ဝေဖန်မှုသည် ကောင်းပါသလော။ ဝေဖန်မှုသည် ဆိုးပါသလော။ ၎င်းအပေါ် အချို့လူများ အမြင်ရှုပ်ထွေးနေ၏။
ဝေဖန်မှုသည် ကောင်းပါသည်ဟု ဖြေဆိုသည်ဆိုကြပါစို့။ အဘယ်ကြောင့် ကောင်းသည်ဟု ဆိုနိုင်ပါသနည်း။ အကြောင်းကိုရှာသော် မည်သည့်အကြောင်းအရာကိစ္စမဆို စိစစ်ဝေဖန်မှသာလျှင် အမှန်ကို မြင်နိုင်ကြမည်။ အမှားကို ပြင်နိုင်ကြမည်ဖြစ်သည်။ ထိုသို့ အမှန်ကိုမြင်၊ အမှားကိုပြင်နိုင်ကြမှသာ ပြည့်စုံမှုကိုရရှိမည်ဖြစ်သည်။
ဝေဖန်မှုသည် မကောင်းပါဟု ဖြေဆိုကြသူများလည်း ရှိမည်ဖြစ်သည်။ အဘယ်ကြောင့် ဝေဖန်မှုသည် မကောင်းပါဟု ပြောဆိုသည်ကို အဖြေရှာကြည့်လျှင် ဝေဖန်မှုသည် အကောင်းကိုမမြင်၊ အပြစ်တစ်ခုတည်းကိုသာ ကြံကြံဖန်ဖန် ရှုမြင်သဖြင့် ဝေဖန်သူနှင့် ဝေဖန်ခြင်းခံသူတို့ အချင်းချင်းခိုက်ရန်ဖြစ်ပွားစေတတ်သည်၊ စည်းလုံးမှု ပြိုကွဲသွားတတ်သည်အထိ အန္တရာယ်များလွန်းသောကြောင့် ဖြစ်သည်။ ထိုသို့ အပြစ်ကိုသာ မြင်ပြီး အကောင်းကိုမမြင်သဖြင့် အပျက်သဘောဆောင်သည်၊ ရန်များသည်ဟု ဆိုကြလေသည်။
အဖြေကို ရှာဖွေဆန်းစစ်ကြည့်လျှင် သတ်ဖြတ်မှု၊ ခိုးယူမှု၊ စော်ကားမှု၊ လိမ်လည်လှည့်စားမှုစသည်တို့သည် မပြောင်းလဲတတ်သော ဆိုးပြစ်ကိုဖြစ်ပွားစေတတ်သည့် မကောင်းမှုများပင်ဖြစ်သည်။ ထိုမကောင်းမှုများကို ဝေဖန်ရမည်။ ထိုမကောင်းမှုများကို ဝေဖန်ပါမှသာ အဆိုးအပြစ်များကို မြင်ပြီး အမှန်အကောင်းအဖြစ်သို့ ပြုပြင်နိုင်ကြမည်ဖြစ်သည်။
သို့သော် လူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းများကို တိုက်ရိုက်ဝေဖန်ပါက ထိုလူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းများနှင့် ဆက်ဆံရေးအဆင်မပြေမှုဖြစ်တတ်ပြီး ခိုက်ရန်ဖြစ်ပွားစေသည်သာမက စည်းလုံးမှုပြိုကွဲသည်အထိ ဖြစ်ပွားစေနိုင်ပါသည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် အမြဲတမ်းမကောင်း၊ အမြဲတမ်းဆိုးနေကြသည် မဟုတ်ပါ။ အတိတ်ကကောင်းခဲ့သည်လည်း ရှိသည်၊ အနာဂါတ်တွင် ကောင်းလာအောင်လည်း ပြုပြင်ပြောင်းလဲနိုင်လေသည်။ ထိုသို့ ပြုပြင်ပြောင်းလဲနိုင်သော လူပုဂ္ဂိုလ်ကို