Sunday, May 15, 2016

သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ကယ်တင်ကြစို့

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၅) ရက်





ကျွန်ုပ်တို့နေထိုင်သောကမ္ဘာတွင် ရေထု၊ မြေထု၊ လေထုဖြင့်ဖွဲ့စည်းထားပြီး အပြန်အလှန် မှီတင်းကာ သံသရာလည်လျက်ရှိသည်။ ကမ္ဘာတွင် သက်ရှိလူ၊ သတ္တ၀ါများ၊ သဘာဝပေါက်ပင် များနှင့် အခြားသဘာဝသယံဇာတများစွာတို့သည် ဒွန်တွဲကာတည်ရှိလေသည်။ ကမ္ဘာတွင် မှီတင်း နေထိုင်ကြသောသတ္တ၀ါများအနက် လူသားသည် ဥာဏ်ပညာအထက်မြက်ဆုံးဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ကို အရောင်ဆိုးသူလည်း ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ဦးရေသည် နာရီမခြား၊ မိနစ်မခြားတိုးပွားလျက်ရှိသည်နှင့်အမျှ သဘာဝသယံဇာတနှင့် ရေကြည်ရာမြက်နုရာသို့ ပြောင်းရွေ့လုယက်ပွဲကြီးလည်း ဖြစ်ပေါ်လျက်ရှိသည်။ လူသားမျိုးနွယ်တိုးပွားလာမှုနှင့်အမျှ လူ့လိုအပ်ချက်နှင့် သဘာဝသယံဇာတအရင်းအမြစ် ပေးစွမ်းနိုင်မှုမှာ များစွာကွာဟလျက်ရှိကာ အလျင်အမြန် ကုန်ဆုံးရတော့သည်။
လူသားတို့၏လိုအပ်ချက်အရ ကုန်ထုတ်လုပ်မှုအတွက် (၂၄)နာရီမပြတ် လည်ပတ်ပေးနေရသည့် စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်သည့် မီးခိုး၊ အခိုးအငွေ့၊ အက်ဆစ်ငွေ့စသည့် စက်ရုံဘေးထွက်ဆိုးကျိုး၊ နျူကလီးယားဓာတ်ပေါင်းဖိုနှင့် နျူကလီးယားစစ်ပွဲကြောင့် လေထု ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေသည်။ တောမီးလောင်ခြင်းကြောင့် သစ်တောဆုံးရှုံးရခြင်း၊ စားဝတ်နေရေးအတွက် စိုက်ပျိုးရန် စားကျက်မြေချဲ့ထွင်ခြင်း၊ ထင်း၊ မီးသွေး စသောလောင်စာအတွက် သစ်တော ခုတ်ထွင်ခြင်းတို့ကြောင့် ယခင်က သဘာဝအလျှောက် စိမ်းစိုနေသော ပတ်ဝန်းကျင်ဆုံးရှုံးရပြီး ဖြစ်သည်။ လူနှင့်အပင်တို့သည် အပြန်အလှန် အကျိုးပြုလျက်ရှိသည်။ လူတို့သည် အပင်မှထုတ် လွှတ်သော အောက်စီဂျင်ကိုရှူသွင်း၍ အသက်ရှင်ကြပြီး၊ အပင်သည် လူတို့မှ ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဆုပ်ယူပါသည်။ ထို့ကြောင့် လေထုညစ်ညမ်းမှုဖြစ်ခြင်းသည် ရာသီဥတု ဖောက်ပြန်ခြင်းနှင့် လူတို့၏ အသက်ရှူမှုပြသာနာကို အကျိုးသက်ရောက်စေသည်။ လွန်ခဲ့သော (ဆယ်)စုနှစ်ကပင် နေရောင်ခြည်မှကျရောက်တတ်သည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ် ပေးသော အိုဇုန်းလွှာကို ကျွန်ုပ်တို့လူသားကပင် ဖျက်ဆီးခဲ့လေပြီ။
