Wednesday, March 2, 2016

၂၀၁၆-ခုနှစ်၊ မတ်လ(၁၀)ရက် ကြာသပတေးနေ့တွင် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ပွဲ စတင်ကျင်းပတော့မည်


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၃) ရက်


၂၀၀၈ - ဖွဲ့စည်းပုံအရ ဒုတိယကြိမ် လွှတ်တော်များ
၁။ ဥပဒေပြုရေးအာဏာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမ အပေါင်းတို့ခင်ဗျား- ယခုဆိုလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ပထမကြိမ် ဥပဒေပြုရေးအာဏာ ဖြစ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ သက်တမ်းသည် ပြီးခဲ့သည့် ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလ(၃၁)ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီး ဖြစ်ပါသည်။ ဒုတိယကြိမ် လွှတ်တော်သက်တမ်းအတွက် ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင် မိဘပြည်သူညီအစ်ကိုမောင်နှမများ ဆန္ဒမဲပေးရွေးချယ်ပြီး အနိုင်ရရှိခဲ့ကြသည့် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များအားလုံး ၂၀၁၆-ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ဒုတိယကြိမ် လွှတ်တော်သက်တမ်း အစည်းအဝေးကို စတင်ကျင်းပပြုလုပ်နေကြပြီ ဖြစ်ပါသည်။
၂၀၁၆-ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စတင်ကျင်းပသည့် လွှတ်တော်များသည် လွှတ်တော်အသီးသီး၏ အကြီးအမှူးများ၊ ဒုတိယအကြီးအမှူးများ ရွေးချယ်တင်မြှောက်ပြီး လွှတ်တော်များ၏ အမြဲတမ်းကော်မတီများနှင့် လိုအပ်ချက်အရ ထပ်မံဖွဲ့စည်းရန် လိုအပ်သည့် ကော်မတီများ၊ ကော်မရှင်များသည်လည်း ဖွဲ့စည်းနေကြပြီး ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ မည်သူဖြစ်မည်လဲ
၂။ အုပ်ချုပ်ရေးအာဏာ
နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့သည် လာမည့် ၂၀၁၆-ခုနှစ်၊ မတ်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နောင်သက်တမ်း(၅)နှစ်အတွက် နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာကို ဦးဆောင်မည့် နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရအဖွဲ့ကို လက်ရှိ နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများ သက်တမ်းမကုန်ဆုံးမီ ဒုတိယအကြိမ်သက်တမ်းအတွက် ဆက်လက်တာဝန်ယူမည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းခြင်းမပြုမီ ရှေးဦးစွာ ဒုတိယသမ္မတလောင်း(၃)ဦးကို အစုအဖွဲ့လိုက် ရွေးချယ် တင်မြှောက်ပေးရမည် ဖြစ်ပါသည်။ ဒုတိယသမ္မတလောင်း(၃)ဦး ရွေးချယ်တင်မြှောက်ရမည့်ရက်ကို စောလျင်စွာ ကျင်းပနိုင်ရန်အတွက် ၂၀၁၆-ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် တနင်္ဂလာနေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက် ခြင်းဆိုင်ရာ နည်းဥပဒေ(၄)နှင့်အညီ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယသမ္မတလောင်း အဆိုပြုခြင်း အစည်းအဝေးကို စတင်ကျင်းပပြုလုပ်ရန် သတ်မှတ်ကြေညာထားသည့် ၂၀၁၆-ခုနှစ်၊ မတ်လ(၁၇)ရက်နေ့ ကြာသပတေးနေ့အစား တစ်ပတ်ရှေ့တိုးပြီး ၂၀၁၆-ခုနှစ်၊ မတ်လ(၁၀)ရက် ကြာသပတေးနေ့တွင် စတင်ကျင်းပပြုလုပ်သွားရန် ပြင်ဆင်သတ်မှတ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကကြီး ဦးမန်းဝင်းခိုင်သန်း မှ ၂၀၁၆-ခုနှစ်၊ မတ်လ(၁) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့တွင် ကြေညာသွားပြီးဖြစ်ပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝှမ်းရှိ မဲဆန္ဒရှင်မိဘပြည်သူအပေါင်းသို့ အသိပေး အကြောင်းကြားလိုက်ရပါသည်။

၃။ ဒုတိယသမ္မတလောင်း ရွေးချယ်တင်မြှောက်ပုံ
ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်အစုအဖွဲ့၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ စသည့် အစုအဖွဲ့ (၃)မှ အစုအဖွဲ့တစ်ဖွဲ့စီ ဒုတိယသမ္မတလောင်း(၁)ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ပေးရမည် ဖြစ်ပါသည်။

၎။ ဒုတိယ သမ္မတလောင်း(၃)ဦး ရွေးချယ်ပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပုံ
နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် ပထမဦးစွာ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ဖွဲ့စည်းရမည် ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွင် ပါဝင်သည့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နှင့် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ ဟူ၍ အစုအဖွဲ့(၃)ဖွဲ့ဖြင့် ဖွဲ့စည်းရမည် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းပြီးပါက နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက် နိုင်ရန် ပထမဦးစွာ အစုအဖွဲ့တစ်ဖွဲ့စီမှ ရွေးချယ်တင်မြှောက်ပြီးသည့် ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ၊ မရှိကို ပြည်ထောင်စုလွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့်အဖွဲ့က စိစစ်ပေးရမည် ဖြစ်ပါသည်။ စိစစ်ပြီးပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်း များဖြစ်သည့် ဒုတိယသမ္မတ(၃)ဦးအနက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက မိမိတို့ ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ပေးရမည် ဖြစ်ပါသည်။ ဆန္ဒမဲအများဆုံးရသည့် ဒုတိယသမ္မတလောင်းတစ်ဦးသည် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမည် ဖြစ်ပါသည်။ ဒုတိယဆန္ဒမဲ အများဆုံးရမည့် ဒုတိယသမ္မတလောင်းတစ်ဦးသည် ဒုတိယသမ္မတ(၁)အဖြစ် ရွေးချယ် တင်မြှောက်ခံရမည် ဖြစ်ပါသည်။ တတိယဆန္ဒမဲ အများဆုံးရမည့် ဒုတိယသမ္မတလောင်းတစ်ဦးသည် ဒုတိယ သမ္မတ(၂)အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရမည် ဖြစ်ပါသည်။
ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများ ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မိဘပြည်သူတို့ စိတ်ကြိုက်ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ လာမည့် ၂၀၁၆-ခုနှစ်၊ မတ်လ (၁၀)ရက် ကြာသပတေးနေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်း အဝေးတွင် အစုအဖွဲ့အသီးသီးမှ ရွေးချယ်တင်မြှောက်မည့် ဒုတိယသမ္မတလောင်း(၃)ဦး မည်သူမည်ဝါဖြစ်မည်နည်း နှင့် ရွေးချယ်တင်မြှောက်ပြီးပါက မည်သူမည်ဝါ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရမည်ကို မဲဆန္ဒ ရှင် မိဘပြည်သူများ စိတ်ပါဝင်စားစွာ စောင့်မျှော်ကြည့်ရှု လေ့လာကြလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ဤဆောင်းပါးဖြင့် တင်ပြရင်း နိဂုံးချုပ်လိုက်ရပါသည်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ၍ ရွင်လန်းချမ်းမြေ့ကြပါစေ
       ခွန်အောင်နိုင်(ပီး)
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) 
    လွှတ်တော်ရေးရာဌာန

Powered by Blogger.