Sunday, March 6, 2016

မြေယာထိန်းသိမ်းခြင်းနှင့် အမျိုးသားအနာဂတ်


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၆) ရက်







ပြည်ထောင်စုမြန်မာနိုင်ငံဟု မစုစည်းနိုင်မီ မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ့်ချင်းဖြင့် နယ်မြေ နယ်နိမိတ်အလိုက် ပျူလူမျိုးသည် ပျူမင်း၊ ဗမာလူမျိုးသည် ဗမာမင်း၊ မွန်လူမျိုးသည် မွန်မင်း၊ ရခိုင်လူမျိုးသည် ရခိုင်မင်း စသည်ဖြင့် အုပ်ချုပ်လာခဲ့ကြသည်။ အချင်းချင်းလည်း အလိုရမ္မက်ပွားပြီး သူ့နယ်မြေ ကိုယ်လု ကိုယ့်နယ်မြေ သူလု ပြုလာခဲ့ကြသည့်သမိုင်းများ ချန်ထားခဲ့ကြသည်။ ကမ္ဘာအလွှားတွင်လည်း ဤကဲ့သို့သော နယ်မြေရလိုမှု အုပ်ချုပ်မင်းလုပ်လိုမှုများကြောင့် နယ်မြေချဲ့ထွင်မှုသည် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ စစ်ချီခြင်း၊ သိမ်းပိုက်ခြင်းများရှိခဲ့သည်။ မြန်မာနိုင်ငံသည် ကိုလိုနီအင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့၏ အကြိမ်ကြိမ် ကျူးကျော် နယ်ချဲ့မှုကို ခုခံကာကွယ်ခဲ့သော်လည်း စိတ်ဓါတ်ရေးရာမှအပ နယ်ချဲ့တို့ကို အဖက်ဖက်မှ မယှဉ်နိုင်သဖြင့် နယ်ချဲ့တို့၏ ဗိုလ်ကျအုပ်စိုးမှုကို တစ်လှည့်စီ ခံခဲ့ရသေးသည်။ နယ်ချဲ့တို့၏ ဗိုလ်ကျအုပ်စိုးမှု၊ ဖိနှိပ်အုပ်ချုပ်မှု များကို မခံမရပ်နိုင်သဖြင့် ခေတ်အဆက်ဆက် တော်လှန် တွန်းလှန်ခဲ့ကြရာ အဆုံးစွန်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ပြည်ထောင်စုဖွား တိုင်းရင်းသား မြန်မာပြည်သူ ပြည်သားများသည် စည်းလုံး ညီညွတ်စွာဖြင့် နယ်ချဲ့တို့ထံမှ မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေး ရယူနိုင်ခဲ့သည်ကို  အားလုံး အသိပင်ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီး ဒီမိုကရေစီစနစ် ထူထောင်လာချိန်တွင် နိုင်ငံရေးအရ တိုင်းရင်းသား တန်းတူအခွင့်အရေး မရရှိကြသဖြင့် နိုင်ငံတွင်းတွင် တော်လှန်ပုန်ကန်မှု မျိုးစုံ၊ လက်နက်ကိုင် တော်လှန်မှုမျိုးစုံ၊ ရောင်စုံသူပုန်မျိုးစုံ ပေါ်ပေါက်လာခဲ့သည်။ လွတ်လပ်ရေးရရှိသော်လည်း တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားများသည် စစ်ဘေး စစ်ဒဏ်များကို တ၀ကြီး ခံစားခဲ့ရသည်။ ယနေ့အချိန်ထိလည်း အချို့ပြည်နယ်များတွင် ခံစားနေရဆဲဖြစ်သည်။ တိုင်းရင်းသားတို့သည် နယ်မြေအလိုက် လူမျိုးစုအမည်နာမနှင့် နယ်မြေ အမည်ပေါက်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရှိခြင်းကြောင့် ကိုယ့်အမျိုးသားရေး အတွက် ဆက်လက်တိုက်ပွဲဝင်နေကြသည်ဟု ယူဆကြသည်။ အချို့တိုင်းရင်းသားများသည် ကိုယ်ပိုင် သမိုင်းကြောင်း၊ ကိုယ်ပိုင် အင်္ဂါရပ်များနှင့် သီးသန့်စွာ နေထိုင်ဖြတ်သန်းလာသည့် လူမျိုးစုကြီး တစ်စု ဖြစ်သော်လည်း ထိုက်သင့်သည့် လူမျိုးရေးဆိုင်ရာ အခွင့်အရေးများ မရရှိခြင်းနှင့် မူလအခွင့်အရေးများ ဆုံးရှုံးခြင်းများကြောင့် စစ်မက်ဖြစ်ပွားမှုကို ရွံမုန်း အလိုမရှိသော်လည်း အမျိုးသားရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်နေရသည်များ ရှိနေခဲ့ကြ၊ ရှိနေကြသည်များကို မြင်တွေ့နိုင်ပါသည်။ ထိုအထဲတွင် အနီးကပ်ဆုံး အနေဖြင့် ကိုယ်ပိုင်သမိုင်းကြောင်း၊ ကိုယ်ပိုင်အင်္ဂါရပ်များနှင့် သီးသန့်စွာ ရပ်တည်ဖြတ်သန်းနေသည့် ပအိုဝ်း တိုင်းရင်းသားတို့သည် ထီးပျက်နန်းပြောက်စဉ်ကတည်းက ဖိနှိပ်ခံသူ့ကျွန်ဘ၀ရောက်ခဲ့ရပြီး အဆိုးဆုံးကာလမှာ ပဒေသရာဇ်စနစ် အုပ်ချုပ်ရေးကာလတွင် ရှမ်းပြည်နယ်ရှိ ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ ဓနု၊ တောင်ရိုးလူမျိုးများနှင့် အခြားသော တိုင်းရင်းသားလူမျိုးများနှင့်အတူ မျက်စိပိတ်နားပိတ် အုပ်ချုပ်ခံခဲ့ရသည်။ သူ့ကျွန်ဘ၀ မခံလိုသဖြင့် မျိုးချစ်ပုဂ္ဂိုလ်များနှင့် ပြည်သူများမှ ဖိနှိပ်အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်ရင်း အသက်များ ပေးလှူစတေးပြီး အမျိုးသားရေးအတွက် လက်နက်ကိုင်လမ်းစဉ် စတင်လာခဲ့ရာ ပအိုဝ်းအမျိုးသားတပ်မတော် ဟူ၍ ပေါက်ဖွား လာရပေသည်။ ပအိုဝ်းအမျိုးသားတပ်မတော်သည် ယနေ့အချိန်တွင် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီး ပြည်သူ့စစ်အဖြစ် ဆက်လက်ရပ်တည်နေသည်။
ဆိုခဲ့သည့် လူမျိုးရေးဆိုင်ရာ တန်းတူညီမျှမှု မရရှိသည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနှင့် အဖြေရှာခြင်းမပြုပဲ ပြည်တွင်းစစ် သက်ဆိုးရှည်ခဲ့ရသည်။ ပွင့်လင်းမြင်သာစွာ ပြောင်းလဲတိုးတက်လာသည့် ယနေ့အချိန်တွင် နိုင်ငံရေးပြဿနာကို စစ်ရေးနှင့် မဖြေရှင်းပဲ နိုင်ငံရေးနှင့်သာ ဖြေရှင်းနိုင်မှသာလျှင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု ယူဆကြသောကြောင့် နိုင်ငံရေးနည်းလမ်းဖြင့် ပူးပေါင်း အဖြေရှာနိုင်ရန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယဉ်ကျေးမှုသစ် တစ်ရပ် အနေဖြင့် စတင် အကောင်အထည်ဖော် ကျင်းပလာနေသည်ကို တွေ့ရှိနိုင်သည်။