“ဥတုရာသီ တောကိုမှီ၏” ဆိုသောစကားအတိုင်း တောများပြုန်းတီးမှု တိုးပွားလာသည် နှင့်အမျှ ဟန်ချက်ညီညီ ပြောင်းလဲနေသော ရာသီဥတုလည်း ကမှောက်ကမဖြစ်ရလေပြီ။ “အရိပ်ခိုခို အခက်ချိုးချိုး” မဖြစ်ရလေအောင် တောတောင်ရေမြေကို ကျွန်ုပ်တို့ကမ္ဘာ လူသားအားလုံး  ၀ိုင်းဝန်းပြီးကယ်တင်ရန်မှာ လွန်စွာအလေးနက်ထားပြီး ဆောင်ရွက်သင့်ပေသည်။ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား” ဟူသော စကားရပ်နှင့်အညီ ဆောင်ရွက်ကြရန်မှာ ကျွန်ုပ်တို့လူသား၏ တာဝန်ပင်ဖြစ်သည်။

သက်ရှိသတ္တ၀ါနှင့် အပင်တို့သည် အပြန်အလှန်မှီခိုနေကြရသည်။ သက်ရှိတို့သည် ပတ်ဝန်းကျင်လေထုနှင့် ရေကြည်ရေသန့်တို့ကိုရမှသာ ကျန်းမာသက်ရှည်မည်။ မြေဆီသြဇာ ကောင်းမှသာ အပင်များရှင်သန်ကြီးထွားပြီး သန်မာမည်။ ယခုကမ္ဘာ့အနှံ့အပြားရှိ လူသားများ စားသုံးနေသော သီးနှံနှင့်သစ်သီးများမှာ မြေဆီသြဇာကုန်ခန်းပြီးဖြစ်သဖြင့် ဓာတ်မြေသြဇာဆေးဝါး များ၏အကူဖြင့် ရှင်သန်ကြီးထွားခဲ့ပြီး  ၎င်းတို့ကို စားသုံးခြင်းကြောင့် လူတို့သည် ယခင်ကဲ့သို့ သက်တမ်းစေ့နေရမှုမှာ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းလေပြီးဖြစ်သည်။
စာရေးသူ၏လေ့လာချက်အရ ဘိုးဘွားဘောင်ဆက် စားကျက်မြေတွင်  နှစ်စဉ်နွေရာသီ၌ ရေသွင်းစိုက်ပျိုးသော ကြက်သွန်ဖြူ၊ အာလူး၊ ဟင်းသီးဟင်းရွက်စသော စားနှပ်သီးနှံထုတ်လုပ်ရန် ရေအလုံအလောက်မရသဖြင့် ယခုအခါ အချို့ဒေသတွင်စိုက်ပျိုးနိုင်ခြင်းမရှိတော့ပေ။ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုသော အဘွားအို၏ ပြောပြချက်အရ လွန်ခဲ့သောနှစ်ပေါင်း (၇၀) ခန့်၌ စပါးသီးနှံများကို စိုက်ပျိုးရာတွင် မည်သည့်ဓာတ်မြေသြဇာမျှသုံးရန်မလိုဘဲ အော်ဂဲနစ်နည်း ဖြင့်စိုက်ပျိုးရှင်သန်ကာ အထွက်တိုးခဲ့ပါသည်။  သို့သော်ယခုအခါတွင် ဓာတ်မြေသြဇာမသုံးလျှင် သီးနှံများမဖြစ်ထွန်းတော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ စားကျက်မြေတွင် စားနှပ်ရိက္ခာအတွက် နှစ်စဉ်တရစပ်ထွန်ယက်  စိုက်ပျိုးနေခြင်းကြောင့် သဘာဝမြေဆီမြေနှစ်ကုန်ခန်းသွားရခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကြောင့် ဖြစ်သည်။ သဘာဝမြေဆီလွှာကုန်ခန်းသဖြင့် ဓာတ်မြေသြဇာကို အသုံးပြုလာကြခြင်း၊ ကာလအထိုက်အလျောက် ပေးစွမ်းနိုင်သော သဘာဝထက်ပို၍ မြန်ဆန်လာစေရန် ပြုပြင်ဖန်တီးထားသော ဓာတုဆေးဝါးကို အသုံးပြုခြင်းဖြင့် သီးနှံများ စောနိုင်သမျှစောအောင် သီးပွင့်စေခြင်းသည် လတ်တလောတွင် အမြန်စီးပွားဖြစ်ထွန်းစေမည်ဟု ထင်ယောင်ထင်မှား ဖြစ်နေပေလိမ့်မည်။ သို့သော် ရေရှည်မှာ မြေဆီလွှာများသည် ဓာတုအဆိပ်သင့် မြေဆီလွှာဖြစ်လာကာ သဘာဝ မြေဆီလွှာပို၍ပျက်စီးပြီး ဓာတ်မြေသြဇာကိုပင် သုံးပြီးရင်းသုံးကာ မြေဆီမြေနှစ်ကလည်း ပျက်စီးပြီးရင်းပျက်စီးရလေသည်။
