Sunday, May 22, 2016

ပြောင်းပြန်ဖြစ်နေသည့် ယနေ့ခေတ်မြို့ပေါ်ပညာတတ် ပအိုဝ်းလူငယ်များနှင့် ကျေးလက်တောရွာပအိုဝ်းလူငယ်များ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ  (၂၃) ရက်                                                                            

           


ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးလာကြသည်နှင့်အမျှ မြန်မာနိုင်ငံသည်လည်း ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ စစ်အစိုးခေတ်မှ ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းလာနေသည်ကို စာဖတ်သူတိုင်း သိရှိပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားညီနောင်များသည်လည်း ခေတ်အဆက်ဆက် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးအောက်တွင် ''မဉ်;ထွုမ်,လဲ့ဆာ မဉ်;လျာတဲ့သာ;'' ပအိုဝ်းစကားပုံကဲ့သို့ ကာလ(၁၀)စုနှစ်မြောက်များစွာ ခံစားနေထိုင်ခဲ့ရသည်။ ထိုသို့နေထိုင်ခဲ့ရသော်လည်း ပအိုဝ်းလူမျိုးများသည် ''ပတ္တမြားမှန်က နွံမှာနစ်လည်းမညစ်'' ဟူသောမြန်မာစကားပုံကဲ့သို့ ပအိုဝ်းခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုနှင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ပြောင်းလဲလာမှုတို့ကြောင့် လူမျိုး၊ ဒေသအတွက် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ပအိုဝ်းလူမျိုးများ ၀င်ရောက်လျှောက်လှမ်းလာနေကြောင်းကို စာဖတ်သူတိုင်း သတိထားမိလိမ့်မည်ဟု ယုံကြည်ပါသည်။
၂၀၁၅-ခုနှစ် ရွေးကောက်ပွဲပြီးခါစကာလတွင် လူမှုကွန်ယက်စာမျက်နှာ၌ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် ပအိုဝ်းလူမျိုးများကို အပြစ်တင်ပြောဆိုနေကြသည့်သတင်းများ ပြန့်နှံ့ခဲ့သည်ကို မိမိအနေဖြင့် ပြန်လည်မြင်ယောင်လာမိပါသည်။
ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် မျိုးချစ်စိတ်ဓါတ် ပြင်းထန်ကြသည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် မျိုးချစ်စိတ်ဓါတ်ရှိကြသော်လည်း ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများ၏ မျိုးချစ်စိတ်ဓါတ်နှင့်နှိုင်းယှဉ်ပါက များစွာကွာခြားလှသည်ဟု ရွာသားများက ပြောဆိုနေကြသည်။ ထိုသို့ပြောဆိုရခြင်းမှာ မိမိအနေဖြင့်ဖော်ပြရမည်ဆိုပါက မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများထက် အဘက်ဘက်မှ အခွင့်အရေး၊ အခွင့်အလမ်းများ ပိုမို၍အခွင့်သာကြသည်ကို စာဖတ်ပရိသတ်များ ငြင်းဆိုလိမ့်မည်ဟု မထင်ပေ။
