Friday, March 4, 2016

ဆမ်ဆိုင် - ဆိုင်လဲ - ဟန်လွဲ လမ်း ၁၁.၅ မိုင် လယ်ယာကုန်ထုတ်လမ်းခင်းမည့် ကိစ္စနှင့်ပက်သက်၍ ဒေသဦးစီးဥက္ကဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၅) ရက်



၂၀၁၆ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးဥက္ကဌဦးခွန်စံလွင်နှင့် ဦးစီးအဖွဲ့ဝင် ဦးခွန်မောင်ပယ်၊ ဦးခွန်လှသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ကွပ်ကဲရေးမှူးဦးခွန်မြင့်အောင်နှင့် ဟိုပုံး၊ ဆီဆိုင် မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အရှေ့ပုန်းအင်းဒေသရှိ ကျေးရွာ (၁၄) ရွာမှ ရွာသူ/သားများနှင့် ဆိုင်လဲကျေးရွာ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတွင် လယ်ယာကုန်ထုတ်လမ်း ၁၁.၅ မိုင် ဖောက်လုပ်မည့်ကိစ္စနှင့် ပက်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာ ဒေသဦးစီးဥက္ကဌမှပြောကြားရာတွင် ဒေသ၏ ထုတ်ကုန်များလွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်အတွက် အစိုးရမှ (၁၀) မိုင်အတွက် ဘတ်ဂျတ်ခွင့်ပြုပေးထားပြီဖြစ်ကြောင်း၊ သို့သော် ယခုလက်ရှိ ဆမ်ဆိုင် - ဆိုင်လဲ - ဟန်လွဲ လမ်းမှာ စုစုပေါင်း ၁၁.၅ မိုင်ရှိသော်လည် အကုန်လုံးပြီးစီအောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဒေသခံများမှ လိုချင်သောလမ်းအကျယ်၊ လမ်းဖို့ရာတွင် ပါသွားမည့်လယ်မြေများ၊ ရွာတွင်ဖြတ်သွားမည့် လမ်းအကျယ်နှင့် မလွတ်သည့် အိမ်ခြံမြေကိစ္စများကို ဆက်လက်ဆွေးနွေးခဲ့ကြကာ  အောက်ခြေကိုပေ(၃၀)နှင့် အပေါ်ပိုင်းပေ(၂၅)ဖြင့် သဘောတူညီမှု ရရှိခဲ့ပါသည်။ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ရွာပေါင်း (၁၄) ရွာကို အကျိုးပြုသွားနိုင်မည့်အပြင် ဒေသခံများအတွက်လည် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်သွားမည် ဖြစ်ပါသည်။ အဆိုပါလမ်းကို ၂၀၁၆ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် စတင်ဖောက်လုပ်မည်ဖြစ်ပြီး (၂) လအတွင်း ပြီးစီးအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်အောင်မျိုးဦး

Powered by Blogger.