ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးများတွင် နေထိုင်ကြပြီး အများဆုံးနေထိုင်သည်မှာ ရှမ်းပြည်နယ်ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ကျန်ဒေသများတွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများနှင့် အခြေအနေများ များစွာကွာခြားခဲ့ပါသည်။
ရှမ်းပြည်နယ်ရှိ စနစ်ဆိုးတစ်ခုဖြစ်သည့် ပဒေသရာဇ်စနစ်သည် ပြည်သူလူထုများအပေါ် ရက်စက်ကြမ်းကြုတ်စွာ နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့ပါသည်။ ပဒေသရာဇ်စော်ဘွားများ၏ ဆွေမျိုးများသည် စာသင်ကျောင်းများတွင် ပညာသင်ယူခွင့်ရရှိခဲ့သည်။ သို့သော် ပြည်သူလူထုများသည် ပညာသင်ယူခွင့်မရရှိခဲ့ပေ။ ပအိုဝ်းလူမျိုးများထဲမှ ယောကျာ်းလေးများသည် ပညာသင်ယူနိုင်ရန်အတွက် သာသနာ့ဘောင်ဝင်ရောက်ပြီး ပညာရေးကို ဘုန်းကြီးကျောင်းများတွင် သင်ယူခဲ့ကြရသည်။ သင်ကြားသင်ယူမှုများတွင် လွတ်လပ်စွာ သင်ကြားသင်ယူခွင့်မရရှိဘဲ စော်ဘွားများ၏ ကန့်သတ်ချက်များဖြင့်သာ သင်ကြားသင်ယူခွင့်ရရှိခဲ့သည်။ ထိုကန့်သတ်ချက်များကို ကျော်လွန်ပြီးသင်ကြားပေးပါက စော်ဘွားများမှ သင်ကြားပေးသည့်ပုဂ္ဂိုလ်များကို နယ်နှင်ဒဏ်ပေးခြင်း၊ သင်ကြားသည့်ဘုန်းကြီးကျောင်းကိုလည်း စာပေသင်ကြားခွင့် ပိတ်ပင်ခဲ့ခြင်းကို သမိုင်းစာပေအရ လေ့လာသိရှိခဲ့ရပါသည်။ တစ်ချို့သောပအိုဝ်းလူမျိုးများသည် ရန်ကုန်၊ မန္တလေးနှင့် အခြားမြေပြန့်ဒေသတွင်ရှိသည့် ဘုန်းကြီးကျောင်းများတွင် သွားရောက်၍ ပညာကိုသင်ယူခဲ့ရသည်။ ထို့ကြောင့်မိမိတို့၏သားသမီးများကို ပညာသင်ယူနိုင်ရန် မြေပြန့်ဒေသများသို့ပို့ဆောင်ခဲ့ကြသည်။ ပဒေသရာဇ်စော်ဘွားများ အာဏာစွန့်ပြီးသော်လည်း ဒေသတွင်း၌ ပညာရေးသင်ယူလေ့လာရန် အဆင်ပြေမှုမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စာသင်ကျောင်းများမရှိခြင်း၊ ကျောင်းဆရာ/မလုံလောက်မှုမရှိခြင်း တို့ကြောင့်ဖြစ်သည်။
၂၀၁၆-၂၀၁၇ပညာသင်နှစ်အတွက် မကြာမီကာလတွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ မိမိတို့ပအိုဝ်းလူမျိုးများက မိမိတို့၏သားသမီးပညာရေးအတွက် များသောအားဖြင့် မြေပြန့်ဒေသများသို့ ပို့ဆောင်ကြတော့မည်ဖြစ်သည်။ ထိုသို့ပို့ဆောင်ရာတွင် ယောကျာ်းလေးများသာမက မိန်းကလေးများကိုလည်းပို့ဆောင်ကြပါသည်။ ဘော်ဒါဆောင်များမဟုတ်ဘဲ သူများအိမ်တွင် ပို့ဆောင်နေကြသည်အတွက် ကံကောင်းသည့်ကလေးများသည် အိမ်ရှင်ကောင်းများနှင့်တွေ့ဆုံပြီး လွတ်လပ်စွာပညာရေးကို သင်ယူခွင့်ရရှိသော်လည်း ကံမကောင်းသည့် ကလေးများသည် ကံမကောင်းစွာပင် ပညာသင်ယူခွင့်မရရှိဘဲ အိမ်ဖော်အနေဖြင့်သာ နေထိုင်ခဲ့ကြရသည်ကို တွေ့ရှိနေရပါသည်။ ငယ်ရွယ်ချိန်ဖြစ်နေသည့်အတွက် မိခင်ဘာသာစကားသာ နားလည်ပြီး ဘာသာစကားအခက်အခဲများနှင့်လည်း ကြုံတွေ့နေရပါသည်။ တစ်ချို့သောကလေးများသည် မြေပြန့်ဒေသတွင်နေထိုင်ရာ၌ ပျော်ရွင်မှု၊ အဆင်ပြေမှုများ မရှိသည့်အတွက် ပြန်လည်ထွက်ပြေးလာကြသည်။ မြေပြန့်မှတောင်ပေါ်ဒေသဇာတိမြေများသို့ ပြန်လာရန် မသိနားမလည်သောကြောင့် ကလေးပျောက်နေသည့်သတင်းများ အများဆုံးကြားရ၊ တွေ့မြင်နေရသည့်ကာလဖြစ်ပါသည်။ ၂.