Friday, February 5, 2016

ငြိမ်းချမ်းရေးပညာပေးသင်တန်းကို ပင်လောင်းမြို့တွင် ကျင်းပခဲ့


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ Institute for Security and Development Policy–ISDP နှင့် Myanmar Minerva Education Centre-MMEC အဖွဲ့တို့ပူးပေါင်းပြီး ငြိမ်းချမ်းရေးပညာပေးသင်တန်းဖွင့်ပွဲကို ပင်လောင်းမြို့နယ်၊ ပင်လောင်းမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံး၌ ၂၀၁၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။


အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီအဖွဲ့ဝင် ဦးခွန်ဆောင်းရွှေ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပင်လောင်းမြို့နယ်၊ ဒုဥက္ကဌ ဦးခွန်အောင်ခမ်း၊ သင်တန်းနည်းပြများဖြစ်သည့် ဆရာစောခွန်ကျော်ဝင်း၊ ဆရာခွန်သန်းမောင်နှင့် ပင်လောင်း မြို့နယ်အတွင်း ကျေးရွာပေါင်းစုံမှ သင်တန်းသူ/သားများ တက်ရောက်ခဲ့ပါသည်။
ပင်လောင်းမြို့နယ်၊ ဒုဥက္ကဌ ဦးခွန်အောင်ခမ်းမှ အားပေးစကားပြောကြားရာတွင် ငြိမ်းချမ်းရေးသည် မိမိတို့စိတ်ထဲတွင် တည်ရှိရန်လိုအပ်ကြောင်း၊ မိမိတို့အချင်းချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ဖွဲ့နှင့် တစ်ဖွဲ့ကြားတွင်သော်လည်းကောင်း၊ ဘာသာတစ်ခုနှင့်တစ်ခုကြားတွင်သော်လည်းကောင်း ငြိမ်းချမ်းရေးကို ဦးတည်ပြီးကျင့်သုံးရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းမှသာ ဒေသ၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီအဖွဲ့ဝင် ဦးခွန်ဆောင်းရွှေမှ အားပေးစကား ပြောကြား ရာတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် စတင်ကျင့်သုံးလာသည်နှင့်အမျှ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် နိုင်ငံတော်အစိုးရဦးဆောင်ပြီး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးကို အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင် လာခဲ့ကြောင်း၊ မိမိတို့ပအိုဝ်းဒေသတွင် များသောအားဖြင့် ငြိမ်းချမ်းသော်လည်း နယ်စပ်ဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားမှုရှိနေသေးကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးသည် ပြည်တွင်းရှိ ပုဂ္ဂိုလ်တိုင်းနှင့်သက်ဆိုင်နေကြောင်း၊ ငြိမ်းချမ်းရေးသည် လူတိုင်းနှင့်သက်ဆိုင်သည့်အတွက်  မိမိတို့ပအိုဝ်းဒေသရှိ ဒေသခံပြည်သူများလည်း ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေများကို သိရှိရန်လိုအပ်ကြောင်း၊ လက်ရှိပြုလုပ်နေသည့်ငြိမ်းချမ်းရေးဖြစ်စဉ် တွင် နောက်ပြန်မဆုတ်သွားရန်အတွက် ပြည်သူများပူးပေါင်းပါဝင်ရန် အထူးလိုအပ်သည့်အတွက် ငြိမ်းချမ်းရေး ပညာပေးသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သင်တန်းတွင် ဆွေးနွေးခဲ့သည့်ခေါင်းစဉ်များအနေဖြင့် Advocacy and Peace Process, Ceasefire Monitoring, Colombia's Peace Process, Evolving Frameworks, Federalism, Framework for Political Dialogue, Myanmar Peace Process, Negotiation Transition to Democracy in South Africa, Rule of Law, Pa-O National Organization(PNO) Peace Process စသည်တို့ဖြစ်သည်။
ငြိမ်းချမ်းရေးပညာပေးသင်တန်းကို ၂၀၁၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၃)ရက်နေ့မှ (၄)ရက်နေ့အထိ (၂)ရက် ကြာကျင်းပခဲ့ပြီး အဆိုပါသင်တန်းတွင် ကျေးရွာဖွံ့ဖြိုးရေးကော်မတီအဖွဲ့များ၊ လူမှုရေးအဖွဲ့များ၊ ကျေးရွာ ကိုယ်စားလှယ်များ၊ ကျေးရွာမီးသတ်အဖွဲ့၊ ပအိုဝ်းတိုင်းရင်းဆေးအဖွဲ့၊ ပအိုဝ်းမော်အဖွဲ့၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) စသည့်အဖွဲ့အစည်းများမှ အမျိုးသမီး(၈)ဦးနှင့်အမျိုးသား(၂၇)ဦး စုစုပေါင်းသင်တန်းသူ/သား(၃၅)ဦးတက်ရောက်ခဲ့ပါသည်။ အလားတူ ငြိမ်းချမ်းရေးပညာပေးသင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် လည်း ၂၀၁၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ(၆)ရက်နေ့အထိ (၂)ရက်ကြာ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါ သည်။

ခွန်သွောင်းထို (ခွန်ဖြားဗွာခမ်း)

Powered by Blogger.