Monday, April 4, 2016

“လုပ်အားတန်းဖိုး တို့မြတ်နိုး”


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၅) ရက်


 “လုပ်အားတန်ဖိုးတို့ချစ်မြတ်နိုး” ဟူသောစကားကို လူတိုင်းကြားဖူးကြသည်မှာ အမှန်ပင်ဖြစ်သည်။ ဤစကားသည်ဆောင်ပုဒ်တစ်ခုဖြစ်သည်နှင့်အညီ သတင်းစာ၊ ဂျာနယ်၊ စာအုပ်စာတမ်း၊ ရေဒီယိုနှင့် ဟောပြောပွဲများ၊ သင်ကြားပို့ချချက်များ၊ ဆွေးနွေးပွဲများ စသည်တို့တွင် မကြာခဏ ကြားဖူးကြမည် ဖြစ်ပါသည်။ သို့သော် “လုပ်အားတန်ဖိုး” ဆိုသည်မှာ အဘယ်နည်း၊ လုပ်အားတန်းဖိုးကို အဘယ်ကြောင့် ချစ်မြတ်နိုးရသနည်း၊ အဘယ်ကြောင့်ချစ်မြတ်နိုးရန်လိုသနည်း ဟူသောအမေးပုစ္ဆာ၏အဖြေကို သိသူကား အလွန်နည်းပါးမည်ဟု ကျွန်ုပ်ယူဆပါသည်။ ထို့ကြောင့် လုပ်အားတန်ဖိုးအကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။
“ အလုပ် လုပ်မှ ထမင်းစားရတာပဲ”၊ “သွေးချွေးအကျခံထားရတဲ့ ကိုယ်ကိုယ်ပိုင်လုပ်အားပဲ”၊ “အရာဝတ္ထုပစ္စည်းတွေကို ဖန်တီးနေတာ ဒီလုပ်အားပဲ၊ ဒါတွေကြောင့်လုပ်အားတန်းဖိုးကို ချစ်မြတ်နိုး ရတာပေါ့၊ ချစ်မြတ်နိုးရန်လိုတာပေါ့” ဟူသောအဖြေမျိုးကို လူတိုင်းပေးနိုင်၊ ပေးတတ်ကြမည်မှာ မှန်ပေသည်။ သို့သော် ၎င်းအဖြေများသည် မပြည့်စုံသေးသော တစ်ဝက်တစ်ပျက်သာမှန်ကန်သော အဖြေများသာ ဖြစ်သည်ဟု ဆိုလိုချင်ပါသည်။ ယနေ့ခေတ်တွင် လုပ်အားခေတ်ဖြစ်လာသောကြောင့် လုပ်အားတန်ဖိုး အကြောင်းကို သေချာစွာသိထားရန် လိုပေသည်။ ယခုခေတ်လူငယ်များသည် ခေတ်စနစ်နှင့်အညီ လုပ်အားတန်ဖိုးကို ပိုမိုသိရှိထားရန် လိုအပ်ပေသည်။ သို့မှသာ မိမိ၏ လုပ်အားအပါအ၀င် နိုင်ငံတော် ကုန်ထုတ်လုပ်မှုတွင် ပါဝင်နေကြသော အလုပ်သမားများ၏ လုပ်အားတန်ဖိုး သမိုင်း၊ လုပ်အား၏ အရေးပါပုံ၊ လုပ်အားတန်ဖိုးကိုချစ်မြတ်နိုးရန်  လိုအပ်ပုံတို့ကို သဘောပေါက်ပေမည်။ ထိုသို့ သဘောပေါက်မှသာ အလုပ်လုပ်ရသည့် “အရသာ” ကို ပို၍ သိမြင်ခံစားတတ်လာမည်ဖြစ်သည်။ လုပ်အားကို တန်ဖိုးထားတတ်ရန် သိမြင်လာခဲ့သည်မှာ ကာလအားဖြင့် မကြာသေးသည်မှာ အမှန်ပင်ဖြစ်ပါသည်။  
