Friday, February 5, 2016

သြစတြေးလျပညာသင်ဆု လျှောက်ထားနိုင်ပြီ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်


ယခုအချိန်တွင် နိုင်ငံခြားပညာသင်ဆုစိတ်ဝင်စားသူများ သြစတြေးလျပညာသင်ဆု(Australia Awards Scholarship)ကို လျှောက်ထားနိုင်ပြီဖြစ်သည်။ ယခုသြစတြေးလျပညာသင်ဆုမှာ ပညာသင်စရိတ်အပြည့်(Full Fund)ထောက်ပံ့ပေးမည့် ပညာသင်ဆုပုံစံဖြစ်သည်။ ပညာသင်ဆုမှာ လာမည့် ၂၀၁၇-ပညာသင်နှစ်အတွက် ထောက်ပံ့ပေးမည့် ပညာသင်ဆုဖြစ်သည်။ လျှောက်လွှာကို ၂၀၁၆၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၁၆၊ ဧပြီလ(၃၀)ရက်နေ့အထိ လက်ခံမည်ဟု သိရသည်။ လျှောက်လွှာကို အွန်လိုင်း(https://oasis.dfat.gov.au)ပေါ်တွင် လျှောက်ထားရမည်ဖြစ်သည်။
သြစတြေးလျအစိုးရက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ထောက်ပံ့ပေးသည့်အနေဖြင့်  ဤပညာသင်ဆုကို စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရသည်။ ပညာသင်ဆုတွင် မဟာတန်း(Masters Level)ကို အဓိကဦးစားပေးပြီး (PhD)တန်းကိုမူ အကန့်အသတ်ဖြင့်သာ စဉ်းစားသွားမည်ဟု ထုတ်ပြန်ထားသည့်သတင်းအချက်အလက်တွင် ဖော်ပြထားသည်။ သတ်မှတ်ထားသည့်အရည်အချင်းများမှာ ၁၈နှစ်ပြည့်ပြီးသူမြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး၊ နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်ဘာသာစကားတတ်မြောက်မှု လက်မှတ်သက်သေအထောက်အထား မရှိသေးသူများအတွက် ၂၀၁၆၊ ဇွန်လတွင် (APTIS)စာမေးပွဲစစ်ဆေးမှုကို ခံယူရမည်ဖြစ်သည်။ သတ်မှတ်ထားသည့်အရည်အချင်း၊ ကိုယ်ပိုင်အရည်အသွေး၊ ဦးဆောင်နိုင်မှုစွမ်းရည်၊ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေမည့်အရည်အချင်းများအပေါ် အကဲဖြတ်၍ ရွေးချယ်သွားမည်ဟု သိရသည်။
ဆန်ခါတင်ရွေးချယ်မှုတွင် ပါဝင်သည့်သူများကိုသာ အကြောင်းပြန်ကြားသွားမည်ဖြစ်သည်။ ဆန်ခါတင်ရွေးချယ်ခံထားရသူများသာ အင်တာဗျူးဖြေဆိုခွင့်ရရှိမည်ဟု ဖော်ပြထားသည်။ ဆန်ခါတင်ရွေးချယ်မှုတွင်ပါဝင်ပြီး IELTSလက်မှတ်မရှိသေးသည့်သူများသည် ၂၀၁၆၊ဇူလိုင်လတွင် IELTSစာမေးပွဲဖြေဆိုရမည်။ စာမေးပွဲကုန်ကျစရိတ်ကိုကား သြစတြေးလျသံရုံးက ပေးချေပေးသွားမည်ဟု ကြေညာထားသည်။ စစ်ဆေးမှုအဆင့်ဆင့်နှင့် အင်တာဗျူးဖြေဆိုအောင်မြင်သူများသည် လာမည့်၂၀၁၇-ခုနှစ်တွင် သြစတြေးလျနိုင်ငံသို့ သွားရောက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။ ၂၀၁၇-ခုနှစ်၊ သြစတြေးလျပညာသင်ဆုသတင်းအချက်အလက်အပြည့်အစုံ(pdf)ဖိုင်ကို (http://burma.embassy.gov.au/\files\rang\2017 intake Country Profile Australia Awards Myanmar.pdf)တွင် ရယူနိုင်ပါသည်။ အခြားသိလိုရာများရှိပါက ပင်မအင်တာနက်စာမျက်နှာ(www.dfat.gov.au/australia-awards)တွင်လည်း ဝင်ရောက်လေ့လာနိုင်သည်။

ခွန်လှစိုး

Powered by Blogger.