Wednesday, April 6, 2016

တောင်ကြီးမြို့နယ် ပေါမူကျေးရွာ ဘုရားဖြူစေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၇) ရက်









တောင်ကြီးမြို့နယ် ပေါမူကျေးရွာ ဘုရားဖြူစေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော်(၁၄)ရက်၊ ဧပြီလ ၆-၄-၂၀၁၆ ဗုဒ္ဓဟူးနေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ပြည်နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ပညာသိရီဘိဝံသ အမှူးပြုသော ပင့်ကျောင်းဆရာတော် သံဃာ တော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးခွန်ဝင်းကို နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသမီးအဖွဲ့ဝင်များ၊ အလှူရှင်ဒါယကာ ဒါယိကာမများနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ကြည်ညိုကြပါသည်။
အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်များက တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ပြည်နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ပညာသိရီဘိဝံသထံမှ သရဏဂုံသုံးပါးနှင့် ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် များ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော်များကို နာယူခဲ့ကြပါသည်။
ထို့နောက် အလှူရှင်ဒါယကာများက ဘုရားဖြူစေတီတော်၏ စိန်ဖူးတော်၊ ဌက်မြတ်နားတော်တို့ကို ပြည်နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ပညာသိရီဘိဝံသထံမှ ဆက်ကပ် လှူဒါန်းခဲ့ပြီး၊ ဆက်လက်၍ အလှူရှင်ဒါယကာများနှင့် ပရိသတ်များက ဘုရားဖြူစေတီတော်ကြီး၏ ရတနာ စိန်ဖူးတော်နှင့် ရွှေထီးတော် ငှက်မြတ်နားတော်တို့ကိုပင့်ဆောင်ကာ စေတီတော်အား လက်ယာရစ်လှည့်လည် ပူဇော်ကြပြီး မင်္ဂလာရထားပျံပေါ်သို့ ပင့်ဆောင်၍ အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပူဇော်ကြပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့်အလှူရှင်ဒါယကာ ဒါယိကာမများသည် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဘုရားဖြူစေတီ တော်ကြီးအထွတ်သို့ တင်လှူပူဇော်ကြပါသည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ဆက်လက် ကျင်းပရာ ဘုရားဖြူစေတီတော်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲမင်္ဂလာ အခမ်းအနားသို့ ကြွရောက်ချီးမြှင့် တော်မူကြသည့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ယင်းနောက် ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်သံဃာတော်များအား န၀ကမ္မလှူဖွယ် ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ပညာသိရီဘိဝံသထံမှ အနုမောဒနာတရားယူကြပြီး လှူဒါန်းဖွယ်ရာဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြပါသည်။
၎င်းဘုရားဖြူစေတီတော်ကြီး၏ စေတီအကျယ်အ၀န်းက ၁၀၈-ပေ၊ စေတီဥာဏ်တော်အမြှင့် ၈၂-ပေ၊ ရွှေထီးတော် ၇၂ လက္မ၊ ထီးတော်ဥာဏ်အမြှင့် ၁၈-ပေ၊ အရံစေတီ ၂၄-ဆူ၊ ဘုရားဆင်းတုတော် ဥာဏ်တော် အမြှင့် ၆-ပေ (၄)ဆူ ရှိကြောင်း သိရှိရပါသည်။

ခွန်ပန်းစိန်

Powered by Blogger.