မပြောင်းလဲနိုင်သော မကောင်းမှုသဘာဝများကဲ့သို့ မဝေဖန်သင့်ပါ။ လူပုဂ္ဂိုလ်ကို ဝေဖန်ရာတွင် ကျွမ်းကျင်စွာ ဝေဖန်တတ်ရန် နည်းလမ်းကောင်းများလိုအပ်သည်မှာ ထင်ရှားလေပြီ။ ဝေဖန်ခြင်းခံရသူအပေါ် အပြစ်ရှာ၊ ရန်လိုသဖြင့် ဝေဖန်ခြင်းမဟုတ်ကြောင်း ဝေဖန်ခြင်းခံရသူသိရှိနားလည်ရန် လိုအပ်သည်။ သူ့အပေါ် မိတ်ရင်းဆွေရင်းသဖွယ် မေတ္တာနှင့် အကြံပေးလိုသည့်ပုံစံဖြင့် ဝေဖန်ရန် လိုအပ်သည်။ သို့မှသာ မိမိ၏ဝေဖန်မှုကို ထိုသူလက်ခံနိုင်မည်မဟုတ်ပါလော။
ဝေဖန်မှုသည် မိမိထားရှိသည့် စိတ်ထားအပေါ်မူတည်၍လည်း ကောင်းသည်၊ ဆိုးသည် အမှန်တကယ် ကွာခြားသွားသည်။ စိတ်ထားကောင်းဖြင့် ဝေဖန်လျှင် မေတ္တာဖြင့် ဝေဖန်သည်။ ချိုသာသော စကားဖြင့် ဝေဖန်သည်။ သူတစ်ပါးအကျိုးလိုလားသော စိတ်ထားဖြင့် ဝေဖန်သည်။ သင့်တင့်လျောက်ပတ်သော အချိန်နှင့်နေရာတို့တွင် ဝေဖန်သည်။ ထိုသို့သော စိတ်ထားကောင်းနှင့် ကျွမ်းကျင်မှုတို့ဖြင့် ဝေဖန်လျှင် အောင်မြင်သည်။ မိမိနှင့်သူတစ်ပါး(သို့မဟုတ်)အများ အကျိုးဖြစ်ထွန်းမည်။
ထိုသို့မဟုတ်ဘဲ မကောင်းသောစိတ်ထားဖြင့် ဝေဖန်လျှင် ဒေါသဖြင့် ဝေဖန်သည်။ ကြမ်းတမ်းသော စကားဖြင့် ဝေဖန်သည်။ သူတစ်ပါး(သို့မဟုတ်) အများအကျိုးပျက်စီးစေလိုသော စိတ်ထားဖြင့် ဝေဖန်သည်။ သင့်တင့်လျောက်ပတ်သော အချိန်နှင့်နေရာတို့ကို လျစ်လျူရှု၍ ဝေဖန်သည်။ ထိုသို့ မကောင်းသောစိတ်ထားနှင့် ပရမ်းပတာ ဝေဖန်လျှင် မအောင်မြင်ပါ။ မိမိနှင့်သူတစ်ပါး(သို့မဟုတ်)အများ အကျိုးပျက်စီးရသည်။
အကျဉ်းချုပ်ဆိုရသော် သူတစ်ပါးကို ဝေဖန်လိုလျှင် သူ့အကျိုးစီးပွား(သို့မဟုတ်) အများအကျိုးစီးပွားကို ထောက်ရှု၍ ဝေဖန်ခြင်းခံရသောလူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းများ လက်ခံနိုင်သော၊ အကောင်းဘက်သို့ ပြောင်းလဲစေနိုင်သော ဝေဖန်မှုမျိုးကိုသာ မေတ္တာဖြင့် ချိုသာစွာ ဝေဖန်သင့်သည်ဟု မြင်မိပါသည်။ ထိုသို့ ဝေဖန်မှသာလျှင် အောင်မြင်သည်၊ ကောင်းသည်ဟု သတ်မှတ်နိုင်မည် မဟုတ်ပါလော။
ခွန်လှစိုး
Like On Facebook
Follow On Twitter
Subscribe On RSS