ပြည်သူများ၏ အားနည်းချက်ကော်၊ လွှတ်တော်အားချက်များကိုပါ ၀ိုင်းဝန်းထောက်ပြ အကြံပြု ပြင်ဆင်သွားကြမည်ဆိုပါက အားလုံးမျှော်လင့်နေကြသော ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သစ် ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း စာရေးသူ၏ အမြင်ကို ရေးသားတင်ပြ လိုက်ပါသည်။

ခွန်ရှိုင်းကို
Powered by Blogger.