၅.၂၀၁၅ရက်နေ့တွင် အောင်မင်္ဂလာကားကြီးကွင်း၌ ထွက်ပြေးနေသည့်ကလေးတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင်ရှိသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးမှ ရုံးဝန်ထမ်းတစ်ဦးက သွားရောက်ခေါ်ဆောင်ပြီး အကြောင်းအကျိုးမေးမြန်းကာ မိဘရှိရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ လွန်ခဲ့သည့်(၁၃.၅.၂၀၁၆)ရက်နေ့တွင်လည်း ကျေးလက်တောရွာမှ ရန်ကုန်သို့ပညာသင်ယူရန် ပို့ဆောင်မည့်ကလေးငယ်တစ်ဦး ထွက်ပြေးနေသည်ကို တောင်ကြီးမြို့၊ မြို့မဈေးတွင် တွေ့ရှိပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ တောင်ကြီးမြို့၌ ခေါ်ဆောင်ကာ မိဘရှိရာလိပ်စာရရှိအောင် ကြိုးစားရှာဖွေပြီး ပြန်လည်ပို့ဆောင်ပေးသည့် သတင်းလည်းကြားသိခဲ့ရပါသည်။
ကလေးသူငယ်များသည် ငယ်ရွယ်ချိန်တွင် မိဘနှင့်အတူနေထိုင်ပါက ဥာဏ်ရည်ဖွံ့ဖြိုးမှု ပိုမို၍ကောင်းမွန်သည်ဟု သုတေသနပြုလုပ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့ပါသည်။ ကလေးများ၏ ပညာရေးကို အားပေးသည့်အတွက် ဂုဏ်ယူစရာဖြစ်သော်လည်း အားပေးမှုသည်မှန်ကန်မှုမရှိပါက အကျိုးရလဒ်ကောင်းရရှိရန် မလွယ်ကူလှပါ။
ယနေ့ခေတ်တွင် မိမိတို့ပအိုဝ်းဒေသများ၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ပအိုဝ်းဒေသပညာရေးစီမံချက် အကောင်အထည်ဖော်လာခြင်းကြောင့် ကျေးရွာတိုင်းနီးပါး မူလတန်းကျောင်းများရှိနေပြီးဖြစ်သည်ကို တွေ့ရှိနေရပါသည်။ အလယ်တန်းနှင့်အထက်တန်းအဆင့်အတွက် ပြီးပြည့်စုံမှုမရှိသော်လည်း အဆင်ပြေစွာ လေ့လာသင်ယူနိုင်သည့် အခြေအနေတစ်ရပ်သို့ရောက်ရှိနေပြီဟု မြင်မိပါသည်။ စာသင်ကျောင်းများ အဆင့်အတန်းကွာဟမှုများကြောင့်ဟုဆိုပါက မိမိအနေဖြင့်လည်း ငြင်းဆိုမည်မဟုတ်ပေ။ ငယ်ရွာချိန်မူလတန်းအရွယ်တွင် မိမိတို့ဒေသတွင်း၌ ပညာသင်ယူလေ့လာပါက မိမိတို့ပအိုဝ်းဒေသ၏ ဘာသာစကားများကိုလည်း ပြောဆိုသုံးနှုန်းနိုင်မည်ဖြစ်သကဲ့သို့ မိမိတို့ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း သိရှိနားလည်လာမည်ဖြစ်ပါသည်။
ဒေသတွင်းရှိမိမိတို့၏ ကလေးများကို မြေပြန့်ဒေသများသို့ပို့ဆောင်နေကြပါက ဒေသတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသားဦးရေနည်းပါးလာပြီး ဒေသတွင်းစာသင်ကျောင်းများ အဆင့်အတန်းမြင့်မားလာအောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်သော်လည်းကောင်း၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရာတွင်သော်လည်းကောင်း အခွင့်အရေးများ ဆုံးရှုံးနေရပါသည်။ အဘယ်ကြောင့်ဆိုသော် စာသင်ကျောင်းအဆင့်ဆင့်တွင် သတ်မှတ်ထားသည့် ကျောင်းသားဦးရေရှိမှသာ အဆင့်အတန်းတိုးချဲ့နိုင်မည်ဖြစ်သည်။ အကယ်၍ သတ်မှတ်ထားသည့် ကျောင်းသားဦးရေအောက် နည်းပါးနေပါက ရေရှည်တွင် ပြန်လည်ရုပ်သိမ်းမည့် ပြဿနာများနှင့်ရင်ဆိုင်နေရမည်ဖြစ်ပါသည်။
