Sunday, May 22, 2016

စည်းလုံးညီညွတ်မှုနှင့် စိတ်ဓာတ်ပေါင်းစည်းမှု

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၂) ရက်


နိုင်ငံတစ်နိုင်ငံရှိ လူမျိုးတစ်မျိုးတွင်ဖြစ်စေ၊ ဘာသာတစ်ခုတွင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတွင် ဖြစ်စေ စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ပါသည်။ ထို့အပြင် မိမိတို့မိသားစုအသိုင်းအ၀န်းနှင့် ကိုယ့်ရပ်ရွာတွင်လည်း အများအကျိုးပြုလုပ်ငန်းများအတွက် စုပေါင်းအလုပ်လုပ်သောအခါ စည်းလုံးသော စိတ်ဓါတ်ထားရှိရန် လိုအပ်ပါသည်။ အဖွဲ့အစည်းတစ်ခုခုတွင် အလုပ်လုပ်မည်ဟု ဆုံးဖြတ်ထားလျှင် လူအများနှင့် ညှိနှိုင်းဆွေးနွေးတတ်သော စိတ်ဓါတ်ကောင်းထားရှိရန် လိုအပ်သည်။
မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ရယူရာ၌ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ဖွဲ့တည်းဖြင့် ရယူနိုင်ခဲ့ခြင်းမဟုတ်ချေ။ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်း၏ ညီညွတ်မှုစွမ်းအားဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုညီညွတ်မှုစွမ်းအားသည် ပြန်လည်ရရှိရန် အလွန်တရာခက်ခဲသည်။ လွတ်လပ်ရေးကိုပင် ရယူနိုင်သည်ဆိုလျှင် အခြားသောကိစ္စများ၌လည်း မအောင်မြင်နိုင်စရာအကြောင်း မရှိပေ။ “ညီညွတ်မှုစွမ်းအားဖြင့်ပန်းတိုင်သို့ အရောက်လှမ်းနိုင်” ဆိုသည့်အတိုင်း အထူးသဖြင့်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြမည်ဆိုလျှင် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်သည်။ မြန်မာလူမျိုးများအနေဖြင့် မိမိတို့အမျိုးဘာသာသာသနာ မပျောက်ကွယ်စေရန် စည်းလုံးညီညွတ်မှုအင်းအားသည် မရှိမဖြစ် လိုအပ်ပါသည်။
“ရွှေ” ဟူသည့်အရာကို သေသေချာချာတွေးကြည့်လျှင် ဇာတိ၊ ပုညဂုဏ်မာနတို့၏ သင်္ကေတလည်း ဖြစ်သည်။ ထို့အပြင် ဇွဲ၊ သတ္တိ၊ စိတ်ဓာတ်ခိုင်မာမှု၊ စည်းလုံးညီညွတ်မှု၊ မုဒိသာပြည့်ဝမှုနဲ့ သဘောထားကြီးမြတ်မှုတို့၏ သင်္ကေတလည်းဖြစ်သည်။ လူမှုအဖွဲ့အစည်းတိုင်းတွင် အချင်းချင်း သဘောထားကွဲလွဲသည့်အခါ စည်းစည်းလုံးလုံးညှိနှိုင်း အဖြေရှာခြင်းမပြုဘဲ ငြင်းခုန်နေကြသည်မှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုဖြစ်နေပါသည်။ အဓိကရည်ရွယ်ချက်မှာ မည်သည်ဖြစ်သည်ကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်သည်။ “နေရာရချင်တာလား၊ အာဏာပြချင်တာလား” စသည်တို့ကိုသေသေချာချာ စဉ်းစားပြီးဖြေဆိုသင့်သည်။ “စိတ်ကောင်း၊ စေတနာကောင်းနှင့် ရည်ရွယ်ချက်ကောင်း ရှိရိုးမှန်လျှင် ကိုယ့်နည်းတူရည်ရွယ်ချက်တူ ဆန္ဒတူများလေ အားရှိလေမဖြစ်နိုင်ပေဘူးလော” ဟု စဉ်းစားစရာပင် ဖြစ်သည်။ မိမိတို့၏ အဓိကရည်ရွယ်ချက်မှာ ပေါင်းစည်းမှုစိတ်ဓါတ်ထားသင့်သည်။ အလုပ်တစ်ခု စုပေါင်းလုပ်ဆောင်သည့်အခါတွင် ဦးစီးခေါင်းဆောင်သည့်သူများကလည်း “ငါတို့သာအရေးပါဆုံး” ဟုမှတ်ယူကာ အာဏာမပြိုင်စေလိုပါ။ ၀ိုင်းဝန်းဆောင်ရွက်ကြသော ပုဂ္ဂိုလ်များကလည်း “ဘယ်နေရာက ပါဝင်ရပါဝင်ရ” ကိုယ်ဆောင်ရွက်သမျှလုပ်ငန်းသည် ပြည့်စုံအောင်မြင်ရေးအတွက် မရှိမဖြစ်လို အပ်ချက်ဖြစ်သည်ဟုခံယူပြီး အချင်းအချင်းမုဒိတာစိတ် မွေးကြရမည်ဖြစ်သည်။ ၎င်းစိတ်ဓာတ်မျိုးသည် အမှန်တကယ် “ရွှေ” စိတ်ဓာတ်ပင်ဖြစ်သည်။
