တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်
ရှေးယခင်ကပအိုဝ်းလူမျိုးတို့သည် စည်းလုံးညီညွတ်မှုရှိပြီး တည်ငြိမ်အေးချမ်းစွာဖြင့် သီးသန့်နေလိုသော ဆန္ဒရှိကြသည်။ ပအိုဝ်းလူမျိုးသည် ဘီစီ ၁၂၀၀ တွင် မွန်ဂိုလီးယားမှ မြန်မာနိုင်ငံအတွင်းသို့ အုပ်စု(၃)စုနှင့် လမ်းကြောင်း(၃)ခုဖြင့် ၀င်ရောက်နေထိုင်ကြသည်ကို သမိုင်းစာမျက်နှာများတွင် လေ့လာတွေ့ရှိရမည်ဖြစ်ပါ သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာရာကြားကာလများတွင် လူမျိုးခြားတို့၏နေရာလုယူမှုများ ပြုလုပ်သော်လည်း ပြန်လည်တုန့်ပြန်မှု ပြုလုပ်ခြင်းမရှိခဲ့ပေ။
လက်ရှိမြန်မာနိုင်ငံအတွင်း၌ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရောက်ရှိခဲ့ကြပြီး အေးချမ်းစွာနေထိုင်လိုသော်လည်း ခေတ်စနစ်နှင့် လူမျိုးကြီးတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ခါးသီးစွာခံခဲ့ကြရသည်။ ဒုက္ခအမျိုးမျိုးတို့နှင့် ကြုံတွေ့ခဲ့ရသောကြောင့် ပအိုဝ်းလူမျိုးတို့သည် ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စသည့်အဖက်ဖက်တွင် နောက်ကျခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သော်လည်း ရှမ်းပြည်နယ်တွင်မူ ပဒေသရာဇ်စနစ်ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါသည်။ တစ်နိုင်ငံလုံးတွင်လည်း ပြည်တွင်းလက်နက်ကိုင် အဖွဲ့များဖြင့် ပြည်တွင်းစစ်ပွဲများ ကြီးကျယ်စွာဖြစ်ပွားနေခဲ့သည့်ကာလဖြစ်ပါသည်။ ထို့နောက် ဆိုရှယ်လစ်စနစ် (၂၆)နှစ် (၁၉၆၂-၁၉၈၈)၊ စစ်အစိုးရခေတ်(၂၂)နှစ် (၁၉၈၈-၂၀၁၀) စသည့်စနစ်များနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်တွင် ပအိုဝ်းလူမျိုးတို့သည် ခေတ်စနစ်ဆိုးများကြောင့် အစစအရာရာ နောက်ကျခဲ့သော်လည်း စည်းလုံးညီညွတ်မှုများရှိခဲ့ကြပြီး မိမိတို့ဒေသရပ်ရွာများကို စုပေါင်းကာကွယ်ခဲ့ကြသည်။ ခေါင်းဆောင်တို့၏ စကားများကို နားထောင်ကြပြီး ရပ်ရွာနှင့်ဒေသဖွံ့ဖြိုးရေး၌ စုပေါင်ပြီး အကောင်အထည်ဖော်ဆောင်ရွက် လာခဲ့ကြသည်။ ဥပမာ-အိမ်ဆောက်ရာတွင် စုပေါင်းပြီးအပြန်အလှန်ကူညီခြင်းသော်လည်းကောင်း၊ ကျေးရွာ သောက်သုံးရေရရှိရေးတွင်သော်လည်းကောင်း၊ ကျေးရွာသန့်ရှင်းရေးပြုလုပ်ရာတွင်သော်လည်းကောင်း၊ ကျေးရွာပိုင်/ဘုန်းကြီးကျောင်းပိုင်သစ်တောများတွင်သော်လည်းကောင်း၊ နွေရာသီတွင် ကျေးရွာမီးကြိုတင် ကာကွယ်ရေးတွင်သော်လည်းကောင်း၊ မိုးရာသီတွင်လမ်းတံတားများပြုပြင်/ဖောက်လုပ်ရာတွင် သော်လည်း ကောင်း တစ်အိမ်တစ်ယောက်ဖြင့် စုပေါင်းပြီးလုပ်ဆောင်ခြင်းနှင့် ကျေးရွာလုံခြုံရေးအတွက် အလှည့်ကျ ရွာစောင့်(ဒုံပွေါး) ရာတွင်သော်လည်းကောင်း စုပေါင်းပြီးပြုလုပ်ခြင်းတို့သည် ပအိုဝ်းလူမျိုးအတွက် မမေ့အပ်သော ကောင်းမွန်သည့်ရိုးရာဓလေ့ထုံးတမ်းများ ဖြစ်ကြပါသည်။ ယနေ့ခေတ်ပညာတတ်လူငယ်များ အတုယူဖွယ် များလည်း ဖြစ်ပါသည်။ ယခုအခါတွင် ထိုကဲ့သို့သော ကောင်းမွန်သည့်ရိုးရာဓလေ့ထုံးတမ်းများ ရှိနေသော်လည်း ပအိုဝ်းဒေသတော်တော်များများတွင် ပျောက်ကွယ်လာနိုင်မည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်ကို ကျွန်တော့် အနေဖြင့် တွေ့မြင်ခံစားနေရပါသည်။
