Thursday, April 7, 2016

ရှမ်းပြည်နယ်၊ ကုန်သွယ်ရေးခန်းမတွင် Government Allocation Budget Watch For Publice Service Financing Training သင်တန်းကို ပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၇) ရက်


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကုန်သွယ်ရေးခန်းမတွင် ၂၀၁၆ခုနှစ် ဧပြီလ(၁)ရက်နေ့မှ (၄)ရက်ထိ   Government  Allocation Budget Watch For  Publice Service Financing Training သင်တန်းကို ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ရှမ်းတောင်မီဒီယာကွန်ယက်မှ ပြုလုပ်ပေးသော ဘတ်ဂျက်ဆိုင်ရာသင်တန်းကို အနယ်အနယ်အရပ်ရပ်မှ သင်တန်းသူ/သား(၁၈)ဦး တက်ရောက်ခဲ့ကြပြီး ဘတ်ဂျက်နှင့်ပတ်သက်၍ ကျွမ်းကျင်သူ ရန်ကုန်မှ ဆရာများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ လာရောက် ပို့ချဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
၎င်းသင်တန်းပြုလုပ်ခြင်းနှင့် ပတ်သက်၍ “ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေက နိုင်ငံမှာ စီမံကိန်းတွေချပြီးတော့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတာရှိပါတယ်၊ ဒီလိုလုပ်ဆောင်နေ တဲ့အပေါ်မှာ သူတို့အသုံးပြုတဲ့ငွေ တစ်နည်းအားဖြင့် ဘတ်ဂျက်ပေါ့ ၊ ဒီဘတ်ဂျက်တွေကို သူတို့ဘယ်လိုပုံစံနဲ့ သုံးနေလဲ။ သူတို့ လုပ်ဆောင်သွားတဲ့အပေါ်မှာရော တာဝန်ယူမှု၊ တာဝန်ခံမှုရှိသလား။ ပြီးတော့ ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိမရှိပေါ့၊ ဒီအပေါ်မှာ သတင်းမီဒီယာသမားများက စနစ်တကျ၊ အချက်အလက်ကျကျ သတင်းရေးသားနိုင်ဖို့ ဆိုပြီးတော့ ဒီသင်တန်းကို ဖွင့်လှစ်ပေးတာပါ” ဟု ရှမ်းတောင်မီဒီယာကွန်ယက် အတွင်းရေးမှူး ဒေါ်မြ၀န်းရံက ပြောကြားသွားပါသည်။
အဆိုပါ ရှမ်းတောင်မီဒီယာကွန်ယက်သည် ရှမ်းပြည်နယ်ရှိ သတင်းမီဒီယာမျိုးဆက်သစ်များ ပျိုးထောင်ရန်၊ ဒေသအခြေစိုက် ပုံနှိပ်မီဒီယာနှင့် အသံလွှင့်မီဒီယာ ပေါ်ပေါက်လာရန်အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားကြောင်း သိရှိပါသည်။

နဂါခွန်

Powered by Blogger.