ညီလာခံဆိုသည်နှင့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးအကြိုကာလ၊ လွတ်လပ်ရေးရရှိပြီးကာလ တစ်လျှောက်တွင် ပြုလုပ်သည့် သမိုင်းဝင် ညီလာခံ အရပ်ရပ်များကို စာရေးသူမှ လေ့လာသိရှိမိသလောက် ပြန်လည်ထုတ်နုတ်ပါက  ၁၉၄၇ ခုနှစ်၊ ပင်လုံညီလာခံ၊ ၁၉၉၃-၂၀၀၇ အမျိုးသားညီလာခံနှင့် ယနေ့ ပါတီစုံ ဒီမိုကရေစီစနစ်တွင် မကြာသေးသောအချိန်ကာလ ၂၀၁၆ ခုနှစ်မှ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအပါအ၀င်ဆိုလျှင် (၃)ကြိမ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ ညီလာခံ တစ်ရပ်ချင်းစီသည် ထူးခြားသည့် အင်္ဂါရပ်များကို ဖန်တီးယူဆောင်လေ့ရှိသည်ကို တွေ့ရှိနိုင်သည်။ ၁၉၄၇ ညီလာခံမှသည် ၁၉၇၄ မတိုင်မီ ကာလတွင် မြန်မာပြည်ကို ပြည်နယ်များနှင့် ၀ိသေသတိုင်းကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ်နှင့် ၁၉၉၃ ခုနှစ် ညီလာခံမတိုင်မီတွင် ပြည်နယ်နှင့် တိုင်း( ၁၄ )ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၉၃ - ၂၀၀၇ ညီလာခံသည် ပြည်နယ် နှင့် တိုင်းဒေသကြီး(၁၄)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသကို ဖွဲ့စည်း ယူဆောင်ပေးခဲ့သည်။ ညီလာခံတိုင်းသည် ထူးခြားသော ဂုဏ်အင်္ဂါရပ်များကို ယူဆောင်ပေးလာသည့် ယဉ်ကျေးမှုသမိုင်းကြောင်း ရှိခြင်းကြောင့် ၂၀၁၆ ခုနှစ်မှ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် လာမည့် အနာဂတ်များ အတွက် ယူဆောင်ပေးမည့် အမျိုးသားဂုဏ်အင်္ဂါရပ်များကို မိမိတို့ ပအိုဝ်းတိုင်းရင်းသား အပါအ၀င် အခြားသော တိုင်းရင်းသားများအတွက် အလာကောင်းပြီး အခါမနှောင်းစေရန်အတွက် ပြင်ဆင်ရန် လိုအပ်သည်များကို ပြင်ဆင်ထားဖို့ရန်သာ လိုအပ်တော့သည်ကို စာရေးသူ အနေဖြင့် ယူဆမိပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုမှသည် တိုင်းပြည်ကို ဖွဲ့စည်းအုပ်ချုပ်ရန်အတွက် ၁၉၄၇ ခုနှစ်၊ ပင်လုံတွင် ညီလာခံတစ်ရပ် ပြုလုပ်ခဲ့သည်။ ညီလာခံတွင် ပအိုဝ်းအမျိုးသား ခေါင်းဆောင်များ ဖြစ်ကြသည့် ဆီဆိုင်စော်ဘွား စ၀်ခွန်ကြည်ကိုယ်စား ဦးဖြူသည် ရှမ်းစော်ဘွားစု အသွင်ဖြင့်သာ ကိုယ်စားပြုခြင်းနှင့် ဖြားဗွာဦးလှဖေ(သထုံဦးလှဖေ)သည်လည်း ကရင်အမျိုးသားကိုယ်စားလှယ် လေ့လာသူအဖြစ်သာ တက်ရောက် ခြင်းကြောင့် ပအိုဝ်းအမျိုးသား အခွင့်အရေးကို မယူဆောင်နိုင်ခဲ့ပေ။ ပအိုဝ်းအမျိုးသား အခွင့်အရေးများ မယူဆောင်နိုင်အောင်၊ မရရှိအောင် အခြားသော ပယောဂများကြောင့်လော ယနေ့တိုင် ပဟေဋိဆန်နေဆဲပင် ဖြစ်သည်။ သို့သော် ညီလာခံမဟုတ်သည့် ပြင်ပအချိန်ကာလများတွင် အဆိုပါပုဂ္ဂိုလ်များသည် ပအိုဝ်း အမျိုးသားများ လျှောက်လမ်းရမည့် အမျိုးသားရေး လမ်းစဉ်ကို ချမှတ်ပေးခဲ့ကြသည့် သမိုင်းဝင် ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ကိုယ်စားပြုခြင်းသည် ပင်လုံညီလာခံတွင် သင်ခန်းစာပေးခဲ့လေပြီ။ လာမည့် အနာဂတ်များတွင် မိမိတို့ အမျိုးသားရေးဆိုင်ရာ အခွင့်အရေးများ ရရှိစေရန်အလို့ဌာ တိုင်းပြည် တည်ဆောက်ရေး အခန်းကဏ္ဍများတွင် ပါဝင်သော ကိုယ်စားလှယ်သည် မိမိလူမျိုးကို ကိုယ်စားပြုသော အဖွဲ့အစည်း၏ ကိုယ်စားလှယ်ဖြစ်မှ မိမိတို့လူမျိုးကို ကိုယ်စားပြုသော ကိုယ်စားလှယ်ဖြစ်မှ တော်ကာကျမည်ကို ကောင်းစွာသင်ခန်းစာရရှိခဲ့ပါသည်။
၁၉၉၀ ခုနှစ် နအဖ အစိုးရခေတ်တွင် နိုင်ငံတော် တည်ဆောက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်အကောင်အထည်ဖော်ကာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်လာခဲ့သည်။ ငြိမ်းချမ်းရေးရယူပြီးသော အဖွဲ့များသည် သက်ဆိုင်ရာဒေသတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်လာကြသည်ကို တွေ့ရှိနိုင်သည်။ အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီး အကြောင်းအမျိုးမျိုးကြောင့် ငြိမ်ချမ်းရေး မတည်တံ့ပဲ တဖန်ပြန်လည် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလာသော အထူးဒေသများလည်း ရှိသည်။ မိမိတို့ ပအိုဝ်းဒေသတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းလာသည်။ တည်ငြိမ်အေးချမ်းမှုရှိသဖြင့် ပြည်သူများသည် လွတ်လပ်စွာ စိုက်ပျိုးလုပ်ကိုင်လာနိုင်ခြင်း၊ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားလာနိုင်ခြင်း၊ လွတ်လပ်စွာ ပညာသင်ကြားလာနိုင်ခြင်း၊ လွတ်လပ်စွာ အသက်ရှင်သန် နေထိုင်လာနိုင်ခြင်း စသည်များကို ပြည်သူများမှ ခံစားရပြီး ဖြစ်သည်။ ဤသည်များသည် ငြိမ်းချမ်းရေး၏ အသီးအပွင့်များဟု ပြောဆို လက်ခံလာကြသည်မှာ ယနေ့တိုင် ကြားယောင်နေရဆဲဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် နအဖအစိုးရသည် ညင်သာပျော့ပျောင်းစွာဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံ ကျင်းပပေးနိုင်ခဲ့သည်။ ပအိုဝ်းအမျိုးသား ခေါင်းဆောင်များသည် အခြားသော တိုင်းရင်းသား ခေါင်းဆောင်များနည်းတူ အဆိုပါ ညီလာခံတွင် ကိုယ်စားလှယ်များအဖြစ် ပါဝင်တက်ရောက်ခွင့် ရခဲ့လေသည်။ ညီလာခံသည် မြန်မာနိုင်ငံကို ဖွဲ့စည်း တည်ဆောက်မည့်၊ ထိန်းကျောင်းမောင်းနှင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည့် ညီလာခံ တစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် (၃)ကြိမ်တိုင် ရေးဆွဲပြဌာန်းခဲ့ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် နှိုင်းယှဉ်ကြည့်ပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် “ပအိုဝ်း၊ ပလောင်(တအာင်း)၊ ဓနု၊ ကိုးကန့်၊ နာဂ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟူသောစာလုံးသည် ပြဌာန်းချက်တွင် ပါဝင်လာသည်ကို ထူးခြားစွာ တွေ့ရှိ နိုင်ပါသည်။ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်များ စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ ဤသည်များသည် တိုင်းရင်းသား အရေးများကို မျှော်မြင်ပေးသော နိုင်ငံတော် ပုဂ္ဂိုလ်ကြီးများနှင့် သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မျှော်မြင်တတ်သော စွမ်းရည် ပါရမီကြောင့်ပင်ဟု ဆိုနိုင်ပါသည်။ တဖက်တွင်လည်း နယ်မြေဒေသအလိုက် စုစည်းစွာ နေထိုင်ကြသော တိုင်းရင်းသား ပြည်သူများကြောင့်လည်း ဆိုနိုင်ပါသည်။
ယနေ့မြန်မာနိုင်ငံ ဦးတည်လျှောက်လှမ်းနေသည့် လမ်းကြောင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် မောင်းနှင်သွားစေသည်ကို လူတိုင်းလိုလို သိရှိပြီး ဖြစ်သည်။ တိုင်းပြည်ကို ထုဆစ်ပုံဖော်ရန် ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျင်းပပြုလုပ်သော အမျိုးသားညီလာခံကြီးတွင် ပအိုဝ်းတိုင်းရင်းသားလူမျိုးများနည်းတူ အခြားသော ညီနောင်တိုင်းရင်းသားဖြစ်ကြသည့် ၀ ၊ ဓနု၊ ပလောင်(တအာင်း)၊ နာဂ၊ ကိုးကန့် တိုင်းရင်းသားတို့သည်လည်း ၎င်းတို့ အမျိုးသားများ ရသင့်ရထိုက်သည့် လူမျိုးရေးဆိုင်ရာအခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။ ညီလာခံ တက်ရောက်သော ပအိုဝ်းခေါင်းဆောင်ကြီးများသည် ပအိုဝ်းလူမျိုးနှင့် ထိုက်သင့်သည့် အခွင့်အရေးကို တောင်းဆိုစဉ်တွင် တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် စုစည်းပေးရန် အဆိုပြု တင်သွင်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆိုမအောင်မြင်ခဲ့ပေ။ ထို့အတူ ဓနု တိုင်းရင်းသားတို့သည်လည်း ကလောမြို့နယ်ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ထည့်သွင်းရန် အဆိုပြုခဲ့သော်လည်း အဆိုမအောင်မြင်ခဲ့သည်ကို စာရေးသူမှ လေ့လာမိသလောက် သိရှိခဲ့ရပါသည်။ လာမည့်အနာဂတ် တိုင်းပြည်တည်ဆောက်ရေးတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးချင်းစီအတွက် အရေးပါသည့် အရာများထဲမှ တစ်ခုသည် ဆက်စပ်နယ်မြေနှင့်ထက်ဝက်ကျော် လူဦးရေဆိုသော အခြေခံစံတစ်ခုကို တိုင်းရင်းသားလူမျိုးတိုင်း သိရှိထားပြီး ဖြစ်ပေလိမ့်မည်။