ကျေးလက်တောရွာများမှ ပအိုဝ်းလူမျိုးများသည် ပညာသင်ယူလိုကြသော်လည်း စာသင်ကျောင်း လုံလောက်စွာမရှိခြင်းသော်လည်းကောင်း၊ စာသင်ကျောင်းရှိပြီး ကျောင်းဆရာ/မများ လုံလောက်စွာ မရှိခြင်းသော်လည်းကောင်း၊ ရှိသည့်ကျောင်းဆရာ/မများလည်း ကျေးလက်တောရွာဒေသများတွင် မပျော်သည့်အတွက် ကျောင်းဖွင့်ချိန်ရောက်သော်လည်း ကျောင်းမဖွင့်နိုင်ခြင်းသော်လည်းကောင်း အခက်အခဲများစွာနှင့် တွေ့ကြုံနေကြရပါသည်။ ဆရာ/မများ ကျေးလက်တောရွာတွင် ပျော်ရွှင်အေးချမ်းစွာ စာသင်ကြားပေးနိုင်ရန် ဆရာ/မများအတွက် ဆန်၊ ဆီ၊ ဆား၊ ထင်း၊ အိမ်ယာ၊ ရေ၊ မီး စသည့်အခြေခံလိုအပ်ချက်များကို လောက်လုံစွာရရှိအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြရပါသည်။ ကျေးလက်တောရွာရှိ ကျောင်းသား/သူများသည် အစိုးရပညာရေးကို ဘွဲ့ရရှိသည်အထိ ထိုကဲ့သို့သော အခက်အခဲများကြားမှ ကြိုးစားသင်ယူလေ့လာခဲ့ကြရပါသည်။
အစိုးရပညာရေးအပြင် ပအိုဝ်းအမျိုးသားစာပေ တတ်မြောက်ရေးအတွက်လည်း တစ်နှစ်တစ်ကြိမ် ရွာအလိုက် ပအိုဝ်းစာပေသင်တန်းအတွက် ငွေကြေးများကုန်ကျခံသကဲ့သို့ အချိန်များလည်းအကုန်ခံပြီး ပအိုဝ်းစာပေများကို လေ့လာသင်ယူကြပါသည်။ ပအိုဝ်းစာပေစာမေးပွဲကို ကျေးရွာအုပ်စုအလိုက် စုပေါင်းပြီး ဖြေဆိုကြသည်။ သင်တန်းအောင်ပွဲတွင်လည်း ရိုးရာယဉ်ကျေးမှုအကများ၊ ပအိုဝ်းတေးသီချင်းအဆိုများ အပါအ၀င် ပြိုင်ပွဲအဖြစ်ကြီးကျယ်ခန့်နားစွာ ထည့်သွင်းကျင်းပကြသေးသည်။ ဤသို့ပွဲများကိုနှစ်စဉ်နှစ်တိုင်း ကျင်းပနေခြင်းကြောင့် စတိတ်စင်များကိုလည်း ရေရှည်အသုံးပြုနိုင်ရန်အတွက် အုတ်များဖြင့် ကြီးကျယ်ခိုင်ခန့်စွာ ပြုလုပ်ထားသေးသည်။
ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများ၏ ၀တ်စားဆင်ယင်မှုများကို ကြည့်မည်ဆိုလျှင်လည်း ပြောစရာမရှိပါ။ ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ၀မ်းစာရှာဖွေစားသောက်ရေးအချိန်များထဲမှ အမျိုးသားရေးအတွက် အချိန်များပေးပြီး စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်းကာ ပူးပေါင်းဆောင်ရွက်နေကြပါသည်။
မြို့ပေါ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုးသည် လူနေမှုအဆင့်အတန်းမြှင့်မားပြီး စီးပွားရေးတွင်လည်း ပြီးပြည့်စုံကြသည်။ သို့သော် အမျိုးသားရေးလုပ်ငန်းများတွင် ထိရောက်တွင်ကျယ်စွာ ၀င်ရောက်တာဝန်ယူ ဦးဆောင်ပေးခဲ့ပြီလား ဆိုသည့်မေးခွန်းထုတ်စရာရှိလာပါသည်။