လူတိုင်းတွင် ပင်ကိုယ်စိတ်နေစိတ်ထား၊ ခံယူချက်၊ ယုံကြည်ချက်များမတူညီကြပါ။ တူညီသောအချက်များကို အခြေခံပြီးလုပ်ကိုင်ကာ အစုအဖွဲ့များဖြစ်လာသည်။ အလုပ်ဆိုသည်မှာ မလုပ်လျှင် တတ်မြောက်ကျွမ်းကျင်မှု ရှိလာမည်မဟုတ်ပါ။ အလုပ်လုပ်ရာတွင် ပူးပေါင်းပါဝင်လိုသည့် စိတ်ဓါတ် မခိုင်မာလျှင် စည်းလုံးညီညွတ်မှု ရလဒ်ရရှိမည်မဟုတ်သလို တိုးတတ်လာမည်လည်း မဟုတ်ပါ။ ဒီမိုကရေစီစိတ်ဓါတ်ဆိုသည်မှာ ပွင်းလင်းမြင်သာပြီး နားလည်မှု မတူညီချက်များကို နားလည် လက်ခံတတ်အောင်၊ တူညီမှုများမြင်တတ်အောင်၊ မတူတိုင်းလည်း ရန်သူဟုမယူဆဘဲ တန်းတူအခွင့်အရေးရှိမှုကို လက်ခံတတ်အောင် တစ်ဦးချင်းလေ့ကျင့်သွားရမည် ဖြစ်သည်။ ထိုသို့လေ့ကျင့်နိုင်ရန်ပွင့်လင်း သောလူ့အဖွဲ့အစည်းနှင့် စစ်မှန်သော ဒီမိုကရေစီစနစ်လိုအပ်ပါသည်။ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုကို အမှန်တကယ်ရလိုလျှင် ဖက်ဒရယ်စနစ်အပေါ် အခြေခံသောဒီမိုကရေစီကို ကျင့်သုံးသင့်ပါသည်။
အဖွဲ့အစည်းအတွင်း အချင်းချင်းတန်ဖိုးထားမှုများ၊ ရဲဘော်ရဲဘက်စိတ်ဓါတ်များ၊ သံယောဇဉ်များကို စိတ်အားထက်သန်စွာ ကျင့်ဆောင်ထားနိုင်ရန် အလုပ်ရှင်နှင့် ခေါင်းဆောင်က အစဉ်နှိုးဆော်ပေးသင့်သည်။ တခါတရံ အဖွဲ့အစည်းအတွင်းတွင် ဌာနတစ်ခုနှင့်တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး လိုက်လျောညီထွေမှုအားနည်းနေလျှင် စောဒကတက်တတ်ကြသည်။ ဦးဆောင်ဦးရွက်ပြုသူများအနေဖြင့် ဤအခြေအနေမျိုးတွေ့ရှိခဲ့လျှင် အချိန်မီပြန်လည်ရှင်းပြပေးရန် လိုအပ်ပေသည်။
အများစုက ကိုယ့်လှေကိုစီးပြီးခရီးထွက်ကြပါသည်။ ၎င်းကိုအပြစ်ဟု ရာခိုင်နှုန်းအပြည့် ပြောဆို၍မသင့်ပေ။ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်” ဖြစ်သည့်အခါ ထိုလှေကိုစွန့်ပြီး မိမိလွတ်ရာသို့ ထွက်သွားတတ်သူတို့မှာ အပြစ်ရှိသူု မဆိုသာပေ။ သို့သော် ၎င်းကို အကောင်းဆုံးဖြစ် အောင် ပြန်လည်ပြုပြင်သောသူသာလျှင် အမွန်မြတ်ဆုံးဖြစ်ပေလိမ့်မည်။ ၎င်းလှေထဲတွင် ရေသာခိုသူ ပါမည်။ ဦးဆောင်သူပါမည်။ နောက်လိုက်သူပါမည်။ သူ့နည်းနဲ့သူ အမှုအကျင့် ကိုယ်စီနဲ့ ပါလာသော လူများသည် တစ်ဦးချင်းစီအလိုက် မိမိမှ စတင်ပြုပြင်ရပါမည်။ ထိုသို့စည်းစည်းလုံးလုံးနှင့် ဖန်တီးတည်ဆောက်၊ ခရီးဆက်သွားကြလျှင် လှပသောတိုင်းပြည်အနာဂါတ်မှာ တိုးတက်အောင်မြင် မည်ဖြစ်ကြောင်း ထင်မြင်သုံးသပ်မိပါသည်။

မူပေမဲုင်းကောင်


Powered by Blogger.