တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၉) ရက်
၂၀၁၆-ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာနရုံး၊ ရတနာသစ်ခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန၊ ASEAN Social Forestry Network(ASFN) နှင့် Forest Farm Facility အဖွဲ့တို့ပူးပေါင်း၍ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းဆိုင်ရာ လမ်းညွန်ချက်အား ဆက်စပ်ပတ်သက်သူ အားလုံး ပူးပေါင်းပါဝင်မှုဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလျှောက်ထားခြင်းဆိုင်ရာသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို သစ်တောဆိုင်ရာ သင်တန်းပေးရေးအဖွဲ့ခေါင်းဆောင်၊ ညွန်ကြားရေးမှူး၊ ဦးအုန်းလွင်မှ အဖွင့်အမှာ စကားပြောကြားရာတွင် “ယနေ့ကမ္ဘာပေါ်နေရာအနှံ့တွင် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံစားနေရသည့် အကြောင်းရင်းမှာ လူသားများသည် သစ်အလွန် အကျွံခုတ်ထွင်တတ်ကြသော်လည်း ပြန်လည်စိုက်ပျိုးမှုမရှိဘဲ သစ်တောပြုန်းတီးလာ၍ဖြစ်ကြောင်း၊ ယနေ့မြန်မာနိုင်ငံတွင်လည်း မိမိတို့ကြုံတွေ့နေရသော ရေရှားပါးခြင်းသည်လည်း သစ်တော ပြုန်းတီးခြင်း၏ အကျိုးဆက်များပင်ဖြစ်ကြောင်း၊ သို့သော် မိမိတို့သစ်တောဦးစီးဌာနတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၀န်ထမ်းအင်အား(၈၀၀၀)နီးပါးသာရှိ၍ တစ်နိုင်ငံလုံးရှိ နေရာတိုင်းတွင် သစ်ပင်များပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ဒေသခံပြည်သူများ၏ အင်အားအကူအညီ လိုအပ်နေပါကြောင်း၊ ထို့ကြောင့် သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးရာတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖြစ် လျှောက်ထား၍ မိမိတို့ဒေသခံများ ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးကာ ထိန်းသိမ်းနိုင်ကြောင်း၊ ယနေ့နီပေါနိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော သစ်တော၏ (၄၉%)သည် ဒေသခံပြည်သူများကပိုင်ဆိုင်ပြီး ၄င်းတို့ကိုယ်တိုင်ကသာ ထိန်းသိမ်းစောင့်ရှောက်နေကြပါကြောင်း၊ ထို့ကြောင့် သစ်တောသစ်ပင်များ စိုက်ပျိုးလိုလျှင် သက်ဆိုင်ရာမြို့နယ်၏ သစ်တောဦးစီးဌာနတွင် ပျိုးပင်များထုတ်ယူကာ စိုက်ပျိုးနိုင်ကြောင်း” ရှင်းလင်းပြောကြားသွားခဲ့ပါသည်။
သင်တန်းတွင် ၁၉၉၂ - ခုနှစ်နှင့် ၂၀၁၆ - ခုနှစ်၏ Community Forestry(CF) ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းဆိုင်ရာလမ်းညွန်ချက် အကျဉ်းချုပ်ကို ဖတ်ကြား ရှင်းလင်း၍ ၄င်းတို့၏ကွာခြားပုံကိုပြန်လည်သုံးသပ်ခြင်း၊ Community Forestry Instructions(CFI) ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းဆိုင်ရာလမ်းညွန်ချက်များ ပြင်ဆင်မှု အဆင့် ဆင့်ကို ရှင်းလင်းတင်ပြခြင်းနှင့် အုပ်စုဖွဲ့၍ “သစ်တောဦးစီးဌာန၏ကူညီပံ့ပိုးမှု၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်း၊ အသုံးပြုသူများအဖွဲ့၏ရပိုင်ခွင့်များနှင့်ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းအဆင့်ဆင့်” စသောခေါင်းစဉ်များကို ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းပြုလုပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းကို ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာနရုံး၊ ရတနာသစ်ခန်းမတွင် ၂၀၁၆ ခုနှစ်၊ မေလ (၉) ရက်နေ့မှ (၁၃)ရက်နေ့အထိ (၅) ရက်တိတိဖွင့်လှစ်မည်ဖြစ်ပြီး တက်ရောက်လာသူများ အနေဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ သင်တန်းသား(၂)ဦးအပါအ၀င်၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သစ်တောဦးစီးအရာရှိများ၊ ၀န်ထမ်းများ၊ ဖိတ်ကြား ထားသောအဖွဲ့အစည်းများ၊ NGOအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော (CF) တည်ထောင်ထားသောကျေးရွာများမှ ရွာသားများ စုစုပေါင်း(၈၀)ကျော် တက်ရောက်ခဲ့ပါသည်။ ထို့အပြင် အဆိုပါသင်တန်းမျိုးကိုလည်း တစ်နိုင်ငံလုံးတွင်ပျံ့နှံ့နိုင်ရန်အတွက် ၎င်းတို့စီမံကိန်းတွင် ပါဝင်သော တိုင်းဒေသကြီးနှင့်ပြည်နယ် (၈)နေရာတွင်၊ တစ်ပတ်လျှင်တစ်နေရာနှုန်းဖြင့် (၂)လအတွင်း ဆက်လက်ဖွင့်လှစ်သွားမည့် အစီအစဉ်ရှိပါကြောင်း သတင်းရရှိပါသည်။
ခွန်ယွေးယဲင်
(ခမ်းစန္တာ;ဟေ့,)
Like On Facebook
Follow On Twitter
Subscribe On RSS