Saturday, May 7, 2016

ဒို့ကျေးရွာနှင့် နိုင်ငံရေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၈) ရက်




မိမိတို့နေထိုင်သည့်ကျေးရွာသည် စိုက်ပျိုးရေးကို အခြေခံပြီးအသက်မွေးဝမ်းကြောင်းပြုသည့် ရွာကလေး ဖြစ်ပါသည်။ မိမိကျေးရွာရှိ ဒေသခံပြည်သူများသည် လက်လုပ်လက်စားဘ၀သမားများရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်ကြီး အများစုနေထိုင်သော ရွာကလေးလည်းဖြစ်ပါသည်။ များသောအားဖြင့်ဘ၀ကို အေးချမ်းစွာ ရုန်းကန်ရှာဖွေပြီး မိမိ၏မိသားစု ၀မ်းစာဖူလုံရေးကို အဓိကထားပါသည်။ မိသားစုဝမ်းစာဖူလုံ မှုရှိလျှင် အခြားအခြားသော အရေးအရာကိစ္စများကို အများအားဖြင့် စိတ်ဝင်စားမှုအလွန်ပင် အားနည်းခဲ့ကြသည်။
အထူးသဖြင့် “နိုင်ငံရေးသည် မိမိနှင့်မသက်ဆိုင်”ဟု စသည့်အယူအဆများလည်း ရှိနေသဖြင့် နိုင်ငံကို အုပ်ချုပ်နေသည့် နိုင်ငံ့ခေါင်းဆောင်များကသာ တာဝန်ရှိသည်၊ သက်ဆိုင်သည်ဟု ထင်မြင်ယူဆကြသည်။ ကျေးရွာနေပြည်သူများသည် နိုင်ငံ့၏ အရေးအရာကိစ္စရပ်များကို စိတ်ဝင်စားမှု အလွန်ပင်အားနည်း သောကြောင့် နိုင်ငံရေးလောကတွင် အလွန်စိမ်းနေသူများ အများအပြား တွေ့မြင်နေရပါသည်။
သို့သော် မိမိတို့မိသားစု စားဝတ်နေရေးပြေလည်အောင် ဆောင်ရွက်နေရခြင်း၊  ကျေးရွာတွင်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခြင်း၊  ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာ များအရ နှစ်စဉ်နှစ်တိုင်း ကျင်းပနေသည့် ပွဲလမ်းသဘင်များသည် ရပ်ရွာလူထုများ စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ပါဝင်ဆင်နွှဲခဲ့ကြသည့်လူမှုရေးလုပ်ငန်း လုပ်ဆောင်နေခြင်းသည်လည်း နိုင်ငံရေး လုပ်ဆောင်နေခြင်းပင် ဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် စီးပွားရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်း၊ နိုင်ငံရေးလုပ်ငန်းများသည် ဒွန်တွဲနေခြင်းပင်ဖြစ်ပါသည်။ နိုင်ငံရေးအခြေအနေမကောင်းလျှင် စီပွားရေးကောင်းမည်မဟုတ် စီပွားရေး အခြေအနေမကောင်းလျှင် လူနေမှုအဆင့်အတန်း နိမ့်ကျလာမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် မိမိနေထိုင်သော ကျေးရွာရှိ ပြည်သူများသည် နိုင်ငံရေးနှင့်ကင်းရှင်း၍ ရမည်မဟုတ်ကြောင်း မိမိလူမျိုး၊ ဘာသာ၊ သာသနာ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားနိုင်ငံရေးလုပ်ငန်းတွင် မလွှဲမသွေ တစ်ဦးတစ်ယောက်မှစ၍ အများပြည်သူအပေါင်း ကိုယ်တိုင်ကိုယ်ကျ တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်မှသာ မိမိလူမျိုး၊ မိမိ ကျေးရွာ၊ မိမိနိုင်ငံတော် အမြန်ဖွံ့ဖြိုးတိုးတက်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
ထို့ကြောင့်ဒေသဖွံ့ဖြိုးတိုးတက်မှသာ မြို့နယ်ဖွံ့ဖြိုးတိုးတက်မည်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှသာ အဆင့်ဆင့်သော နိုင်ငံအဆင့်အထိ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သောကြောင့် မိမိတို့ဒေသသည် အခြေခံအုတ် မြစ်ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိအနေဖြင့် လူတိုင်းသည်  နိုင်ငံရေးလုပ်ငန်းတွင် မဖြစ်မနေပါဝင် ဆောင်ရွက် စေလိုပါသည်။  ကမ္ဘာသည် ရွာငယ်လေးသဖွယ်ဖြစ်နေသည့် ယနေ့အချိန်တွင် မိမိကျေးရွာ နောက်ကျ ကျန်ခဲ့ခြင်း မဖြစ်ရလေအောင် ကျေးရွာတွင်းတွင်နေထိုင်သောသူများ တာဝန်ရှိသည်မှာ အမှန်ပင်ဖြစ်သော ကြောင့် လူတိုင်းသည် ကျား/မ မရွေး  အသက်အရွယ် အပိုင်းအခြားမရွေး မိမိကျေးရွာ၊ မိမိနိုင်ငံကို ချစ်မြတ်နိုး၊ တန်ဖိုးထား တိုးတက်စေလိုလျှင် နိုင်ငံရေးလုပ်ငန်းတွင် တတ်အားသမျှ အုတ်တချပ် သဲတပွင့်ပမာ ၀ိုင်းဝန်း ပါဝင်ဆောင်ရွက်ကြပါရန် ဤကဲ့သို့ပါဝင်ဆောင်ရွက်မှသာ မိမိတို့ကျေးရွာ၊ မိမိတို့အမိ နိုင်ငံတော်ကြီး လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မည်မှာ အမှန်ပင်ဖြစ်သည်ဟု စာရေးသူတယောက်အနေဖြင့် တိုက်တွန်းရင်း  တင်ပြလိုက်ရပါသည်။

နန်းအွဉ်ရက်ခွို,
 ခမ်းစန္တား

                       



Powered by Blogger.