မြို့ပေါ်တွင်နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ရွေးကောက်ပွဲမတိုင်ခင် သီတင်းကျွတ်အခါသမယ၌ မြို့ပေါ်ရှိပအိုဝ်းပွဲရုံတစ်ချို့၏ ပွဲစားစကားကို မိမိကြားသိခဲ့ရသည့်အခါ များစွာဝမ်းနည်းခဲ့ပါသည်။ ပြောခဲ့သည့်စကားသည် ''ရွေးကောက်ပွဲနေ့မှာ နဂါးမဲ မထည့်ကြပါနဲ့ နာမည်ကြီးတဲ့ ပါတီကို မဲထည့်ပေးပါ'' ဆိုကာ ကျေးလက်တောရွာတွင် ကျန်ရှိနေသည့်ကုန်စည်ဖောက်သည်များကို ပြောဆိုခဲ့ပါသည်။ တစ်ချို့သောပအိုဝ်းပွဲရုံတွင်လည်း ကျေးလက်တောရွာများမှ ထွက်ရှိလာသည့်ခြံထွက်သီးနှံများကို သွားရောက်ရောင်းချပေးသည့်အခါ ''မဲထည့်တဲ့အခါ နာမည်ကြီးတဲ့ပါတီကိုပဲ မဲထည့်ပေးကြပါ''  ထိုကဲ့သို့လည်း ထပ်မံကြားရခဲ့သေးသည်။ အရောင်းအ၀ယ်ပြုလုပ်နေသည့် မြို့ပေါ်ပအိုဝ်းတစ်ချို့သည်လည်း ''နဂါးမဲထည့်ရင် ဒေသအတွက်ပဲဖြစ်မှာ ငါတို့မြို့အတွက် ဘာလုပ်ပေးနိုင်မှာလဲ'' ဆိုပြီး ပြောဆိုမှုများလည်း ကြားရသည်။
တစ်ချိန်တွင် ကျေးလက်တောရွာမှ ရွာသူကြီးတစ်ဦး ပြောဆိုသည့်စကားကို ပြန်လည် ကြားယောင်မိပါသည်။ ''ငါတို့ရွာဖက်မှာဆို စည်းလုံးညီညွတ်ပြီးသားပါ မြို့ပေါ်မှာရှိတဲ့ပအိုဝ်းတွေကသာ စည်းလုံးညီညွတ်မှုမရှိကြတာ မြို့ပေါ်မှာနေတာ ငါတို့လူမျိုးအတွက် စံပြနာမူနာကောင်းတွေဖြစ်ရမယ်လေ အခုကျတော့ မြို့ပေါ်ကပဲစပြီး ကွဲပြဲနေကြတာ ငါတို့ပအိုဝ်းတွေ ဘယ်လိုလုပ်ပြီး စည်းလုံးမှာလဲ'' ဆိုသည့်စကားသည် သေချာတွေးခေါ်စဉ်းစားကြည့်ပါက အနက်အဓိပ္ပါယ်နက်ရှိုင်းလှပါပေသည်။ ၁၉၅၄-ခုနှစ်၊ ဇွန်လတွင် မြို့ပေါ်တွင်နေထိုင်သည့် ပအမဖအမှုဆောင်များက ပအိုဝ်းအမျိုးသားအစည်းအရုံး(ပအမစ)ကို သီးခြားဖွဲ့စည်းခဲ့ခြင်းကြောင့် ၁၉၅၆-ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် ပအိုဝ်းအမတ်ဦးအောင်သာ၊ ဦးပန္တကုံး၊ ဦးချစ်ဖေနှင့် ဦးမောင်ညွန့်တို့ကို မသမာသူလူသတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဗိုလ်ဟိန်မောင်၊ ဟိန်ကျန်၊ ဟိန်ပေါင်းစင်ထွန်း စသည့်ခေါင်းဆောင်များလည်း ပျောက်ဆုံးနေခဲ့သည်။ ရွေးကောက်ပွဲတွင်လည်း (ပအမဖ)လွှတ်တော်အမတ် ဦးထွေးလုံ ပင်လောင်းတစ်ဦးသာရရှိခဲ့သည်ကို သမိုင်းစာမျက်နှာအရ လေ့လာသိရှိခဲ့ရပါသည်။