စာရေးသူသည် အင်းလေးကန်ကို ၁၉၉၉-ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂-ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၆-မတ်လတွင်တစ်ကြိမ် သွားရောက်လည်ပတ်ခဲ့သည်။  လွန်လေပြီးသော(၁၆)နှစ်အကြာ ၁၉၉၉-ခုနှစ်တွင် အင်းလေးဒေသသို့သွားရောက်စဉ်၌ အင်းလေးကန်၏ရေသည် ကြည်လင် နက်ရှိုင်းစိမ့်မြပြီး ရေပြင်မှာလည်းကျယ်ပြန့်နေပါသည်။ ကန်၏ပတ်ဝန်းကျင်မှာလည်း  စိမ်းလဲ့ သောတောင်တန်းရှုမျှော်ခင်းနှင့် ချမ်းစိမ့်သောလေနှင်းမှုန်၏ တိုက်ခတ်မှုတို့ကို ရင်သပ်ရှုမောစွာ ခံစားခဲ့ရပါသည်။
အင်းလေးကန်ထဲသို့တတိယအကြိမ်သွားရောက်စဉ်တွင်  နွေရာသီဖြစ်သည့်အလျောက် ရေမျက်နှာပြင်မှာ အချို့နေရာတွင် (၁)ပေသာသာမျှပင်ရှိတော့သည်။ ရေမျက်နှာပြင်နှိမ့်ကျသဖြင့် ယခင်က စက်လှေတစ်စီးလျှင် လူဦးရေ (၂၀)ဦးခန့်တင်ဆောင်နိုင်ရာမှ ယခုအခါတွင် (၈)ဦး ခန့်မျှသာ တင်ဆောင်နိုင်တော့သည်။ ဖောင်တော်ဦးဘုရားရင်ပြင်တော်ခြေရင်းတွင် စက်လှေရပ် နားရာနေရာ ယခင်ရေမြင့်တက်ချိန်ကဲ့သို့ ရေမျက်နှာပြင်ကြည်လင်ခြင်းမရှိတော့သည်ကို စိတ်မကောင်းဖွယ် ခံစားရပါသည်။ အင်းလေးကန်၏ပတ်ဝန်းကျင်တွင်လည်း လူနေအိမ်နှင့် ဟိုတယ်တိုးပွားလာခြင်း၊ အမှိုက်သရိုက်များ ကန်ထဲသို့စီးမျောလာခြင်း၊ အင်းလေးကန်ထဲသို့စီးဝင် သောချောင်းများပိတ်ဆို့ခံရခြင်း၊ အင်းလေးကန်ပတ်ဝန်းကျင်ရှိသစ်တောများ ပြုန်းတီးလာခြင်းနှင့် ရာသီဥတုပူနွေးလာခြင်းတို့ကြောင့် အင်းလေးကန်ရေမျက်နှာပြင်နှိမ့်ကျရခြင်းဖြစ်ပေသည်။
အင်းလေးကန်သည် ရှေ့ယခင်က ယခုထက်မိုင်ပေါင်းများစွာ ပိုကျယ်၊ ပိုနက်မည်ဟု ခန့်မှန်းရသည်။ ရှမ်းရိုးမအပေါ်ယံတွင် ကျန်ရစ်ခဲ့သော ကျောက်သားအနည်များ၊ အခြားဘူမိဗေဒ      ၀တ္ထုပစ္စည်းများနှင့် ချိုင့်ဝှမ်းများကို တွေ့ရခြင်းကြောင့်ထိုနေရာတွင် တစ်ချိန်က အင်းများ၊ အိုင်များ ရှိခဲ့ဖူးဟန်ရှိသည်ဟုခန့်မှန်းယူဆရသည်။ အချို့သည် ကန်များ၊ ပုန်းအင်းကဲ့သို့ အင်းများ၊ အိုင်များသည် ရှေးအလွန်ကျသောအချိန် သမိုင်းတစ်ခေတ်တွင်မှ ပျောက်ကွယ်သွားဟန်တူ သည်ဟုယူဆကြသည်။ နူန်းမြေများကြောင့် ကန်ဧရိယာကျဉ်းခြင်း၊ တိမ်ကောခြင်းအပြင် လူနေထူထပ်လာမှုကြောင့် အခြားစွန့်ပစ်ပစ္စည်း၊ အညစ်အကြေးများကြောင့် အက်ဆစ်ဖြစ်ပြီး ထုံးကျောက်များကို တိုက်စားသွားခြင်းကြောင့် ကန်အောက်တွင် အပေါက်များဖြစ်ပြီး ရေများယိုစီးထွက်သွားရခြင်းဖြစ်သည်ဟု သုတေသီများကယူဆကြသည်။