ဤကမ္ဘာလောကကြီးထဲတွင် ဥစ္စာဓနများကိုလူနည်းစုက လက်ဝါးကြီးအုပ်ထားသမျှကာလပတ်လုံး လူအချုင်းချင်းမတရားအနိုင်ကျင့်မှု၊ အချင်းချင်းသွေးစုတ်ခြယ်လှယ်မှု၊ အကျင့်စာရိတ္တများ ပျက်စီးမှုနှင့် လူ အများစု ဆင်းရဲဒုက္ခရောက်နေမှု ရှိနေမည်ဖြစ်ကြောင်း၊ အကျင့်သိက္ခာ၊ စာရိတ္တကောင်းပြီး လူအချင်းချင်း၊ စာနာမှု၊  အချင်းချင်းရိုင်းပင်းကူညီမှုတို့အပေါ် အခြေခံဆက်ဆံ ပေါင်းသင်းနေထိုင်မှသာ စိတ်၏ချမ်းသာ ခြင်း၊ ကိုယ်၏ကျန်းမာခြင်းအဖြာဖြာနှင့်ပြည့်စုံပြီး လူတိုင်းနေချင်စဖွယ် သာယာလှပသော လောကကြီး ဖြစ်နိုင်မည်ဖြစ်ကြောင်း ပညာရှင်များက ရေးသားထားသော်လည်း ပညာရှင်များကလူအများ၏ ဆင်းရဲ နေမှုများ အကြောင်းရင်းကို မဖော်ထုတ်နိုင်ခဲ့ပေ။ ဆင်းရဲဒုက္ခမှ လွတ်နိုင်သည့်နည်းလမ်းများကို လမ်းညွှန် ပြုခဲ့ကြသော်လည်း အခြေအနေအရ လက်တွေ့မဖြစ်နိုင်သော စိတ်ကူးယဉ် ကွန့်မြူးချက်ကသာ များနေခဲ့ခြင်းကြောင့် မြင်လိုသောလောက၊ ဖြစ်လိုသောလောကမှာ မပေါ်လာပဲ ဆင်းရဲချမ်းသာကွာဟမှု၊ ပစ္စည်းဥစ္စာခွဲဝေခြင်း မညီမျှမှု၊ လူတန်းစားမညီမျှမှု၊ ကြီးနိုင်ငယ်ညင်းမှု စသည်တို့မှာ တစ်ဆင့်ပြီးတစ်ဆင့် ပိုတိုး၍လာခဲ့သည်။ ၎င်းနှင့်အတူ ခေတ်ကာလကိုပြုပြင်ချင်သော ပညာရှင်များကလည်း တစ်ခေတ်ပြီး တစ်ခေတ်ပေါ်ထွန်းလာခဲ့သည်။ ပညာရှင်များ၏ အယူအဆများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မှန်ခဲ့ ကြသော်လည်း လူ့လောကတစ်ခုလုံးကို အကျုံးဝင်အောင် ပြည့်စုံသောအဖြေကို မပေးနိုင်ခဲ့ပေ။
လူနည်းစုက ဥစ္စာဓနအများစုကို ပိုင်ဆိုင်ထားကြပြီး လူအများစုက ဥစ္စာဓနမပိုင်ဆိုင်ကြရာမှ မညီမျှမှု၊ မမျှတမှုတို့ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် စီးပွားရေးပညာရှင်ခေါ် ဘောဂဗေဒ ပညာရှင်လည်း ပေါ်ပေါက်ခဲ့သည်။ ၎င်းဘောဂဗေဒ ပညာရှင်များသည် ဆက်လက်၍ ဥစ္စာဓနကို မည်သူ ဖန်တီးသနည်းဟု စူးစမ်းရှာဖွေခဲ့ကြသည်။ တစ်နည်းအားဖြင့် ယင်းဥစ္စာဓနများကို ဖြစ်ပေါ်စေသည့် အဖြေကို အလေးအနက်ထားကာ စူးစမ်းရှာဖွေခဲ့ကြသည်။ ဤတွင်ဥစ္စာဓန၏ အရင်းခံသည် ရွှေတုံးများ ဖြစ်ကြောင်း ပထမဦးဆုံး တင်ပြခဲ့သည်။ ရွှေတုံးရွှေခဲများများ ပိုင်ဆိုင်သည့်လူပုဂ္ဂိုလ်ဖြစ်စေ၊ နိုင်ငံဖြစ်စေ ချမ်းသာ၍ သြဇာအာဏာရှိသည်။ ထို့ကြောင့် သြဇာအာဏာရှိသော