မြို့ပေါ်တွင်နေနိုင်ပြီဆိုကာဖြင့် ကျေးလက်တောရွာလေး၏ အခြေအနေများကို မေ့နေကြပြီလား။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် များသောအားဖြင့် အထည်အလိပ်၊ အ၀တ်အစား၊ စိုက်ပျိုးရေးသုံး ဆေးအမျိုးမျိုး၊ ဓါတ်မြေသြဇာအမျိုးမျိုး၊ ခြံသုံးကိရိယာအမျိုးမျိုး၊ စိုက်ပျိုးရေးမျိုးစေ့အမျိုးမျိုး၊ ရွှေငွေရတနာရောင်းဝယ်ရေး၊ ပွဲရုံလုပ်ငန်း၊ စားသောက်ကုန်အမျိုးမျိုး၊ အလှကုန်အမျိုးမျိုး၊ စာရေးကိရိယာအမျိုးမျိုး၊  အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ စားသောက်ဆိုင်အမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ဖိနပ်အမျိုးမျိုး၊ မီးဖိုဆောင်သုံးပစ္စည်းအမျိုးမျိုး စသည်ဖြင့် စီးပွားရေးလုပ်ငန်းများ များပြားစွာလုပ်ကိုင်မှု ရှိကြပါသည်။
မိမိတို့လုပ်ကိုင်နေသည် စီးပွားရေးလုပ်ငန်းအပေါ်ပြန်လည်သုံးသပ်မိပါက ပအိုဝ်းဝတ်စုံများ၊ စိုက်ပျိုးရေးတွင်သုံးသည့်ဆေးများ၊ ဓါတ်မြေသြဇာအမျိုးမျိုး၊ ခြံသုံးကိရိယာအမျိုးမျိုး၊ ရွှေငွေရတနာအမျိုးမျိုး၊ စားသောက်ဆိုင်အမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ မျိုးစေ့အမျိုးမျိုး၊ စာရေးကိရိယာအမျိုးမျိုး၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ဖိနပ်အမျိုးမျိုး၊ မီးဖိုဆောင်သုံးပစ္စည်းအမျိုးမျိုး စသည့်ကုန်စည်များ၊ စားသောက်ကုန်များကို ၀ယ်ယူအားပေးသည့် ဖောက်သည်အများစုမှာ မည်သူနည်း။ ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် လိုအပ်သည့်ပစ္စည်းများကို ၀ယ်ယူရန်အတွက် ပအိုဝ်းဈေးဆိုင်များတွင် အားပေးကြပါ ဟူ၍ အချင်းချင်း ဦးစွာမေးမြန်းပြောဆိုကြပါသည်။ ၎င်းကဲ့သို့သော အားပေးမှုများကို မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများ သိရှိပါသလား စသည့်မေးခွန်းမြောက်များစွာဖြင့် မေးစရာများ များပြားစွာ ပေါ်ပေါက်လာပါသည်။
ပွဲရုံအမျိုးမျိုးတွင် ကျေးလက်တောရွာများမှ ထွက်ရှိလာသည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်း၊ ပဲစဉ်းငုံ၊ ပဲပုတ်၊ ပြောင်း၊ ပန်းနမ်း၊ ဂျုံ၊ လက်ဖက်ခြောက်၊ သနပ်ဖက်၊ ပဲရာဇာ၊ ကုလားပဲ၊ အာလူး၊ မြေပဲ စသည့် သီးနှံများကို ပွဲရုံမှ သတ်မှတ်ပေးသည့်ဈေးနှုန်းဖြင့်သာ ကျေးလက်တောရွာမှပအိုဝ်းလူမျိုးများ လာရောက်ရောင်းချပေးနေသည်ကိုလည်း သတိရပေးစေလိုပါသည်။
