Thursday, May 19, 2016

“ရွှေစားပွဲ” စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SSB)ကို လျှောက်ထား သူများအား လူတွေ့စစ်ဆေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၉) ရက်



ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ချိတ်ဆက် ကူညီမှုဖြင့် “ရွှေစားပွဲ” စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SSB)ကို လျှောက်ထားသူများအား ဒီကနေ့ မေလ(၁၉)ရက်၊ ကြာသပတေးနေ့၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် ရွှေစားပွဲ(SSB)မှ တာဝန်ရှိသူ(၂)ဦးမှ လာရောက် လူတွေ့စစ်ဆေး မေးမြန်းခဲ့ပါသည်။
အဆိုပါ (SSB)သင်တန်းကျောင်းကို တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဖယ်ခုံမြို့နယ်ရှိ စားသောက်ဆိုင်နှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း စိတ်ပါဝင်စားသူများ လာရောက်ဖြေဆိုခဲ့ကြောင်း သိရှိရပါသည်။
ထိုလူတွေ့စစ်ဆေးမေးမြန်းခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့ဒေသမှာ ဘွဲ့မရ၊ အလုပ်အကိုင် သေသေချာချာမရှိတဲ့ လူငယ်တွေလည်း အများကြီးရှိတယ်လေ။ သူတို့တွေ ပင်ပင်ပန်းပန်း အလုပ်မလုပ်ရ လေအောင်၊ အဆင့်တန်းမှီမှီနဲ့ ဖြစ်အောင်ဆိုပြီး တစ်ဖက်တစ်လှမ်းကနေ အလုပ်ရှာပေးတဲ့သဘောပါ။ အဲကြောင့် ကျွန်တော်က SSB သင်တန်းကျောင်းနဲ့ ချိတ်ဆက်ပူးပေါင်းပြီး၊ သူတို့တွေ အဆင်ပြေအောင်၊ လူတွေစုပေး၊ ရှာပေးတာပေါ့” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီအဖွဲ့ဝင် ဦးခွန်မောင်ငွေက ပြောပါသည်။
အဆိုပါ ရန်ကုန်မြို့ရှိ (၁၁)လတာကြာမြင့်သော “ရွှေစားပွဲ” စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SSB)ကို (၁-၈-၂၀၁၆)တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သင်တန်း ကျောင်းတွင် လုပ်ငန်းအတွေ့အကြုံရှိ ပြင်သစ်ဆရာများနှင့်အတူ မြန်မာဆရာများ၏ အနီးကပ် ကြီးကြပ်မှု အောက်တွင် ပကတိလုပ်ငန်းခွင်ကဲ့သို့ သင်ယူဆည်းပူးရမည် ဖြစ်ကြောင်း၊ အဆိုပါ ရွှေစားပွဲသင်တန်း သားများကို နိုင်ငံတကာအဆင့်မှီ ဟိုတယ်နှင့်စားသောက်ဆိုင်များမှာ ၀င်ရောက်လုပ်ကိုင် အသက်မွေးဝမ်း ကြောင်းပြုနိုင်သည့်အထိ ကောင်းမွန်သော သင်ကြားမှု ပုံစံဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

နဂါခွန်




Powered by Blogger.