တောင့်တင်းခိုင်မာသော လူပုဂ္ဂိုလ် သို့မဟုတ် နိုင်ငံဖြစ်စေလိုလျှင် ရွှေတုံး၊ ရွှေခဲများ ရအောင်စုဆောင်းရမည်ပင်ဖြစ်သည်။ ဥစ္စာဓန၏ အရင်းခံသည် ရွှေတုံးရွှေခဲများဖြစ်သည်ဟူသည့် အချက်များကို လက်ခံခဲ့ကြသော်လည်း ဥစ္စာဓနဖန်တီးသူမှာ ကုန်သည်လူတန်းစားများသာဖြစ်သည်ဟူသော အယူအဆသစ်တစ်ခုကို အဆိုပြုခဲ့ကြ သည်။
၎င်းတို့၏ အကြောင်းပြချက်မှာ ကုန်သည်လူတန်းစားများသည် တစ်နေရာမှ ကုန်ပစ္စည်းကို ဈေးနှုန်းတစ်မျိုးဖြင့်ဝယ်၍ အခြားတစ်နေရာသို့ ၀ယ်ဈေးထက်မြင့်သော ဈေးနှုန်းနှင့်ရောင်းချခြင်းဖြင့် အမြတ်ရအောင် ဖန်တီးပေးကြသူများဖြစ်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ကုန်သည်များသည် ဥစ္စာဓနကို ဖန်တီးသူများဖြစ်ကြပြီး ရွှေငွေပိုလျှံတိုးပွားလာသည်နှင့်အညီ လူတစ်ဦးစီအနေနှင့်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ အနေနှင့်ဖြစ်စေ၊ အင်အားသြဇာအာဏာလည်း တိုးပွားလာသောကြောင့် ကုန်သည်များ ဥစ္စာဓန၏အရင်းခံ ဖြစ်သည်။ ခေတ်စနစ် ပြောင်းလာသည့်နောက်ပိုင်းတွင် ဥစ္စာဓနကို ဖန်တီးသူမှာ ကုန်သည်လူတန်းစားများ မဟုတ်၊ ဥစ္စာဓန၏အရင်းခံသည်လည်း ရွှေငွေမဟုတ်၊ နိုင်ငံတစ်နိုင်ငံ၏ ဥစ္စာဓနကိုဖန်တီးသူတို့မှာ လယ်ယာစိုက်ပျိုးသူ တောင်သူလယ်သမားများ ဖြစ်ကြသည်။ ဥစ္စာဓနကို အမှန်တကယ်ဖန်တီးသည့် အရင်းခံမှာလည်း လယ်ယာကဏ္ဍသာ ဖြစ်သည်ဟုဆိုလာသည်။ ၎င်းတို့က ကုန်သည်လူတန်းစားတို့သည် ကုန်ပစ္စည်းများကို ထုတ်လုပ်သူများမဟုတ်၊ ကုန်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်၍ ဖလှယ်မှုပြုလုပ်နေကြသော သူများသာဖြစ်သည်။ ကုန်ပစ္စည်းကိုလွှဲပြောင်းလက်လွှဲဖြစ်အောင် လုပ်ပေးသူ များသာ ဖြစ်သည်။ ကုန်သည်တို့သည် ပစ္စည်းဥစ္စာဓနကို တိုးပွားအောင်မပြုလုပ်နိုင်ပါ။ ရွှေခဲ ၊ ငွေခဲများ သည်လည်း လူအများစားသုံးမှုကို အထောက်အကူမပြုနိုင်ပါ။ ထို့ကြောင့် ဥစ္စာဓနဖန်တီးသူများမှာ ရွှေတုံး၊ ရွှေခဲများလည်းမဟုတ်၊ ကုန်သည်များလည်းမဟုတ်တော့ပါ။ တောင်သူလယ်သမားများသည် မြေကို ထွန်ယက်စိုက်ပျိုးရာ၌ မူလစိုက်ပျိုးသော ပမာဏထက် ပိုလျှံသောပမာဏကို ထုတ်လုပ်နိုင်စွမ်းရှိသဖြင့် ဥစ္စာဓနကိုတိုးပွားအောင်ဖန်တီး ပေးနိုင်သူများဖြစ်သည်။ တောင်သူလယ်သမားများသာလျှင် လက်ရှိ လူဦးရေအပြင် တိုးနေသောလူဦးရေကို ကျွေးမွေးထောက်ပံ့နိုင်မည့် ထုတ်ကုန်ကို ထုတ်လုပ်ပေးနေသူများ ဖြစ်သည်။ ထို့ကြောင့် ဥစ္စာဓနကိုဖန်တီးသူများမှာ တောင်သူလယ်သမားများသာဖြစ်ပြီး ဥစ္စာဓန၏အရင်းခံ သည်လည်း လယ်ယာကဏ္ဍသာဖြစ်သည်ဟု ယူဆခဲ့ကြသည်။ သို့သော် အထက်ဖော်ပြခဲ့သောအယူအဆ များအားလုံးသည် မမှန်ကန်ခဲ့ ချေ။ အဘယ်ကြောင့်ဆိုသော် “လုပ်အား” အကြောင်းကို လုံးဝမတွေးတော မစူးစမ်းခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လုပ်အားရှင်အလုပ်သမားတို့၏ အခန်းကဏ္ဍမှာလည်း မှေးမှိန် ခဲ့ရပေသည်။
နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူတစ်ဦးချင်းစီ၏ ဥစ္စာဓန အရင်းခံသည် ရွှေလည်းမဟုတ်၊ ငွေလည်း မဟုတ်၊ လယ်ယာကဏ္ဍလည်းမဟုတ် တိုင်းပြည်တစ်ပြည်ရှိ ဥစ္စာဓနမှန်သမျှကို ၎င်းတိုင်းပြည်ရှိ အလုပ်သမားတို့၏ “ လုပ်အား” ဖြင့် အားစိုက်ပြုလုပ်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ဥစ္စာဓန၏ အရင်းခံသည် “ လုပ်အား” ပင်ဖြစ်သည်။ လုပ်အားသာမရှိလျှင် မည်သည့်ပစ္စည်းမှဖြစ်ပေါ်မည်မဟုတ်ပေ။ သို့သော် ဥစ္စာဓန၏အရင်းခံသည် လုပ်အား၊ ဥစ္စာဓနကိုဖန်တီးသူသည် လုပ်အားရှင်လုပ်သားပင် ဖြစ်စေကာမူ လုပ်အား၏အခန်းကဏ္ဍသည်လည်းကောင်း၊ လုပ်သား၏အခန်းကဏ္ဍသည်လည်းကောင်း နေရာမှန်သို့ ရောက်နိုင်ခြင်းမရှိ အဖိနှိပ်ခံဘ၀တွင်သာရှိသည်။ ဤသို့ဖြစ်ရသည်ကို ဆက်လက်ရေးသား ရမည်ဆိုပါက အရင်းရှင်စနစ်ကို တရားခံအဖြစ် မြင်တွေ့လာခဲ့မိသည်။ အရင်းရှင်တို့သည် အမြတ်ရရှိရေး အတွက် ကုန်ထုတ်လုပ်ကြရာ၊ ကုန်ထုတ်လုပ်မှုတွင် အဓိကကျသော “လုပ်အား” အရေးပါပုံကို မဖော်ထုတ်နိုင်ရုံသည် သာမက နည်းမျိုးစုံဖြင့် လုပ်အားကို ဖုံးကွယ်ထားခဲ့ကြသည်။ ဤသို့ဖုံးကွယ်ထား နိုင်မှသာ အလုပ်သမားတို့၏လုပ်အားကို မိမိတို့စိတ်တိုင်းကျ ခြယ်လှယ်အမြတ်ထုတ်နိုင်မည် ဖြစ်သော ကြောင့်ဖြစ်သည်။  ဤနည်းဖြင့် အရင်းရှင်တို့သည် အလုပ်သမားများ၏ လုပ်အားကို အမျိုးမျိုးခြယ်လှယ် သွေးစုပ်ပြီး ကြီးပွားချမ်းသာကြသည်။ သို့သော် အလုပ်သမားများသည် ဥစ္စာဓနပိုင်ရှင်အစစ်ဖြစ်ကြ၍ အရင်းရှင်များကို တော်လှန်ဖြုတ်ချခဲ့ကြသည်။