ကန်ထဲသို့ရေစီးဝင်မှုနှုန်းမှာ တစ်နှစ်လျှင်ကုဗပေ ကုဋေသိန်း(၄၀)ရှိပြီး နုန်းမြေအနည်ကျမှု မှာတစ်နှစ်လျှင်ကုဗပေ(၂၂)သန်းရှိသည်ဟုခန့်မှန်းကြသည်။ ကန်၏ နုန်းမြေသိမ်းဆည်းထားနိုင်မှု မှာကုဗပေ(၁၂.၂)သိန်းဖြစ်သည်။ ကန်အတွင်းအနည်ထိုင်မှုကို သောင်မခုတ်ပေးနိုင်လျှင် နောင် နှစ်ပေါင်း(၅၅၀)ခန့်တွင် အင်းလေးကန်တိမ်ကောသွားနိုင်သည်ဟု ပညာရှင်များကပြောကြသည်။
အင်းလေးကန်သည် ရှမ်းပြည်နယ်၏ ကျက်သရေဆောင် အလှတရားတစ်ခုဖြစ်သလို နိုင်ငံခြားခရီးသည်များအား ဆွဲဆောင်နိုင်သော နေရာတစ်ခုလည်းဖြစ်ပေသည်။ အင်းလေးကန် မတိမ်ကောစေရန် ပြည်ထောင်စုသားတိုင်းတွင် တာဝန်ရှိသည်။
သဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးခြင်းဆိုသည်မှာ သစ်တောပြုန်းတီးမှုများသာမက လူနေ ထူထပ်သောမြို့ပြတွင်လည်း သဘာဝပတ်ဝန်းကျင်ကိုများစွာ ဖျက်ဆီးလျက်ရှိသည်။ ခေတ်မီ တိုးတက်သောစက်ရုံ၊ အလုပ်ရုံစွန့်ပစ်ပစ္စည်းများမှ မီးဖိုဆောင်သုံးအမှိုက်များအထိ စနစ်တကျ စွန့်ပစ်မှုမရှိခြင်းကြောင်း မြေဆီလွှာရှိ ဘက်တီးရီးယားတို့က နိုက်တြိုဂျင်အောက်ဆိုဒ်အဖြစ် ပြောင်းလဲသွားစေပြီး လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည်။ ပလတ်စတစ်စသောအမှိုက်များသည် နှစ်ပေါင်း များစွာမြေဆီလွှာတွင် ဆွေးမြည့်သွားခြင်းမရှိသည့်အပြင် မီးရှို့ဖျက်စီးပြန်လျှင်လည်း လေထု ညစ်ညမ်းမှုကိုဖြစ်စေသည်။ အချို့အမှိုက်များသည် မိုးရွာချရာမှ မြစ်၊ ချောင်း၊ ပင်လယ်ထဲ သို့မျောပါသွားပြီး ရေထုညစ်ညမ်းမှုကိုဖြစ်စေသည်။ ထိုအမှိုက်များမှတဆင့် အက်စစ်အဖြစ်သို့ ပြောင်းလဲကာ ရေနေသတ္တ၀ါများသေကြေကြရသည်။
ကမ္ဘာ့အပြင်ဘက်ကိုလေ့လာပါလျှင် စက်ရုံအလုပ်ရုံ၊ မော်တော်ကား၊ မီးဖိုဆောင်မှ ထုတ်လွှတ်လိုက်သောမီးခိုးများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးမှုများကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာကြီးပူနွေးမှုသည် ကမ္ဘာ့ရေခဲမြစ်ကိုပင်အရည်ပျော်စေခဲ့သည်။ ရေခဲမြစ် အရည်ပျော်ခြင်းကြောင့် ပင်လယ်ထဲသို့စီးမျောသွားကာ ရေကြီးခြင်း၊ ရေလွမ်းမိုးခြင်းဖြစ်ပေါ်ကာ ပင်လယ်အနီးတ၀ိုက်တွင်နေထိုင်သောသူများအဖို့ အိုးအိမ်၊ ရိက္ခာ၊ အသက်များဆုံးရှုံးရလေသည်။
