Wednesday, May 11, 2016

Diplomacy များ အားနည်းဆဲဖြစ်သော NLD လွှတ်တော်အမတ်မင်းများ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၁) ရက်



 ၂၀၁၅ ရွေးကောက်ပွဲတွင် အားကောင်းခဲ့သော NLD ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တောင်ပြိုကမ်းပြို အနိုင်ရလဒ် ပြတ်သားခဲ့သည်။ ယခုလက်ရှိအချိန်တွင် အစိုးရအနေဖြင့်လည်း NLD အစိုးရဖြစ်လာခဲ့သကဲ့သို့ လွှတ်တော်အနေဖြင့်လည်း NLD လွှတ်တော် ပုံဖော်လာခဲ့ပြီး ဖြစ်ပါသည်။ ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးကာလကတည်းက အမျိုးသားရင်ကြားစေ့ရေးကို အလေးထား တည်ဆောက်ပြီး အင်အားကောင်းသည့် နိုင်ငံတော်ကြီး ဖြစ်စေရမည်ဟု ကြွေးကြော်ထားသည့်အတိုင်း လွှတ်တော်၌ ရေးရာကော်မတီများ ဖွဲ့စည်းရာတွင် ရေးရာကော်မတီတချို့၏ အရေးပါသော ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ရာထူးတာဝန်တို့ကို တိုင်းရင်းသားပါတီငယ်များမှ လွှတ်တော်ကိုယ်စားလှယ်များအား ပေးအပ်ခဲ့သည်ကို တွေ့မြင်တွေ့ခဲ့ရပါသည်။ ဤအချက်သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အင်မတန်ပင် အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းဖြစ်ပါသည်။

သို့သော် မိမိအနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟု ဆိုရာတွင် ပထမဦးဆုံး ပြေးမြင်မိသည်မှာ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဖြစ်တယ်။ လက်ရှိ မြန်မာနိုင်ငံတွင် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ထိခိုက်ပွန်းပဲ့မှု ဆိုးဆိုးဝါးဝါး ဖြစ်ပွားလျက်ရှိပြီး ဤအချက်ကို ပြန်လည်ရင်ကြားစေ့နိုင်ရန် NLD လွှတ်တော်အနေဖြင့်သော်လည်းကောင်း NLD အစိုးရအနေဖြင့်ပါ အဓိက ဆောင်ရွက်ရမည့် ကိစ္စဟု မိမိအနေဖြင့် တွေးမြင်မိပါသည်။ ဤပြဿနာကို ပြေလည်အောင် မဖြေရှင်း၊ မညှိနှိုင်းနိုင်ပါက လက်ရှိဒီမိုကရေစီ အပြောင်းအလဲသည် အချိန်မရွေး နောက်ကြောင်းပြန်လှည့်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

NLD လွှတ်တော်မှ သော်လည်းကောင်း၊ NLD အစိုးရမှ သော်လည်းကောင်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြစ်သည့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ကောင်းမွန်စွာ ကိုင်တွယ်ရမည်ဖြစ်ပြီး Diplomacy နည်းလမ်းကျကျ သဘောထားကြီးကြီးဖြင့် ဆောင်ရွက်ရန် လိုအပ်ပါသည်။ အတိတ်တွင် မည်သူက ကိုယ့်အပေါ် မည်ကဲ့သို့ ဆက်ဆံခဲ့စေကာမူ ဘယ်သူကောင်းကောင်း မကောင်းကောင်း ကျွန်ုပ် ကောင်းရမည် ဆိုသကဲ့သို့ သံခင်း တမန်ခင်းဖြင့် သဘောထားကြီးရမည်ဖြစ်သည်။ သို့သော် ယခု တွေ့မြင်ကြားသိနေသည့် အခြေအနေသည် စိတ်မသက်စရာပါပင်။ NLD အမတ်များမင်းများအနေဖြင့် Diplomacy  အားနည်းနေဆဲဆိုသည်ကို ဥပဒေကြမ်းကော်မတီမှ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကြမ်း တင်သွင်းသည့်နေ့တွင် ပေါ်လွင်ထင်ရှားခဲ့သည်။ ၂၅% သော တပ်မတော်သားကိုယ်စားလှယ်များအပေါ် ဆက်ဆံသည့် ဆက်ဆံရေးသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဖြစ်သည့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးသို့ ရှေးရှုမှု မရှိခဲ့သလိုပင် ဖြစ်နေပါသည်။ ရန်သူကို မိတ်ဆွေဖြစ်အောင် Diplomacy မသုံးခဲ့ပေ။ သုံးရကောင်းမှန်းလည်း သံခင်းတမန်ခင်းနည်းလမ်း မသိနားမလည်ခဲ့သကဲ့သို့ ထင်ရသည်။  NLD လွှတ်တော်အမတ်မင်းများနှင့် ၂၅% သော တပ်မတော်သားကိုယ်စားလှယ်များ ပွတ်တိုက်မှု ကြမ်းတမ်းခဲ့သည်။
အစိုးရသစ် တာဝန်ယူပြီး မကြာခင်ကာလအတွင်းမှာပင် NLD ကိုယ်စားလှယ်များနှင့်  ၂၅% သော တပ်မတော်သားကိုယ်စားလှယ်များ ပွတ်တိုက်မှု များခဲ့သည်။ ထိုကဲ့သို့သော ပွတ်တိုက်မှုတိုင်းတွင် NLD  ကိုယ်စားလှယ်များအနေဖြင့် မလွှဲမရှောင်သာ ကြုံတွေ့ရသော ပွတ်တိုက်မှုမျိုး မဟုတ်ခဲ့ပါ။ Diplomacy နည်းဖြင့် အမြော်အမြင်ရှိရှိ သိမ်သိမ်မွေ့မွေ့ဖြင့် ရှောင်လွှဲ၍ ရနိုင်သည့် ကိစ္စရပ်များပင် ဖြစ်သည်။ လွှတ်တော်တွင်း အခြေအတင် အငြင်းအခုံများ ရှိနိုင်မည်ဖြစ်သော်လည်း အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ကို မထိခိုက်အောင် NLD အနေဖြင့် ရှောင်ကွင်းသွားရမည် ဖြစ်သည်ကို ရှောင်ကွင်းမှု မပြုဘဲ ပွတ်တိုက်မှု ကြမ်းတမ်းအောင် NLD အနေဖြင့် ပြေးတွေ့လိုက်သကဲ့သို့ပင် ထင်ရသည်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် နူးညံ့ညင်သာသည့် ဆက်ဆံရေးမျိုး NLD အနေဖြင့် ပိုင်ဆိုင် ထားရမည် ဖြစ်သည်။
   