၁၉၉၁-ခုနှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ငြိမ်းချမ်းရေးရယူခဲ့ပြီး ပအိုဝ်းဒေသဖွံ့ဖြိုးရေးအတွက် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖေါ်မှုများ ပြုလုပ်ခဲ့သည်။ ပထမဦးစားပေးအနေဖြင့် ပညာရေးကို ပြုလုပ်လာခဲ့ရာ စာသင်ကျောင်းမရှိသည့် ရွာများနှင့်ကျောင်းဆရာ/မများလုံလောက်မှုမရှိသည့်ရွာများတွင် ဒေသခံမိဘပြည်သူ များ၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ထို့ကြောင့် ယခင်တွင် ခေတ်ပညာတတ် ပအိုဝ်းလူမျိုးများ မရှိသလောက် ရှားပါးခဲ့သော်လည်း လက်ရှိအချိန်ပအိုဝ်းဒေသတွင် ခေတ်ပညာတတ်လူငယ် များ များပြားစွာပေါ်ထွက်လာသည့် အသီးအပွင့်များ ပအိုဝ်းလူမျိုးများနှင့် ဒေသခံများခံစားနေကြရသည်ကို မိဘပြည်သူများ အသိဆုံးပင်ဖြစ်ပါသည်။
ယခုခေတ်ပအိုဝ်းလူငယ်အများအပြားသည် ခေတ်ပညာများကို တတ်မြောက်ကြသော်လည်း မိမိတို့၏ ရပ်ရွာ၊ ဒေသ၊ လူမျိုးအတွက် ပြန်လည်အသုံးချသည်မှာ အလွန်ပင်နည်းပါးပြီး အချို့မှာ မိမိအတွက်နှင့် မိသားစုအတွက်မျှပင် ပြန်လည်အသုံးမချသည့် လူငယ်များလည်းရှိသည်။ ပညာတတ်သော်လည်း ယခင်ကဲ့သို့ အချင်းချင်း ရိုင်းပင်းကူညီမှု၊ စည်းလုံးညီညွတ်မှု၊ ရပ်ရွာ/ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုမှုများ နည်းပါးလာသည် သာမက ပညာတတ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရမည့်အစား အချင်းချင်းပြန်လည်တိုက်ခိုက်နေကြသည်ကို ၀မ်းနည်းစွာဖြင့် တွေ့ရှိနေရပါသည်။ အမြင်မတူကြသော်လည်း ပူးပေါင်းအဖြေရှာမှု မလုပ်ဘဲ သဘောထားကွဲလွဲနေခြင်း၊ မျိုးဆက်သစ်လူငယ်များအား လက်တွဲခေါ်မှု မလုပ်ဘဲ တစ်စင်ထောင် ပြုလုပ်နေခြင်း၊ တတ်မြောက်ထားသည့် ပညာများဖြင့် ရပ်ရွာ၊ ဒေသ၊ လူမျိုးများကို ပညာပြနေကြသည်များမှာ ခေတ်အဆက်ဆက် ခေါင်းဆောင်များ၊ ဘိုးဘွားများ၊ ပအိုဝ်းပြည်သူများ၏ အသက်၊ သွေး၊ ချွေးများဖြင့် ရင်းနှီးမြှပ်နှံထားသည်များကို တန်ဖိုးမဲ့ ပြုလုပ်နေကြခြင်းသည် ရင်နှင့်ဖွယ်ရာကောင်းလှပါသည်။
အချို့သောလူငယ်များသည် မြို့ပြများတွင် ပညာများကို သွားရောက်လေ့လာသင်ယူကာ ပညာတတ်(ဘွဲ့ရ)လာသည့်အခါ မိမိတို့ဇာတိဒေသရပ်ရွာ ပြန်လာကြပြီး ရပ်ရွာအကျိုးပြုခြင်း မရှိသည်သာမက ရပ်ရွာဒေသကို ပြန်လည်၍ အထင်သေးအမြင်သေးမှု ပြုလုပ်နေသူများလည်းရှိသည်။ စာရေးသူ ကြုံတွေ့ဖူးသည့် လူငယ်တစ်ဦးသည် မြို့တစ်မြို့တွင် ပညာသင်ယူခဲ့ပြီး ပြန်လာသောအခါ ''ငါတို့ရွာဟာ မိုက်လဲမမိုက်ဘူး၊ တိုးတက်မှုလည်းမရှိဘူး၊ စည်းလုံးညီညွတ်မှုလည်းမရှိဘူး၊ နေချင်စိတ်လည်းမရှိတော့ဘူး'' စသည်ဖြင့် ဘ၀မေ့ကာ ပြောဆိုသွားသည်မှာ ၀မ်းနည်းဖွယ်ရာ ကောင်းလှပါသည်။ ဖြစ်သင့်သည်မှာ မိမိတတ်မြောက်ထားသည့် ပညာများသည် ခေတ်အဆက်ဆက်ခေါင်းဆောင်များ၊ ဘိုးဘွားမိဘများ၏ ပေးထားသောအမွေဖြစ်ပြီး ၎င်းတတ်မြောက်ထားသည့်ပညာများဖြင့် မိမိအကျိုး၊ မိသားစုအကျိုးနှင့်တကွ ရပ်ရွာဒေသ၊ လူမျိုးအကျိုးများကို ကြိုးစားဆောင်ရွက်သင့်သည်ဟု ကျွန်တော် မြင်မိပါသည်။
