Monday, February 8, 2016

ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံရ


တောင်ကြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်



ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ နံနက်(၁၀)အချိန်၌ စတင်ကျင်းပခဲ့ပါသည်။ ၎င်းအစည်းအဝေးတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချူပ်မှ တပ်မတော်သားများ စုစုပေါင်း(၁၃၆)ဦး တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။




အလယ်ပုံ- ရှမ်းပြည်နယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌဦးစိုင်းလုံးဆိုင်
ရှမ်းပြည်နယ်၊ ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌဦးစ၀်အောင်မြတ်

အဆိုပါ အစည်းအဝေးတွင်သဘာပတိ၊ ဥက္ကဌ၊ ဒု-ဥက္ကဌများ ရွေးချယ်တင်မြှောက်ခဲ့ပြီး ၎င်းနေရာများအတွက် ရွေးချယ်တင်မြှောက်ရာတွင် ပြည်နယ်လွှတ်တော် ဥပဒေပုဒ်မအရ လျှို့ဝှက်မဲပေးစနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များကရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရပါသည်။
ရွေးချယ်တင်မြှောက်ရာတွင် "ပြည်နယ်လွှတ်တော်အတွက် အသက်တမျှ အရေးကြီးသောကြောင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ဆန္ဒမဲစာရွက်များကို ဖြန့်ပြ၍ ရွေးချယ်ပေးပါရန် လားရှိုး မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာလင်းထွဋ်က အဆိုပြုတင်သွင်းခဲ့ပြီး လွှတ်တော်သဘာပတိကြီးက  လက်ခံဆောင်ရွက် ပေးခဲ့ကြောင်းတွေ့ရသည်။
ရွေးချယ်ရာတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သဘာပတိအဖြစ် လောက်ကိုင် မဲဆန္ဒနယ်(၁)လွှတ်တော် ကိုယ်စားလှယ်လောင်းဦးအောင်သန်းထွဋ်မှ ဆန္ဒမဲ(၈၃)မဲဖြင့်လည်းကောင်း၊ ဥက္ကဌအဖြစ် ကျိုင်းတုံမဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းလုံးဆိုင်မှ ဆန္ဒမဲ(၈၈)မဲဖြင့်လည်းကောင်း၊ ဒု-ဥက္ကဌအဖြစ် ရွာငံမြို့နယ် မဲဆန္ဒနယ်(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစ၀်အောင်မြတ်(ခ) ဦးအောင်မြတ်မှ ဆန္ဒမဲ(၈၄)မဲ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
အနိုင်ရရှိခဲ့သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပေါ် "မဲစနစ်ရွေးချယ်တာက ပွင့်လင်းမြင်သာမှုရှိပါတယ်။ ကျွန်တော်တို့
ကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်အနေဖြင့် ကိုယ့်လူမျိုးအတွက် အဓိကဆောင်ရွက် သွားမှာပါ။ ၀န်ကြီးဌာနမှာလဲ ဘယ်လိုနေရာမှာမဆို ပါဝင်ချင်ပါတယ်။ ကြိုးစားပါဝင်ဖို့လည်း ရည်ရွယ်ထားပါတယ်" ဟု လားဟူတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ဦးယောသပ် ကပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက "ရှေ့ဆက်မယ့် အစည်းအဝေးတွေမှာလဲ အားပြိုင်တာတွေ ရှိဦးမှာပါ။ အတိုက်အခံပါတီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှုံးချင်ရှူံးနိုင်ချင်နိုင် ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာပါ။" ဟု သုံးသပ်ပြောကြားခဲ့ပါသည်။
လွှတ်တော် ဥက္ကဌဦးစိုင်းလုံးဆိုင်က "ပါတီစွဲ ၊ပုဂ္ဂိုလ်စွဲ ၊လူမျိုးစွဲ ၊ဒေသစွဲများမထားရှိပဲ ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းများက စည်းလုံးစွာဆောင်ရွက်ရန်နှင့် အဂတိကင်းရှင်းစွာ ကိုယ်စွမ်းဥာဏ်စွမ်းဖြင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်သွားမည်" ဟု ပြောကြားခဲ့သည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်ကို လွှတ်တော်ဥက္ကဌက အချိန်မီအကြောင်းကြားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

ခွန်ခမ်းမိုးဦး





Powered by Blogger.