မြို့ပေါ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ကျေးလက်တောရွာမှ ပြောင်းရွေ့ပြီးမြို့ပေါ်တွင် သွားရောက်နေထိုင်သည့် ပအိုဝ်းလူမျိုးများလည်း များစွာရှိပါသည်။ ''ဒေသဖွံ့ဖြိုးတိုးတက်ဖို့ နဂါးကို မဲပေးကြစို့'' ဟူသည့်ဆောင်ပုဒ်ကို လျစ်လျူရှု၍ ပအိုဝ်းနဂါးမဲကို မထည့်ပေးသည့် မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများအား မိမိအနေဖြင့်အနည်းကျဉ်းပြောပြလိုပါသည်။ ဒေသဖွံ့ဖြိုးမှသာလျှင် ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများအတွက် စိုက်ပျိုးရေးခြံများမှ ထွက်ရှိလာသည့် ကုန်စည်သီးနှံအမျိုးမျိုးသည် ကုန်ကျစရိတ်သက်သာပြီး ပွဲရုံရှိပွဲစားများထံသို့ ကုန်စည်များ များပြားစွာ ရောင်းချပေးနိုင်မည်ဖြစ်သည်။ ခြံထွက်ကုန်စည်သီးနှံများ များစွာရောင်းချပေးနိုင်မှသာ ပွဲရုံရှိ ပွဲစားများအတွက် စီးပွားရေးဖြစ်ထွန်းသကဲ့သို့ ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများလည်း ၀င်ငွေပိုမိုရရှိပြီး သားသမီးများ၏ပညာရေးကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ၀င်ငွေပိုမိုရရှိမှသာ မြို့ပေါ်ရှိပအိုဝ်းလူမျိုးများ ရောင်းချနေသည့်ကုန်စည်အမျိုးမျိုးကို ပြန်လည် ၀ယ်ယူအားပေးနိုင်မည်ဖြစ်သည်။ သို့မှသာ မြို့ပေါ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများလည်း ကုန်စည်ရောင်းအားတက်ပြီး စီးပွားရေးဖြစ်ထွန်းလာမည်ဖြစ်သည်။ ထိုသို့သော ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများနှင့်လည်း ပါဝင်ဆောင်ရွက်ရန်လိုအပ်မည်ဟု မိမိအနေဖြင့် ထင်မြင်မိပါသည်။
မြို့ပေါ်တွင်နေထိုင်သည့်ပုဂ္ဂိုလ်များသည် မဲပေးနိုင်ရန်အတွက် မဲပေးပုံပေးနည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် လိုအပ်တော့မည်မထင်ပေ။ အဘယ်ကြောင့်ဆိုသော် မြို့ပေါ်တွင် စာစောင်၊ ဂျာနယ်၊ ရုပ်မြင်သံကြားများမှ သတင်းအချက်အလက်များ နေ့စဉ်နှင့်အမျှ ကြားသိနေရပါသည်။ ပညာရေး အခြေခံလည်းမြင့်မားနေသည့်အတွက် မဲပေးနိုင်ရန် အခက်အခဲရှိနိုင်မည်မဟုတ်ပါ။ ကျေးလက်တောရွာတွင် နေထိုင်သည့်ပုဂ္ဂိုလ်များသည် မြို့ပေါ်တွင်နေထိုင်သည့်ပုဂ္ဂိုလ်များနှင့်မတူနိုင်ပါ။ စာစောင်၊ ဂျာနယ်၊ ရုပ်မြင်သံကြားများမှ သတင်းအချက်အလက်များလည်း အချိန်နှင့်တပြေးညီ မရရှိနိုင်ပါ။ ထို့ကြောင့် မျိုးချစ်လူငယ်များက ဦးစီးဦးဆောင်ပြီး ရွေးကောက်ပွဲနေ့တွင်မဲပေးနိုင်ရန် မဲပေးခြင်းသင်တန်းများကို ရွာတိုင်းတွင် အချိန်ပေးပြီးလေ့ကျင့်ပေးနေရပါသည်။ ဤကဲ့သို့လေ့ကျင့်ပေးခဲ့ခြင်းကြောင့် ရွေးကောက်ပွဲနေ့တွင် ကျေးလက်တောရွာများတွင် မဲရုံတိုင်းနီးပါး နဂါးမဲ အပြတ်အသတ် အနိုင်ရရှိခဲ့ကြပါသည်။ သို့သော် မြို့ပေါ်ရပ်ကွက်များတွင် နဂါးမဲ အပြတ်အသတ်ရှုံးနေသည်ကို မဲစာရင်းများအရတွေ့ရှိခဲ့ရပါသည်။