မြန်မာနိုင်ငံ၏ ခေတ်ရေစီးကြောင်းနှင့် အညီ ၁၉၉၃-ခုနှစ်မှ ၂၀၀၇-ခုနှစ်အထိ အမျိုးသားညီလာခံအတွင်း ရေးဆွဲခဲ့သည့် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၀-ခုနှစ်တွင် စတင်ကျင့်သုံးလာခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်နှင့် တကွ လူ့အခွင့်အရေး၊ တန်းတူရေး စသည်တို့ လိုက်ပါလာပြီး အချို့သောလူငယ်များသည် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းအသီးသီးတို့မှ ဖွင့်လှစ်ပို့ချသည့် သင်တန်းများသို့ တက်ရောက်နိုင်ခဲ့ပါသည်။ ထိုသင်တန်းများမှ ရရှိလာသည့် အသိပညာ၊ အတတ်ပညာ ဗဟုသုတများသည် မိမိတို့၏ဒေသ၊ မိမိတို့၏ယဉ်ကျေးမှု၊ မိမိတို့၏ရိုးရာဓလေ့ထုံးတမ်းများနှင့် ကိုက်ညီမှုရှိမရှိ ချိန်ထိုးမှု မရှိခြင်းသော်လည်းကောင်း၊ အတွေ့အကြုံရှိသည့် ရပ်ရွာ၊ ဒေသ၊ လူမျိုးခေါင်းဆောင်များနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိခြင်းသော်လည်းကောင်း လူ့အခွင့်အရေးများကို အကြောင်းပြုပြီး ပအိုဝ်းဒေသရှိ မိဘပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များကို သင်တန်းအမျိုးမျိုး ပေးလာကြပါသည်။
သင်တန်းပေးရာတွင် ပအိုဝ်းလူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်တို့အတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်ပါသည်။ သို့သော် အချို့သောအပြုအမူများနှင့် သင်ခန်းစာများသည် ပအိုဝ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများနှင့် ကိုက်ညီမှုများ မရှိသည်ကို တွေ့နေရပါသည်။ ထိုကဲ့သို့သော သင်တန်းမျိုးများကို ပေးမည်ဆိုပါက ပအိုဝ်းလူမျိုးများ၏ စည်းလုံးညီညွတ်မှုများ ပြိုကွဲစေနိုင်သည်ကိုလည်း သတိချပ်သင့်ပါသည်။ ခေတ်ပညာတတ် ပအိုဝ်းလူငယ်များအနေဖြင့် ပအိုဝ်းဒေသအတွင်းတွင် သင်တန်းများပေးမည်ဆိုပါက ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ အမြင်များဖြင့် ကြည့်ရှုလေ့လာရန် လိုအပ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းမွန်သည့် လက္ခဏာ ဖြစ်စေမည့် သင်တန်းမျိုးကိုသာ ပေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပအိုဝ်းပြည်သူလူထုသည် ရိုးသားမှု၊ ပွင့်လင်းမှုများ ရှိကြသော်လည်းပဲ၊ ခေတ်စနစ်ဟောင်း၏ ဆိုးမွေကြောင့် အများစုမှာ ပညာရေးရေချိန် နှိမ့်ပါးနိုင်သလို ဝေဖန်သုံးသပ်နိုင်မှုများ အားနည်းနေနိုင်သေးသည့် အတွက်ကြောင့်ဖြစ်ပါသည်။
သို့ဖြစ်၍ မိမိတို့ ပအိုဝ်းဒေသနှင့် ပအိုဝ်းမိဘပြည်သူလူထု တရပ်လုံး အကျိုးဖြစ်ထွန်းစေနိုင်ရန် အတွက် စာရေးသူအနေဖြင့် မိမိမြင်နိုင်သည့် ရှုထောင့်မှ ပအိုဝ်းတစ်မျိုးသားလုံး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍရပ်တွင် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နိုင်ခြင်းငှါ ရည်မျှော်လျှက် ဥာဏ်မီသမျှ တိုက်တွန်းရေးသားလိုက်ရပါသည်။
ခွန်လာထို(ကောင်ရွဉ်)
Like On Facebook
Follow On Twitter
Subscribe On RSS