မိမိတို့သားသမီးများ၏ပညာရေးအတွက် မြေပြန့်ဒေသများသို့ ရောက်ရှိနေခြင်းကြောင့် မှတ်ပုံတင်ကိုင်ဆောင်နိုင်ရန် ဆောင်ရွက်ရာတွင် ရောက်ရှိနေသည့်ဒေသမှ မှတ်ပုံတင်ပြုလုပ်ကြသည့်အတွက် မိမိတို့၏ လူမျိုးအမည်၊ မိဘအမည်၊ မိမိအမည်၊ မွေးသက္ကရာဇ် စသည်များကွဲလွဲမှုများရှိလာပါသည်။ ထိုသို့ကွဲလွဲမှုများကြောင့် အလုပ်အကိုင်အခွင့်အရေးများဆုံးရှုံးနေသကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ပညာရပ်များကို ဆက်လက်လေ့လာရန် အထူးပြုဘာသာရပ်/တက္ကသိုလ်များ ရွေးချယ်ရာတွင်လည်း အခွင့်အရေးများ ဆုံးရှုံးနေမှုများရှိနေသည်ကို တွေ့ရှိနေကြရပါသည်။
ကလေးများပညာရေး သင်ယူလေ့လာချိန်တွင် မိဘနှင့်နီးကပ်စွာ လေ့လာသင်ယူပါက မိဘမေတ္တာများကို နွေးထွေးစွာ ရရှိနေမည်ဖြစ်သည်။ မြေပြန့်ဒေသများသို့ သွားရောက်ပညာသင်ယူနေပါက မိဘမေတ္တာများနှင့်ကင်းကွာပြီး မိဘ၊ ဇာတိရွာများနှင့် သံယောဇဉ်နည်းပါးနေကြမည်ဖြစ်သည်။ ဤသို့သံယောဇဉ်နည်းပါးနေခြင်းကြောင့် မိဘများတွေ့ဆုံလိုစိတ်နည်းပါးသကဲ့သို့ ဇာတိရွာများသို့လည်း ပြန်လည်ရောက်ရှိလိုစိတ် နည်းပါးနေမည်ဖြစ်သည်။ ထိုသို့ဖြစ်နေပါက အိမ်ထောင်ရေးမိသားစုဘ၀ တည်ထောင်ချိန်တွင် လူမျိုးခြား၊ ဘာသာခြားများနှင့် ဖူးစာဆုံတွေ့လွယ်သည့် အခြေအနေများလည်း များစွာတွေ့ရှိနေကြရပါသည်။ ထို့ကြောင့် ဒေသတွင်းကျေးရွာများတွင် ပညာတတ်လူငယ်များ အရင်းအမြစ်ဆုံးရှုံးနေရပြီး မြို့နှင့်ကျေးရွာဖွံ့ဖြိုးရေးကွာဟမှုအခြေအနေများ ပိုမို၍မြင့်မားနေမည်ဖြစ်ပါသည်။ ပညာတတ်မြောက်ပြီး မိမိတို့ကျေးလက်ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်လည်အကျိုးပြုသူနည်းပါးနေမည်ဖြစ်ပါသည်။
ပညာရေးသည် ဇာတိကျေးရွာများမှအပ ကျန်ဒေသများသို့ ပညာများလေ့လာဆည်းပူးရန်လည်း လိုအပ်ပါသည်။ သို့သော်မိခင်ဘာသာစကား၊ မိခင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အခြေခံသိရှိပြီးသည့်အရွယ်မှ ဆက်လက်လေ့လာပါက ပိုမို၍ကောင်းမွန်မည်ဟု မြင်မိပါသည်။ မိမိတို့၏သားသမီးများကို အထွေထွေဗဟုသုတများရရှိရန်အတွက် စာအုပ်စာပေဖတ်ရှုသည့် အကျင့်ကောင်းရရှိအောင် ဖန်တီးပေးရန်လိုအပ်လှပါသည်။
ဤသို့ဖြင့် ပဒေသရာဇ်စနစ်ဆိုး၏ ဆိုးကျိုးသက်ရောက်မှုများသည် ယနေ့တိုင်ရှိနေကြောင်းကို သိရှိနားလည်ပြီး မိမိတို့သားသမီးများ၏ပညာရေးအားပေးမှုတွင် နည်းလမ်းမှန်ကန်စွာဖြင့် အားပေးတတ်ရန် ရည်ရွယ်၍ တင်ပြလိုက်ရပါသည်။
ခွန်သွောင်းထို
(ခွန်ဖြားဗွာခမ်း)
Like On Facebook
Follow On Twitter
Subscribe On RSS