ကျွန်ုပ်တို့မျော်မှန်းသောအနာဂတ်တွင် လူသားသည် ဤကမ္ဘာလောကထဲတွင်နေထိုင် ကျက်စားရန် လုံလောက်သော သယံဇာတမရှိတော့လျှင် အခြားကမ္ဘာသို့ပြောင်းရွေ့ရန်မရှိပေ။ ကမ္ဘာကြီးပူနွေးမှုပြသနာကို စွမ်းစွမ်းတမံဆောင်ရွက်ရန် လွန်စွာအရေးကြီးသောအဆင့်သို့ရောက် လေပြီးဖြစ်သည်။ လူတို့နှင့်သင့်တင့်လျှောက်ပတ်သော ပတ်ဝန်းကျင်ကိုပြုပြင်ဖန်တီးရန် အမှိုက် များကို စနစ်တကျစွန့်ပစ်ရန်၊ ပလတ်စတစ်ကဲ့သို့ မဆွေးမြေ့လွယ်သောပစ္စည်းများကို လျှော့နိုင် သမျှလျှော့သုံးရန်ဖြစ်သည်။
စင်ကာပူနိုင်ငံနှင့် တရုတ်တိုင်ပေတွင် စွန့်ပစ်ပစ္စည်းများကိုလျှော့ချဖို့ (Reducing)၊ ပြန်လည်သုံးဖို့ (Reusing)၊ ပြန်လည်ပြုပြင်အသုံးချဖို့ (Recycling) စသောအစီအစဉ်ကို စနစ်တကျ ကျင့်သုံးနေခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုတစ်စိတ်တစ်ပိုင်းကို လျှော့ချစေခဲ့သည်။ ၂၀၀၈-ခုနှစ် မှ ၂၀၁၂-ခုနှစ်အစောပိုင်းထိ စာရေးသူသည်စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ခဲ့ပါသည်။ ထို့အတွက်စင်ကာပူနိုင်ငံ၏ လူနေမှုအဆင့်အတန်းနှင့် စည်းစနစ်ကျကျနေထိုင်မှုအချို့ ကိုလေ့လာခဲ့ရပါသည်။ “Reducing၊ Reusing၊ Recying”ဟူသောစကားရပ်ကိုအသုံးပြုပုံမှာ သတင်းစာနှင့်အခြားစက္ကူများမှန်သမျှကိုတစ်စု၊ သွားတိုက်ဆေးဘူးခွံ၊ ရေခဲသေတ္တာထုပ်ပိုးမှု တွင်သုံးသော ကတ္ထူမှန်သမျှကိုတစ်စု၊  ဘီယာဘူးကဲ့သို့သောသံဗူးများကိုတစ်စု စုစည်းကာ စည်ပင်မှသတ်မှတ်ထားသော စည်ပင်ပုံးထဲသို့ သွားရောက်ပို့ဆောင်ပေးခြင်းဖြင့် ပတ်ဝန်းကျင် ကိုထိန်းသိမ်းကြသည်ကို လေးစားအတုယူဖွယ်တွေ့ရသည်။ Super Market မှ ဆေးဝယ်ယူ ခြင်းကြောင့် ထုပ်ပိုးပေးလိုက်သော ပလတ်စတစ်အိတ်များကို အိမ်နောက်ဖေးသုံးမီးဖိုဆောင်တွင် ထွက်လာသောမီးဖိုဆောင်သုံးအမှိုက်များကို ပြန်လည်ထုတ်ပိုးရန် စနစ်တကျသိမ်းဆည်းလေ့ရှိ သည်ကိုတွေ့ရသည်။  စည်ပင်မှလည်း မြို့တော်အနှံ့ရှိ လမ်းသွားလမ်းလာတစ်လျှောက်တွင်အ မှိုက်ပုံးများကိုချထားခြင်းဖြင့်လည်း ပြည်သူများစည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကို ဖြေရှင်းပေးနိုင်သည်။