၂၀၁၅-ခုနှစ်ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် နဂါးမဲ ၆၃၀ မဲဖြင့် လျော့နည်းကာ လွှတ်တော်အတွင်းမှ ပအိုဝ်းအမျိုးသားတာဝန်ထမ်းဆောင်ပေးရန် လွှတ်တော်အမတ်(၁)ဦး လျော့နည်းခဲ့ရပါသည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများအနေဖြင့် ကျေးလက်တောရွာတွင် နေထိုင်လုပ်ကိုင်သည့်ပအိုဝ်းလူမျိုးများကို ကိုယ်ချင်းစာစိတ်၊ သနားညှာတာစိတ်၊ မျိုးချစ်စိတ်ဖြင့် ပြန်လည်ပြီး လှည့်ကြည့်လက်တွဲခေါ် ဦးဆောင်သင့်ပါသည်။
ဝတ်စားဆင်ယင်မှုတွင်လည်း မြို့ပေါ်တွင်နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ပအိုဝ်းဝတ်စုံများကို ၀တ်ဆင်မှသာ တခြားသောညီနောင်တိုင်းရင်းသားလူမျိုးများက ပအိုဝ်းလူမျိုးများ၏ ၀တ်စားဆင်ယင်မှု များကို သိရှိလာမည်ဖြစ်သည်။ ပအိုဝ်းအချင်းချင်းစကားပြောဆိုဆက်ဆံသည့်အခါတွင်လည်း ပအိုဝ်း ဘာသာစကားဖြင့်ပြောဆိုမှသာလျှင် ပအိုဝ်းလူမျိုးတို့၏ ဘာသာစကားသည်လည်း လူသိများလာမည် ဖြစ်ပါသည်။ စာပေသည်လည်း လွန်စွာအရေးကြီးသည့် အမျိုးသားရေးလက္ခဏာတစ်ရပ်ဖြစ်ပါသည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် ပအိုဝ်းစာပေကို တတ်ကျွမ်းစွာ သင်ယူသုံးစွဲမှသာလျှင် ပအိုဝ်းလူမျိုးတို့၏ စာပေများသည် ပြန့်ပွားမှုအားကောင်းလာမည်ဖြစ်သည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် လက်ရှိအချိန်အထိ ပအိုဝ်းစာပေကို ဘယ်လောက်ထိ သင်ယူလေ့လာခဲ့ပြီးပြီလဲ၊ ပအိုဝ်းဘာသာစကားများကိုလည်း ဘယ်လောက်ထိ ပြောဆိုနေသေးလဲ ဆိုသည့်မေးခွန်းလည်းမေးစရာ ထပ်ဖြစ်လာပြန်ပါသည်။
တက္ကသိုလ်များတွင် ပအိုဝ်းကျောင်းသူ/သားများ၏ လှုပ်ရှားမှုများတွင်လည်း မြို့ပေါ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုး၏ သား/သမီးများသည် ဦးဆောင်မှုအားနည်းသကဲ့သို့ ပူးပေါင်းပါဝင်မှု၊ အားပေးမှုတွင်လည်းအားနည်းသည်ကို မိမိကျောင်းသားဘ၀တွင် တွေ့မြင်သိရှိခဲ့ရပါသည်။ ပညာတတ်ပြီး အစိုးရဌာနများတွင် ၀င်ရောက်တာဝန်ထမ်းဆောင်ခြင်းလည်း နည်းပါးနေသည်ကို တွေ့မြင်နေရပါသည်။
