Monday, April 4, 2016

ရှေးဟောင်းသမိုင်းဝင် မွေတော်နမ့်စစ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၅) ရက်






ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စု ရှေးဟောင်းသမိုင်းဝင် မွေတော်နမ့်စစ်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကို ၂၀၁၆ ခုနှစ်၊ မတ်လ (၃၁) ရက်၊ တနလာင်္နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ယင်း ဗုဒ္ဓပူဇနိယ ပွဲတော်ကို ပအိုဝ်းမျိုးသားခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထီကိုယ်တိုင် တက်ရောက်အားပေး၍ ၎င်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်နှင့် တပေါင်းလပြည့်ကျော် (၈) ရက်နေ့တွင် ကျင်းပကြပြီး ဘုရားတကာ၊ ကျောင်းတကာများဖြစ်ကြသော ပင်စုံကျေးရွာအုပ်စု၊ ပုံလောဝ်ကျေးရွာအုပ်စု၊ ဟံးနျားကျေးရွာအုပ်စု၊ ဆောင်ဖိုးကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စုမှ ပအိုဝ်းဒါယကာ၊ ရှမ်းဒါယကာနှင့် ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့များက ဦးဆောင်၍ ရှေးဟောင်းအမွှေအနှစ်များကို ဆက်လက်ထိန်းသိမ်းသောအားဖြင့် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ  ကျင်းပကြပါသည်။
ယခုနှစ်တွင် ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်သည် ပင်စုံဆရာတော် ဘန္ဒန္တဦးသုမင်္ဂလာ ဦးဆောင်တည်ဆောက်ထားသော ဓမ္မာရုံ ရေစက်ချပွဲအပါအ၀င် အခြားသော လှူဒါန်းဖွယ်ရာ ၀တ္တုအစုစုတို့ကို ဆိုက်ခေါင် ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက် ပဓါန နာယက ဆရာတော် ဘန္ဒ န္တ က္ကုန္ဒာစာရိယထံ ငါးပါးသီလခံယူစောင့်တည်ပြီး အနုမောဒနာ တရားဟောကြားပေးခဲ့ပါကြောင်း သိရှိရပါသည်။
တရားမနာခင်အချိန်တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထီသည် ပွဲတော်လာ ဧည့်ပရိတ်သတ်များနှင့် ဒေသခံမိဘပြည်သူများအား ရှေးဟောင်းဘုရားအမွှေအနှစ်များကို ကိုးကွယ်ရခြင်း၏ အကျိုးကျေးဇူးများ ထိန်းသိမ်းရခြင်း၏ အကျိုးကျေးဇူးများ ဗုဒ္ဓဘုရားရှင်၏ ဖြစ်စဉ်များ ယခင်က သာသနာအခြေအနေများ ယနေ့ခေတ် သာသနာတော်အခြေအနေများ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တ၀င့် ဟောကြားသွန်သင်ဆုံးမပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်အောင်းထွိုက်ဗွေ



Powered by Blogger.