Tuesday, February 9, 2016

ပညာတတ် ရွှေပအိုဝ်းလူငယ်များသို့ ပေးစာ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်



အမျိုးသားခေါင်းဆောင်ကြီးများရဲ့ အမြော်အမြင် ကြီးမားမှုတို့ကြောင့် ၁၉၉၁-ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့မှာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးရယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည်မှာ ပညာတတ် ရွှေပအိုဝ်းလူငယ်တို့အားလုံး အသိပင်ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်လာပြီးနောက်ပိုင်း ယနေ့အချိန်ထိ အမိပအိုဝ်းတို့ဌာနေမှာ စိတ်ပိုင်းဆိုင်ရာများသာမကဘဲ ရုပ်ပိုင်းဆိုင်ရာများပါ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးတိုးတက် ခဲ့ပြီးဖြစ်ကာ သမိုင်းပေးတာဝန်အရ ခေါင်းဆောင်ကြီးများမှာ တာဝန်ကျေပွန်ခဲ့ပြီး ၎င်းတို့အတွက် နေ၀င်ချိန်များသို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီးများက သမိုင်းပေး ပခုံးပြောင်းတာဝန် ဆက်လက် ထမ်းဆောင်နိုင်ရန်တွက် ပညာတတ် ရွှေပအိုဝ်းလူငယ်များကို တောင်းတလျက် ရှိတယ်။
လက်ရှိအချိန်မှာ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အမိပအိုဝ်းဌာနေကို စွန့်ခွာပြီး ရေကြည်ရာ၊ မြက်နုရာ ထွက်ခွါသွားကြရသော ပညာတတ်ပအိုဝ်းလူငယ်များ များစွာ ရှိနေပြီး မိမိဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ အသိပညာတွေရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက်  တိုင်းတပါးမှာ ကိုယ်ရောစိတ်ပါ အပင်ပန်းခံပြီး စွန့်စားအားထုတ်မှုတွေကို ကျွန်ုပ်အနေနဲ့ များစွာ အသိအမှတ်ပြု ဂုဏ်ယူပါတယ်။ ကြုံတွေ့ရတဲ့ အခက်အခဲ၊ ဒုက္ခတွေကိုလည်း ကိုယ်ချင်းစာနာမှု အပြည့်ရှိပြီး တချို့ဆိုရင်လည်း ကြုံတွေ့ကြရတဲ့ အခက်အခဲ၊ ဒုက္ခတွေကြားမှာ အောင်မြင်မှု အသီးအပွင့်များ ခံစားစံစားနေကြရသည်ကို တွေ့မြင်ရတဲ့အတွက်ကြောင့် အင်မတန်မှ ၀မ်းမြှောက် ဂုဏ်ယူမိပါတယ်။ တကယ်ပင် မုဒိတာ ပွားပါတယ်။
၂၀၁၅-ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ကုန်လွန်ခဲ့သော မကြာခင် ရက်အနည်းငယ် အတွင်း၌ပင် လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပခဲ့ပြီးဖြစ်သကဲ့သို့ တဘက်မှာလည်း ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပွဲကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ယနေ့ မျက်မှောက်ကာလအချိန်မှာ အမိမြန်မာနိုင်ငံသည် နိုင်ငံရေးစာမျက်နှာသစ် ဖွင့်လှစ်သော ကာလဖြစ်ပြီး နိုင်ငံရေး စာမျက်နှာသစ်မှာ အမိရွှေပအိုဝ်းတို့ သမိုင်းမော်ကွန်းသစ် ရေးထိုးနိုင်ဖို့ အင်မတန် အရေးကြီးလှပါသည်။

ပညာတတ်ရွှေပအိုဝ်းလူငယ်များတို့ရေ--------
ပအိုဝ်းဌာနေပုံစံတစ်ခု ထုဆစ်နိုင်ဖို့ ကွင်းပြင်ကနေ ၀ိုင်းပြီး မဝေဖန်၊ မအော်ကြဘဲနဲ့ ကွင်းထဲဝင်လာပြီး လက်တွေ့ဝိုင်းကူပေးကြဖို့ အချိန်တန်ပါပြီ။ အခြေအနေကောင်းမှဘဲဆိုပြီး စောင့်မနေကြပါနဲ့တော့လား။ နိုင်ငံသား ပီသဖို့ဆိုရင် လက်ရည်တပြင်တည်းလုပ်မှ ပအိုဝ်းဌာနေ ပုံစံတစ်ခု ထုဆစ်နိုင်တော့မှာပေါ့။
အနာဂတ် အမိပအိုဝ်းဌာနေအတွက် မြန်မာပြည်အနှံ့၊ ကမ္ဘာအနှံ့ ရောက်ရှိနေတဲ့ ပညာတတ်၊ ပညာရှင် ရွှေပအိုဝ်းလူငယ်များတို့ကို အမိပအိုဝ်းဌာနေမှ လက်ကမ်းလို့ ကြိုလို့နေတယ်။ သူလာနိုးနိုး၊ ကိုယ်လာနိုးနိုးနဲ့ အရိပ်အကဲမစောင့်ဘဲ အမိပအိုဝ်းဌာနေအတွက် တတ်နိုင်တဲ့နေရာကနေ အားဖြည့်ကြပါလော့။