အိမ်ထောင်ပြု မိသားစုဘ၀တည်ထောင်ရန် အသက်အရွယ်ရောက်ရှိလာသည့်အခါတွင် ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် လူမျိုးအချင်းချင်း ပြန်လည်လက်ထပ် ကြသည်မှာ ရာနှုန်းပြည့်နီးပါးဖြစ်ပါသည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများ၏ ပညာတတ် သား/သမီးများသည် ပအိုဝ်းလူမျိုးများအချင်းချင်း တူညီသည့်ပညာအရည်အချင်း၊ တူညီသည့်လူနေမှု အဆင့်အတန်း၊ တူညီသည့်ဂုဏ်ပကာသန မရှိကြသည့်အတွက်ကြောင့် လူမျိုးခြားနှင့်သာ များစွာ ဖူးစာတွေ့ဆုံသွားကြရသည်ဟု မိမိထင်မြင်မိပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများတွင် ၀င်ရောက်တာဝန်ထမ်းဆောင်နေသည့် လူငယ်များကိုလေ့လာကြည့်ပါက များသောအားဖြင့် ကျေးလက်တောရွာများမှ လူငယ်များသာ ၀င်ရောက်တာဝန်ထမ်းဆောင်နေကြပြီး မြို့ပေါ်ရှိပအိုဝ်းလူမျိုးများ၏ ပညာတတ်သား/သမီးများသည် အမျိုးသားရေးလုပ်ငန်းများတွင် ၀င်ရောက်တာဝန်ယူဆောင်ရွက်မှု မရှိသလောက်ရှားနေသည်ကို မိမိအနေဖြင့် သတိထားမိပါသည်။ ၂၀၁၅ရွေးကောက်ပွဲကာလတွင် မြို့ပေါ်ရှိမဲရုံများ၌ မြို့ပေါ်ရှိ ပညာတတ်လူငယ်များ စောင့်ကြည့်မည့်ပုဂ္ဂိုလ်များမရှိသည့်အတွက် ကျေးလက်တောရွာများမှ မြို့ပေါ်အထိ မဲရုံစောင့်အဖြစ် တက်ရောက်တာဝန်ယူဆောင်ရွက်ပေးရသည့် သာဓကများလည်း ရှိခဲ့ပါသေးသည်။ လက်ရှိဦးဆောင်နေသည့် အသက်ကြီးပိုင်းပုဂ္ဂိုလ်များတွင် မြို့ပေါ်ရှိပအိုဝ်းလူမျိုးများ များပြားစွာ ပါဝင်ဦးဆောင်သော်လည်း အနာဂတ်အတွက် ဆက်လက်လုပ်ဆောင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်များကို မြို့ပေါ်ရှိပအိုဝ်းလူမျိုးများ၏ သား/သမီးပညာတတ်များ ၀င်ရောက်တာဝန်ယူဦးဆောင်မှု အားနည်းနေပါက အနာဂတ်ပအိုဝ်းလူမျိုးများအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနေရသည်ဟု မိမိအနေဖြင့် ၀မ်းနည်းစွာ ခံစားနေရပါသည်။
ထို့ကြောင့် အမျိုးသားရေးအတွက် မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများ၏ ပညာတတ် သား/သမီးလူငယ်များသည် အမျိုးသားအဖွဲ့အစည်းများတွင်သော်လည်းကောင်း၊ အစိုးရဌာနများတွင် သော်လည်းကောင်း ၀င်ရောက်တာဝန်ထမ်းဆောင်ပြီး ကျေးလက်တောရွာတွင် နေထိုင်သည့် ပအိုဝ်းလူမျိုးများ၏ သား/သမီးလူငယ်များအတွက် စည်းလုံးညီညွတ်စွာဖြင့် စံပြနမူနာကောင်းများအဖြစ် ၀င်ရောက်ဦးဆောင်ပေးရန် လေးနက်စွာ တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

ခွန်သွောင်းထို(ခွန်ဖြားဗွာခမ်း)

Powered by Blogger.