နယ်မြေဟုဆိုရာတွင် မူရင်းနယ်မြေခံ တိုင်းရင်းသားတို့ စုစည်းနေထိုင်သော နယ်မြေကို ဆိုလိုပါသည်။ မိမိတို့ ပအိုဝ်းဌာနေတွင် ပအိုဝ်းတိုင်းရင်းသားတို့ အခြေချနေထိုင်လာခဲ့သည့် သမိုင်းစဉ် တစ်လျှောက်ကို ပြန်လည်ရှုမြင်ပါက ယနေ့လို ကိုယ်ပိုင်အုပ်ချုပ် စီမံခန့်ခွဲပိုင်ခွင့်နှင့် တည်ငြိမ်အေးချမ်းတိုးတက်လာသည့် အခြေအနေ ရရှိလာအောင် အရင်းအနှီး စိုက်ထုတ်ခဲ့ရသည်မှာ အသက်ပေးလှူ ရင်းနှီးခဲ့ရသည့် ခေါင်းဆောင်များနှင့် ပြည်သူတို့၏ အသက်ကို လှေကားအဖြစ် မိုးပေါ်သို့ ထောင်မည်ဆိုက မိုးထိအောင် ထောင်နိုင်သည်အထိ ရှိပေလိမ့်မည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးနည်းတူ အခြားသော ဘ၀တူ ညီနောင် တိုင်းရင်းသားများမှလည်း အသက်ပေါင်း များစွာနှင့် အခက်အခဲပေါင်း မြောက်များစွာ စတေးပြီး ရင်းနှီးခဲ့ရပေလိမ့်မည်။ စွန့်စားမှု ရင်းနှီးမှု မရှိပါက အောင်မြင်မှု မရရှိနိုင်ပေ။ ရင်းနှီးခဲ့သလောက် ထိုက်သင့်သည့် ရလဒ်တော့ ယနေ့အချိန်တွင် အားလုံးမြင်တွေ့ရပြီးဖြစ်သည်။ သို့သော်ကား ပြည့်ဝသည့် ရလဒ်တော့ မဟုတ်သေးပေ။ ရသင့်ရထိုက်သည့် အခွင့်အရေးများ ပြည့်ပြည့်၀၀ ရရှိအောင် မိမိတို့တွင် ပိုင်ဆိုင်ထားသော အရေးအရာများကို ဆက်လက်ထိန်းသိမ်း ကာကွယ်သွားရန်လိုအပ်သလို တဖက်တွင်လည်း ဖြည့်တင်းရန် လိုအပ်သည့် အရေးအရာများကို ဖြည့်စွက်ထားရပေမည်။ မိမိတို့ ထိန်းသိမ်းရန် လိုအပ်သော အရာများဆိုသည်မှာ မိမိတို့ တိုင်းရင်းသားများ ပိုင်ဆိုင်နေသည့် ဂုဏ်အင်္ဂါရပ်များဖြစ်သော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ဘာသာစကား၊ စာပေနှင့် မြေယာများကို ဆိုလိုပါသည်။ တိုးတက်ဖြစ်ထွန်းလာသည့် ခေတ်ရေစီးကြောင်းအရ လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါရပ်များဖြစ်သော ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ထိန်းသိမ်းရမည်ကို လူတိုင်း သိရှိထားသော်လည်း မြေယာကို ထိန်းသိမ်းရန် လိုအပ်သည်ကို လူတိုင်း သတိမထားမိကြချေ။ မြေယာသည် အခြားသော အင်္ဂါရပ်များနှင့်မတူ ရောင်းဝယ် နိုင်သောအရာ ဖြစ်ခြင်းကြောင့် ကိုယ့်လူမျိုး၏ အမျိုးသားရေးအတွက် မတွေးတော မစဉ်းစားတော့ပဲ ရောင်းချင်တိုင်းရောင်း၊ ၀ယ်ချင်တိုင်း ၀ယ်ကြတော့သည်။ မြို့ဧရိယာမှသည် ကျေးလက်ဒေသအထိပါ အရောင်းအ၀ယ်ဖြစ်ကြသည်။ မည်မျှထိမြေယာ ရောင်းကြသည်ဆိုလျှင် ယခင်ကာလတစ်လျှောက်လုံးတွင် မိမိတို့မိသားစု ၀မ်းစာဖူလုံရေး အတွက် အလုပ်အကျွေး ပြုပေးသည့် ခြံယာကိုပါမကျန် ရောင်းဖြစ်ခဲ့ကြသည်။ ပအိုဝ်းလူမျိုးတို့သည် တစ်ရွာနှင့် တစ်ရွာ တစ်ဦးနှင့်တစ်ဦး ကြုံကြိုက်တွေ့ဆုံမိလျှင် တစ်ဦးနှင့်တစ်ဦး စကားစမြည် မေးမြန်းပြောဆိုလေ့ရှိကြသည်။ ယနေ့ မြေယာအရောင်းအ၀ယ်ဖြစ်သော ခေတ်တွင် မေးမြန်းပြောဆိုမိသော အကြောင်းအရာအချို့သည်  တစ်ဖက်ရွာသားမှ ပြောဆိုမေးမြန်းရာမှာ “ယောက်ဖ အခုနှစ် ဘာသီးနှံ စိုက်နေလဲ?” တစ်ဖက်ရွာသားမှ “အခုနှစ်တော့ တိုင်စိုက်တယ်” တိုင်ဆိုသည်မှာ မြေယာကို အကွက်ရိုက်ပြီး မြေယာခြံယာပေါ်တွင် တိုင်စိုက်ထားသည်ကို ဆိုလိုလေသည်။ နောက် အခြားသောရွာသားများမှ အဆိုပါနည်းတူ တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောကြရာ “ ယခုနှစ် ကြက်သွန်ကို ဘယ်မှာစိုက်မှာလဲ” တစ်ဖက်မှ ပြန်ပြောရာမှာ “ယခုနှစ်တော့ ကားပေါ်မှာပဲ မိုဘိုင်းစနစ်ဖြင့်(ရွေ့လျားမှုစနစ်) စိုက်တော့မယ်” ဆိုလိုသည်မှာ မြေယာကို ရောင်းချပြီး ၀ိတောက်(Without)ကား ၀ယ်စီးလိုက်ခြင်းကြောင့် စိုက်ပျိုးဖို့ရန် မြေယာ မရှိတော့သဖြင့် ကားပေါ်တွင်သာ စိုက်ရတော့မည်ဟု ဟာသအဖြစ် ပြောဆို ဖြစ်ကြတော့သည်”။ ထို့ကြောင့်ပင် မိမိတို့လူမျိုးမှ ပိုင်ဆိုင်သော မြေယာသည် လူမျိုးခြားဆီသို့ လွယ်လင့်တကူ ရောက်ရှိ သွားကြလေတော့သည်။ မိမိတို့ဒေသသို့ အခြားသော လူမျိုးများ ရောက်ရှိလေလေ မိမိတို့ အမျိုးသားအခွင့်အရေးများ ဆုံးရှုံးလာနိုင်လေလေ ဆိုသည်မှာ မုချပင်ဖြစ်ပေမည်။
ပအိုဝ်းလူမျိုးအများဆုံးနေထိုင်သည့် ရှမ်းပြည်နယ်တောင်ပိုင်းသည် ၁၉၉၁ ငြိမ်းချမ်းရေး တည်ဆောက်ပြီးချိန်တွင် တိုးတက်ဖွံ့ဖြိုးလာသော အခြေအနေနှင့် ပွင့်လင်းလာသော ၂၀၁၀ ခုနှစ် ဒီမိုကရေစီစနစ်ကျင့်သုံးလာပြီး နောက်ပိုင်းတွင် မိမိတို့ပအိုဝ်းဒေသသို့ အခြားသော လူမျိုးခြားများမှ ဒေသ တော်တော်များများတွင် မြေယာ ရယူထားပြီး အဆောက်အဦးများကိုပါ တည်ဆောက်နိုင်ခဲ့လေပြီ။ ယခုဆိုရင်ဖြင့် မိမိတို့ဒေသတွင် လူမျိုးခြားတို့သည် အလံတလူလူနှင့် ၀င့်ကြွားစွာ စိုက်ထူနေကြပြီ ဖြစ်သည်။ မြေယာ ရယူထားနိုင်သည့် အခြားသော လူမျိုးခြားများကို အထင်အမြင်မပေးလိုပဲ အားကျရပေမည်။ မြေယာရောင်းချမှု (တနည်း) မြေယာ ထိုးအပ်မှုပြုသော မိမိတို့လူမျိုးသည်သာ အနာဂတ် အမျိုးသားရေးအတွက် မမျှော်မြင်ပဲ ငွေရလိုသော အလိုရမ္မက် ဖုံးလွှမ်းခြင်းကြောင့်ပင် ဖြစ်သည်။ အခြားသော ညီနောင်တိုင်းရင်းသားများသည်လည်း ပအိုဝ်းတိုင်းရင်းသားများနည်းတူ မြေယာများကို အခြားသော လူမျိုးခြားလက်ထဲသို့ လွယ်လင့်တကူ မရောက်ရှိ နိုင်အောင် သင်ခန်းစာယူ စီမံထားသင့်သည်။
မြေယာသည် သက်ရှိတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်သည်သာမက လူမျိုးတိုင်းအတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံတကာတွင် နယ်နိမိတ်အငြင်းပွားမှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း သူ့ဒေသ၊ ကိုယ့်ဒေသကို စစ်ရေးအရ ကျူးကျော်မှုများ အချို့နေရာတွင် ရှိသလို အများစုတွင် စစ်ရေးအရ ကျူးကျော်မှု မပြုကြသော်လည်း အခြားနည်းလမ်းများဖြင့် ၀င်ရောက်မှု ရှိနေပါသည်။ ယနေ့အချိန်သည် စစ်ရေးခေတ် ကျော်လွန်သည့် နိုင်ငံရေးခေတ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ အတိတ်ကာလလို စစ်ရေးကျူးကျော်မှုများ မပြုလုပ်ကြတော့ပေ။ သို့သော် ပျော့ပြောင်းသော စီးပွားရေးပါဝါတစ်ခုကို အသုံးပြုကာ သူ့ဒေသကို ကိုယ့်ဒေသအဖြစ် ရရှိအောင် သူ့ဒေသသည် သူ့လက်ဝယ်တွင် မရှိအောင် ရည်ရွယ်ချက်ကိုယ်စီဖြင့် နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း စီမံကိန်းအလိုက် ၀င်ရောက်မှုများ ရှိနေသည်ကို ကြည့်တတ်သူက မြင်နေရပေလိမ့်မည်။ ယခုမိမိတို့ ဒေသသို့ အဆိုပါ ဘာသာရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ၀င်ရောက်လာမှုများ ရှိနေပြီလော?? မြင်အောင် ကြည့်စေချင်ပါသည်။ အကယ်၍ အဆိုပါ မြေယာများသည် လူမျိုးခြား မြေယာအဖြစ်သို့ ရောက်ရှိသွားပါက သမိုင်းမှ ပြောဆိုသွားသော မိမိတို့လူမျိုး အခြေချ နေထိုင်လာခဲ့သည့် မြေယာပေါ်တွင် နှင်ထုတ်မှုအကြိမ်ကြိမ်နှင့် ဖိနှိပ်မှုအဖုံဖုံကို မခံရလေအောင် အသက်ပေးလှူ ကာကွယ်ပေးခဲ့ကြသည့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အမျိုးသားဂုဏ်အင်္ဂါ တည်ဆောက်ပေးမှုကို မိမိတို့ လက်ထဲတွင်မှ အပျက်ခံမည်လော?? ယခုပစ္စုပ္ပန်ကာလ ဖြစ်တည်လာမှု အခြေအနေအရ မိမိတို့ဒေသသို့ နိုင်ငံရေးအရ၊ စီးပွားရေးအရနှင့် ဘာသာရေးအရ ၀င်ရောက်လာမှုကို သတိမမူ ဂူမမြင်ပဲ လက်သင့်ခံမည်လော?? အနာဂတ် အမျိုးသားနိုင်ငံ တည်ဆောက်မှုတွင် ဆက်စပ်နယ်မြေနှင့် ထက်ဝက်ကျော် လူဦးရေဆိုသည်ကို မျက်ကွယ်ပြုနေမည်လော?? ဟု အမျိုးသား ဂုဏ်အင်္ဂါရပ်များနှင့်အညီ ထိုက်သင့်သော အမျိုးသားရေး အခွင့်အရေးကို လိုလားသော မျိုးချစ်တိုင်းရင်းသား ပြည်သူများကို မေးခွန်းပန်လိုပါသည်။
အမျိုးသားနိုင်ငံတည်ဆောက်မှု (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံတည်ထောင်မှု သမိုင်းတွင် တိုင်းရင်းသားလူမျိုးများအတွက် ထိုက်သင့်သည့်အခွင့်အရေးများ အပြည့်အ၀ မရရှိခဲ့သည်ကို လာမည့် ညီလာခံမှသည် အနာဂတ်ကာလများတွင် ပအိုဝ်းလူမျိုးနှင့်ဘ၀တူ ညီနောင်တိုင်းရင်းသားများအတွက် အခွင့်အရေးများ ရရှိလာအောင် ထိန်းသိမ်းရမည့် ဂုဏ်အင်္ဂါရပ်များကို ထိန်းသိမ်းနိုင်ပါမှ၊ ဖြည့်ဆည်းရမည့် အရာများကို ဖြည့်ဆည်းထားနိုင်ပါမှသာ မိမိတို့ တိုင်းရင်းသားလူမျိုးများဘ၀ မျက်နှာပန်းလှနိုင်မည်ဖြစ်ကြောင်း ဆန္ဒပြုရင်း တင်ပြလိုက်ရပါသည်-

ခွန်ဗန်ထို၊ စမ်းဖက်ရွေ၊ ခွန်ဖြားဗွာခမ်း

Powered by Blogger.