Tuesday, May 17, 2016

သမိုင်းအကြောင်း ဂုဏ်ယူလေ့လာခြင်းနှင့် တန်ဖိုးထားစေခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၇) ရက်


လူမျိုးတိုင်းတွင် သမိုင်းကိုယ်စီရှိကြသည်။ လူ့သမိုင်း၊ နိုင်ငံသမိုင်း၊ သဘာဝသမိုင်း၊ နိုင်ငံသမိုင်းနှင့် အခြားသမိုင်းစသဖြင့် အမျိုးမျိုးရှိကြသည်။ သမိုင်းသည်  အတိတ်ကာလအတွင်းက ဖြစ်ပျက်သမျှကို ရည်ညွန်းသည်။ အတိတ်၏ဖြစ်ရပ်များကို မှတ်တမ်းတင်ထားခြင်းပင်ဖြစ်သည်။ သမိုင်းမှန်မှ သမိုင်းခေါ်နိုင်သည်။
ခေတ်စနစ်များသည် အမြဲပြောင်းလဲနေသည်ကို လူတိုင်းအသိပင်ဖြစ်ပါသည်။ ထို့ကြောင့် ပြောင်းလဲကျန်ရစ်သော ခေတ်၏အကြောင်းများသည် အမိုင်းသဖွယ်ကျန်ရစ်နေခဲ့ကြသည်။ လူမျိုးတစ်မျိုး၏ အတိတ်သမိုင်း ဖြစ်ရပ်သည် ထိုလူမျိုးအတွက်အရေးကြီးလှသည်။ အတိတ်သည် ပစ္စုပ္ပန်ကိုပိုမို၍ နားလည်စေနိုင်သည်။ အနာဂါတ်အတွက် မည်သို့ဖြစ်နိုင်သည်ကိုလည်း မှန်းဆ စေနိုင်သည်။ သမိုင်းအမျိုးမျိုးကို လူများလုပ်ဆောင်ခဲ့ကြပြီး၊ လူများကမှတ်တမ်းတင်အသိအမှတ်ပြု ပေးခြင်းဖြစ်သည်။ လူများ၏ အတ္ထုပ္ပတ္တိတိုင်းသည်လည်း ထင်ပေါ်သည့်သမိုင်းမဖြစ်နိုင်ပေ။ လူတိုင်းသည် မိမိသမိုင်းကို မိမိကိုယ်တိုင်ရေးကြသည်။ အနှစ်သာရမရှိလုပ်ကြံဖန်တီးထားသည့် သမိုင်းတု မဖြစ်ရန်လိုအပ်လှပါသည်။ သို့သော် ရာဇာဝင်တွင်နိုင်သည့်သမိုင်းကို လူတိုင်းမလုပ် ဆောင်နိုင်ပါ။ သေချာသည်တစ်ခုမှာ လူများသည်သူများအရေးထက် မိမိအရေး၊ မိမိလိုအပ်ချက်များ ကို ပို၍ ဦးစားပေးတတ်ကြသည်။ မိမိတို့၏လူမျိုးသမိုင်းကို မသိသောလူမျိုးသည်လည်း မှတ်ဥာဏ်မရှိသော လူတစ်ဦးနှင့် တူသည်။ မိမိတို့၏ လူမျိုးသမိုင်းကိုမေ့နေသောလူမျိုးသည် အတိတ်ကာလတွင် မိမိတို့၏ ဘိုးဘွားများရှာဖွေတွေ့ရှိခဲ့သည်များကို မိမိတို့မှ ပြန်လည်ရှာဖွေရပေဦးမည်။ တီထွင် ထားခဲ့သည်များကို ထပ်မံတီထွင်ရဦးမည်။ ဘိုးဘွားများရင်ဆိုင်သွားခဲ့ရသော အလားတူပြဿနာ များကို ထပ်မံရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်သည်။
သမိုင်းသည် အနာဂတ်မောင်မယ်များအတွက် သင်ယူစရာ၊ နမူနာ၊ သင်ခန်းစာများဖြစ်သည်။ မျိုးဆက်သစ်လူငယ်များက သမိုင်းကိုစိတ်ဝင်စားမှု၊ သိမှတ်လေ့လာမှုအားနည်းနေခြင်းသည် အနာဂတ် တိုင်းပြည်၏ နိုင်ငံရေးကဏ္ဍတွင် ရင်လေးစရာကိစ္စတစ်ရပ် ဖြစ်နိုင်သည်။ အနာဂတ်မောင်မယ်များ ငယ်ငယ်က သမိုင်းအသိနှင့် ပစ္စုပ္ပန်သမိုင်း အသိထပ်တူနေပါက သမိုင်းကို တန်ဖိုးထား ဂုဏ်ယူလေ့လာကြမည် ဖြစ်သည်။ ထို့ကြောင့် သမိုင်းကို အပြင်လောကတွင်ဖြစ်စေ၊ ကျောင်းစာတွင် ဖြစ်စေ အမှန်နှင့် အနှစ်သာရရှိရန်အရေးကြီးလှသည်။ ယဉ်ကျေးမှုမရှိဘဲ သမိုင်းကို စိတ်ကူးရန် ခဲယဉ်းသကဲ့သို့ သမိုင်းမရှိဘဲယဉ်ကျေးမှုကို စိတ်ကူးရန် ခဲယဉ်းလှလေသည်။

ပအိုဝ်းမူပေ(စန္တားခမ်း)

Powered by Blogger.