Sunday, May 15, 2016

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ (၈၀)နှစ်ပြည့် ၀ိဇာတမွေးနေ့ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၅) ရက်


ပအိုဝ်းအမျိုးသားခေါင်းခေါင်းဆောင် ဦးအောင်ခမ်းထီ၏ (၈၀)နှစ်ပြည့် ၀ိဇာတမွေးနေ့ကို မေလ(၁၄)ရက်၊ စနေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကျောက်တလုံးကြီးမြို့၊ ထီလုံရပ်ကွက်၊ ဦးအောင်ခမ်းထီ၏ နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ပအိုဝ်းအမျိုးသာခေါင်းဆောင် ဦးအောင်ခမ်းထီ၏ (၈၀)နှစ်ပြည့် ၀ိဇာတမွေးနေ့ အထိမ်း အမှတ်အနေဖြင့် မနက်ပိုင်း(၆း၀၀)နာရီအချိန်တွင် ရဟန်းသံဃာအပေါင်းတို့ကို ဆွမ်း၊ ခဲဖွယ်များ ဆက်ကပ်လှူဒါန်း၍ မနက်ပိုင်း(၇း၀၀)နာရီအချိန်တွင် တရားနာပြီး (၇း၀၀)နာရီမှ မွန်းလွဲ(၁း၀၀) နာရီအထိတွင် အဘဦးအောင်ခမ်းထီ၏ (၈၀)နှစ်ပြည့် ၀ိဇာတမွေးနေ့ကို ကြွရောက်ချီးမြှင့်ပေးကြကုန်သော ဂုဏ်ကျက်သရေရှိ လူကြီးမင်းအပေါင်းတို့အား ကျွေးမွေးဧည့်ခံခဲ့ပါကြောင်း သိရှိရပါသည်။
အဆိုပါ ၀ိဇာတမွေးနေ့တော်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသော ရှေ့ဟောင်းမွေတော် ကက္ကူစေတီတော်များကို ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ သိန်း(၁၀၀)ကိုလည်း လှူဒါန်းခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် အဘဦးအောင်ခမ်းထီသည် ၁၉၃၆ခုနှစ်၊ ဧပြီလ(၂၇)၊ တနလာင်္နေ့တွင် ဖွားမြင်ခဲ့ပြီး အသက်(၉) နှစ်အရွယ်တွင် နောင်လုံဘုန်းတော်ကြီးကျောင်း၌ ပညာစတင်သင်ကြားခဲ့ကြောင်း၊ အသက်(၁၀)နှစ် အရွယ်တွင် ရှင်သာမဏေအဖြစ် ပညာကိုဆည်းပူးခဲ့ကြောင်း၊ အသက်(၃၅)နှစ်တွင် ရဟန်းဘ၀မှ လူဝတ်လဲ၍ ပအိုဝ်းအမျိုးသားအရေးကို ထမ်းဆောင်ခဲ့ကြောင်း၊ (၄-၂-၂၀၀၃)ခုနှစ်တွင် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရဘွဲ့ကို သော်လည်းကောင်း၊ (၄-၁-၂၀၁၀)ခုနှစ်တွင် ၀ဏ္ဏကျော်ထင်ဘွဲ့ကို သော်လည်းကောင်း ရရှိခဲ့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;






Powered by Blogger.