စင်ကာပူနိုင်ငံသည် ကျွန်းစုနိုင်ငံဖြစ်သောကြောင့် ရေချိုအလုံအလောက်မရပေ။ ၁၉၆၅-ခုနှစ် လွတ်လပ်ရေးမရခင် စင်ကာပူသည် မလေးရှား၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့စဉ် သောက်သုံးရေကိုလည်း မလေးရှားတွင် ၀ယ်ယူခဲ့ရသည်။ ထိုစဉ်တွင် စင်ကာပူပြည်သူများ သောက်သုံး ရေအလုံအလောက်မရသည့် ပြသနာများကြုံတွေ့ခဲ့ရသည်။ ယခုအခါ နိုင်ငံတွင်းတွင်ရှိနေသော ရေကိုပင် ခေတ်မှီနည်းပညာဖြင့် အဆင့်ဆင့် သန့်စင်ကာ ဖြန့်ဝေလျက်ရှိသည်။ စာရေးသူသည် ရေကို ဖျောဖျောသီသီ သုံးနိုင်သောအရပ်တွင် မွေးဖွားသူဖြစ်သည်။ စင်ကာပူစရောက်စဉ်တွင် အတွေးတစ်ခုဝင်မိသည်မှာ ဤသို့တိုးတက်သောနိုင်ငံတွင် ရေကိုချွေတာစွာ သုံးနေခြင်းကို  အံ့အားသင့်နေမိသည်။ “ဖိနပ်နှင့်ရေဗူးမပါ နွေခါမှသိ” ဆိုသောစကားပုံကိုသတိရ၍ ရေကိုတန်ဖိုး ထားရကောင်းမှန်းသိလာခဲ့ရပါသည်။
လူသားမျိုးနွယ်သက်တမ်းရှည်ကြာစွာနေနိုင်ရေး၊ တိရစ္ဆာန်များ မျိုးမပြုန်းရေး၊ သီးနှံရိက္ခာ များတိုးပွားရေးအတွက် သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဘဲ စက်မူသိပ္ပံနည်းပညာဖြင့် ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည်။ စက်မူသိပ္ပံနည်းဖြင့် တက်လှမ်းမည့်ခြေတစ်လှမ်း ချင်းသည် ပတ်ဝန်းကျင်မညစ်ညမ်းစေသောနည်းလမ်းဖြင့် တက်လှမ်းရမည်သာဖြစ်သည်။ “ကြာကြာဝါးမည့်သွားအရိုးရှောင်” ဆိုသကဲ့သို့ တစ်ဖက်မှစက်မှုသိပ္ပံပညာရပ်များကို တိုးချဲ့ရင်း အခြားတစ်ဖက်မှာလည်း ပတ်ဝန်းကျင်မညစ်ညမ်းရအောင် ထိန်းသိမ်းကြရန်ဖြစ်သည်။
ကျွန်ုပ်တို့လူသားများနေထိုင်သောဒေသနှင့်ကမ္ဘာကိုချစ်မှသာ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ချစ် ရာရောက်မည်ဖြစ်သည်။ ကမ္ဘာမြေလာကနှင့်ပတ်ဝန်းကျင်သာယာစေရန် ပတ်ဝန်းကျင်ကိုညစ် ညမ်းစေသောအရာများကို လျော့ချအသုံးပြုခြင်း၊ အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများကို စနစ်တကျပြန်လည်အသုံးပြုခြင်းဖြင့် ပတ်ဝန်း ကျင်ကို တစ်စိတ်တစ်ပိုင်းထိန်းသိမ်းသင့်ပေသည်။ ရာသီဥတုမျှတမှုရှိစေရန် သစ်တောများခုတ် ထွင်ရှင်းလင်းခြင်း၊ သစ်ပင်များခုတ်လှဲခြင်းကို လျော့ချရန်မှာ လွန်စွာအရေးကြီးပေသည်။ သစ်ပင်ခုတ်၍ (၁)နှစ်မှ(၂)နှစ်အတွင်း သစ်တောပြုန်းတီးနိုင်ပြီး သစ်တောပြန်လည်ထူထောင် ရန်မှာ (၁၀)နှစ်အထက်မှသာလျှင် သစ်တောပြန်လည်စိုပြေဖြစ်ထွန်းမည်ဖြစ်သည်။ ထို့အတွက်  ပျက်စီးလုဖြစ်နေသော တော၊ တောင်၊ ရေ၊ မြေ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ကယ်တင် နိုင်ရန်  သစ်တစ်ပင်၏တန်ဖိုးကိုသိပြီး သစ်ပင်စိုက်ပျိုးမှုများကိုပြုလုပ်ကြပါရန်ဟု နိုးဆော်ရင်း နိဂုံးချုပ် အပ်ပါသည်။

နင်ခမ်းကောင်
ခွန်ဖြားဗွာခမ်း


Powered by Blogger.