ဤမျှဆိုလျှင် လုပ်အားရှင်တို့လုပ်အားနေရာမှန်ရောက်ရှိရေး၊ လုပ်အားတန်ဖိုး အပြည့်အ၀ခံစားရ ရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ရသည့် သမိုင်းကြောင်း၏ခရီးကြမ်းကို သိသလောက်ရှိသွားပြီဖြစ်ကြောင်း ယူဆပါသည်။ သို့သော် အချို့အရင်းရှင်နိုင်ငံများတွင် အလုပ်သမားများသည် ယနေ့တိုင်မိမိတို့၏ လုပ်အား များကို ခေါင်းပုံဖြတ်ခြယ်လှယ်သွေးစုပ်ခံနေရဆဲပင်ဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံသည် ခေတ်စနစ်ပြောင်း လဲလာခြင်းနှင့်အညီ လုပ်အားကိုတန်ဖိုးထားသည့်ခေတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ လုပ်အားတန်ဖိုး နှင့် အညီ လုပ်အားရှင်တို့ကိုလည်း ရှေ့တန်းတင်ဂုဏ်ပြုနေပြီဖြစ်သည်။ ယခင်မြေရှင်ခေတ်များတွင် လုပ်အား တန်ဖိုးကိုချစ်မြတ်နိုးပိုင်ခွင့်မရှိခဲ့ပါ။ သို့သော်ယခုအခါမှာပြောင်းလဲလာခဲ့ပြီဖြစ်သောကြောင့် “လူသာ ပဓာန” ၊ “လုပ်အားသည်အဓိက” ဆိုသည့်ခေတ်သို့ ရောက်ရှိလာပြီဖြစ်သည်။ မိမိကြိုးစားလုပ်သမျှ မိမိ အကျိုးနှင့် မိမိ၏သားစဉ်မြေးဆက် အကျိုးစီးပွားအတွက် ဖြစ်နေပြီဖြစ်သည်။ မိမိအလုပ်လုပ်သည်နှင့်အမျှ မိမိ၏လူနေမှုအဆင့်အတန်းသာမက နိုင်ငံအတွက်ပါအကျိုးပြုရာရောက်သဖြင့် အတ္တနှင့်ပရ အကျိုး စီးပွားရေးနှစ်ရပ်ကိုရနိုင်လေပြီဖြစ်သောကြောင့် ခေတ်လူငယ်များသည် မပျင်းမရိပဲ မိမိတို့ကာယဥာဏ စွမ်းဆောင်နိုင်သရွေ့ မိမိလူနေမှုဘ၀မြှင့်တင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် လူတိုင်းအလုပ် လုပ်ရန်တိုက်တွန်း လိုပါသည်။ မိမိလုပ်ကိုင်နေသောမည်သည့်အလုပ်ကိုမဆို မိမိတို့ကိုယ်ပိုင်အလုပ်အဖြစ် သဘောထား၍ မိမိတို့ရရှိသောလုပ်အားကိုလည်း တန်ဖိုးရှိရှိ အသုံးချတတ်ရန် လိုအပ်ပေသည်။ ထို့ကြောင့် မိမိကိုယ်ကို ချစ်လျှင်၊ မိမိတိုင်းပြည်၊ မိမိတို့လူမျိုးကိုချစ်လျှင် “လုပ်အားတန်ဖိုး” ကို  လူတိုင်း“ချစ်မြတ်နိုး” ရမည်ဖြစ်သည်။

ကိုးကားချက်။ ။ ပညာလောကစာစောင် အတွဲ(၃)၊ အမှတ်(၄) ၁၉၇၂ အောက်တိုဘာလ

ခွန်လိုရဲုင်း (လွယ်ကောင်း)
Powered by Blogger.