ကြားသိမြင်တွေ့နေရသည့် အခြေအနေများအရ NLD  လွှတ်တော်အမတ်မင်းများအနေဖြင့် ပထမလွှတ်တော် သက်တမ်း၏ အကြွေးကို အာဃာတတရားထားကာ ပြန်ဆပ်နေသလို ဖြစ်နေပြီး  ပြန်လည်အနိုင်ယူလိုသော စိတ်သက်သက်ဖြင့် အထက်စီးဆက်ဆံပါက NLD အနေဖြင့် ကြုံးဝါးထားသော အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များသည် အောင်မြင်ရန် ခဲယဉ်းပေအုံးမည်ဟု သုံးသပ်မိပါသည်။ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဆိုသည်များလည်း မျှော်သာမျှော် ပေါ်မလာ ဖြစ်နေမည် ဖြစ်ပါသည်။ လက်ရှိ လွှတ်တော်သည် NLD လွှတ်တော်ဟုပင်ဆိုနိုင်ပါသည်။  ပြိုင်ဘက်နှင့်အတိုက်အခံသည်လည်း NLD  အတွက် မြူမှုန်လောက်ပင် ဖြစ်သည်။ NLD အနေဖြင့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုလျှင် လွှတ်တော်တွင် မိမိကရမည့် ကကွက်ကိုသာ ပိုင်နိုင်ဖို့ရန်လိုပြီး ပွတ်တိုက်မှုဖြင့် အနိုင်ယူရန် မလိုအပ်ပေ။ ကြိုးဝိုင်းသို့ ရောက်ရှိနေပြီးသော ယခုပွဲသည် မိမိ၏ နိုင်ပွဲဖြစ်နှင့်ပြီးသား ဆိုသည်ကို NLD အမတ်မင်းများအနေဖြင့် ကောင်းမွန်စွာ သဘောပေါက်ထားရန် လိုသည်။ ပွတ်တိုက်မှုသည် နိုင်ငံအတွက် ရေရှည်မကောင်းပေ။ NLD အနေဖြင့် နိုင်ငံအတွက် အကျိုးရှိမည့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးမျိုးကို ပိုမိုစဉ်းစားဖို့ လိုပါသည်။

ရှမ်းပြည်နယ်လွှတ်တော်တွင်လည်း NLD အမတ်မင်းများ၏ လွှတ်တော်တွင်း သုံးနှုန်းပြောဆိုသော စကားလုံးဝေါဟာများနှင့် အခြားသော လွှတ်တော်အမတ်များအပေါ် အပြန်အလှန်လေးစားမှု အားနည်းနေ သည်ကို တွေ့မြင်လာရပါသည်။ လ္ဘက်ရည်ဆိုင် စကားလုံးအသုံးအနှုန်းများကို လွှတ်တော်အစည်းအဝေးထဲ သို့ သုံးနှုန်းပြောဆိုဖို့ မသင့်သည်ကို NLD အမတ်မင်းများအနေဖြင့် သတိချပ်သင့်ပါသည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ရှေးရှုပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်လိုပါက ၂၅% သော တပ်မတော်သား ကိုယ်စားလှယ်များနှင့် အခြားသော လွှတ်တော်ကိုယ်စားလှယ်များကို လေးစားမှုအပြည့် ထားရှိရမည်ဖြစ်ပြီး Diplomacy နည်းလမ်းများနှင့် NLD အနေဖြင့် ပါးပါးနပ်နပ် ကိုင်တွယ်ရန် လိုအပ်သကဲ့သို့ ညင်သာနူးညံ့သည့် ကကွက်များကို လက်ကိုင်ထားရန်သာ လိုသည်။ ဒီမိုကရေစီ အနိုင်ကျင့်ခံရခြင်း စသဖြင့် မဖြစ်ရန် အရေးကြီးသည်ဟု တွေ့မြင်သုံးသပ်ရပါသည်။


Kka SP(Opinion)
Powered by Blogger.