ပညာတတ် ရွှေပအိုဝ်းလူငယ်များတို့ရေ-----------
ဖြစ်နိုင်ရင် အပြင်ကနေ ၀ိုင်းမကြည့်ကြဘဲ အထဲအထိ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ကြပါ။ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မှ၊ အမျိုးသားရေးအတွက် အားတက်သရောရှိမှ ဇာတ်ရှိန်မြှင့်ပြီး ဇာတ်လမ်းက ပိုမို အသက်ဝင်မယ်လေ။ အမိပအိုဝ်းဌာနေက ဇာတ်လမ်းမကောင်းလို့၊ ဇာတ်ရှိန်မတက်လို့ စတဲ့ ဆင်ခြေဆင်လက် တွေကို လျော့ပါတော့ ပညာတတ် ရွှေပအိုဝ်းလူငယ်များတို့ရေ။ အမိပအိုဝ်းဌာနေမှာ ဇာတ်ရှိန်တက်တဲ့အချိန်အထိ၊ ရွှေလသာတဲ့ အချိန်အထိ မစောင့်ဘဲ လမိုက်လည်း ကိုယ်စွမ်းရှိသမျှ အလင်းရောင်ထွန်းညှိပြီး အမှောင်ခွင်း နိုင်အောင် အမိပအိုဝ်း အမျိုးသားရေးအတွက် အတူကြိုးစားကြစို့လေ။
အောင်မြင်ပြီး ပြည့်စုံတဲ့ အခြေအနေတစ်ခုဆိုတာ တစ်နေ့တစ်ရက်တည်းနဲ့ တည်ဆောက်ယူလို့မရဘူး ဆိုတာကိုလည်း ပညာတတ် ရွှေပအိုဝ်းလူငယ်တို့ နားလည်သဘောပေါက်မှာပါ။ အမျိုးသားခေါင်းဆောင် လူကြီးများရဲ့ အမြော်အမြင် ကြီးမားမှုတို့ကြောင့် ငြိမ်းချမ်းရေးရယူခဲ့သည့်အချိန်မှ စ၍ ယနေ့အချိန်ထိ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်လာခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ အတိုင်းအတာနဲ့ ရင်းခဲ့ရတဲ့ အရင်းအနှီးတွေ တန်ဖိုးကြီးခဲ့တယ်။ ယခု အမိရွှေပအိုဝ်းတို့ရဲ့ ဌာနေဒေသမှာ ဖွံ့ဖြိုးတိုးတက်လာတဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတွေဟာ တစ်နေ့တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့တာမဟုတ်ဘဲ လူထုရဲ့ ပူးပေါင်းအားနဲ့ ဆယ်စုနှစ် သုံးခုနီးနီး တည်ဆောက်ခဲ့ရပါတယ်။ နတ်ရေကန်ထဲ ပစ်ချသလို ဗြုန်းဒိုင်းကြီး ဖွံ့ဖြိုးတိုးတက်လာတာ မဟုတ်ခဲ့ဘူး ပညာတတ် ရွှေပအိုဝ်းလူငယ်တို့ရေ။
ဒါ့ကြောင့်မို့လို့ အရေးကြီးက သွေးနီးကြ ဆိုသလို မြန်မာ့နိုင်ငံရေး စာမျက်နှာသစ်မှာ အမိရွှေပအိုဝ်းတို့ မော်ကွန်းသစ် ရေးထိုးနိုင်ဖို့ရန်နဲ့ ပြဌာန်းထားချက်မရှိတဲ့ အမျိုးသားသမိုင်းပေးတာဝန်ကို ပခုံးပြောင်း ဆက်လက် ထမ်းဆောင်နိုင်ဖို့ ပညာတတ် ရွှေပအိုဝ်းလူငယ်များကို အမိပအိုဝ်းဌာနေမှ လက်ကမ်းလို့ ကြိုနေလျက်ပါ။
ရေကန်အသင့် ကြာအသင့်မှ ပြန်လာဝင်လုပ်ဖို့ စိတ်ကူးရှိနေရင် သမိုင်းက မင်းကို တစ်ကိုယ်ကောင်းဆန် သမားအဖြစ် သတ်မှတ်လိမ့်မှာပေါ့။ ရွှေလသာပြီးတဲ့အချိန်ကို စောင့်ပြီး အဆင်ပြေတဲ့ အရိပ်အယောင်တွေ့မှ လက်သင့်ရာ စားတော်ခေါ်ရင် သမိုင်းက မင်းကို အခွင့်အရေးသမားဟု သမုတ်ကြလိမ့်မယ်။ ရေဆန်လမ်းကို ရှောင်ပြီး ရေအစုန်မှာ အသာမျှောဖို့ စိတ်မကူးကြဘဲ ပအိုဝ်းဌာနေပုံစံတစ်ခု ထုဆစ်နိုင်ဖို့ ကွင်းပြင်ကနေ ကွင်းတွင်း သို့ ၀င်ရောက်ပြီး သမိုင်းပေး ပခုံးပြောင်းတာဝန်များ အတူတကွ ဆက်လက်ထမ်းဆောင်ကြစို့လား ပညာတတ် ရွှေပအိုဝ်းလူငယ်များတို့ရေ။


Kka Sp



Powered by Blogger.