Thursday, May 19, 2016

နိုင်ငံရေးနှင့်ဘာသာရေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၉) ရက်

ယနေ့ မြန်မာနိုင်ငံရေးလောက၌ နိုင်ငံရေးပါတီတစ်ချို့သည် နိုင်ငံရေးနှင့်ဘာသာရေး မရောသင့်ဟူ၍ ပြောဆိုနေကြပါသည်။ မိမိသည် အဆိုပါ သဘောထားမှတ်ချက်များကို မိမိတို့နိုင်ငံ ယဉ်ကျေးမူ ရိုးရာဓလေ့များနှင့်ယှဉ်ပြီး လက်မခံလိုပါ။ လက်မခံရသည့် အကြောင်းမှာ ထောက်ပြစရာ များစွာရှိပါသည်။          
ရှေးယခင် အဆက်ဆက်က  မြန်မာနိုင်ငံတော်ကို တည်ထောင်လာကြသော ရှင်ဘုရင်တို့သည် ဘာသာရေးကို အခြေခံ၍ တိုင်းပြည် တည်ဆောက်ခဲ့ကြသည်ကို စာပေဗဟုသုတ ဖတ်ရှုမိသူတိုင်း သိကြလိမ့်မည်ထင်ပါသည်။ ရှေးဘုရင်တို့၏ သားသမီးများသည် ပညာသင်ကြားရာတွင် မိမိတို့ ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းတွင်သာ  ပညာသင်ကြားရပါသည်။ ပညာပြည့်စုံပြီး အရွယ်ရောက်၍ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်သော အခါ၌လည်း မိမိဆရာဖြစ်သော ဘုန်းတော်ကြီး၏ ဆုံးမသြ၀ါဒများကို ခံယူလိုက်နာ၍ တိုင်းပြည်ကို စီမံအုပ်ချုပ်ကြလေသည်။  ထိုသို့ ဘာသာရေးပုဂ္ဂိုလ်တို့၏ နည်းလမ်းဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခြင်းကြောင့် တိုင်းပြည်ပျက်စီးခဲ့ရသည်ဟု မည်သည့်စာရေးဆရာမှ မှတ်တမ်းတင် ထားခြင်းမရှိပါ။ ရှိခဲ့ကောင်း ရှိခဲ့သော်ငြားလည်း မပြောပလောက်သော အနည်းအကျဉ်းမျှသာ ရှိလိမ့်မည်ဟု ထင်ပါသည်။  မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းစဉ် အခါ၌လည်း ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရ စသော ဘာသာရေးခေါင်းဆောင်များသည် လွတ်လပ်ရေးရရန်အတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး ဇာတိသွေးဇာတိမာန် နိုးကြားတက်ကြွလာစေရန် နယ်လှည့်ပြီး အမျိုးသားရေးတရားများကို ဟောကြား ခဲ့ပါသည်။ ထိုသို့ အမျိုးသားရေးတရားများကို ဟောကြားသောကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် အခြားဆရာတော်များလည်း  အများအပြားရှိခဲ့ပါသည်။ “ ၁၉၄၈ ”  လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း မိမိတို့ တိုင်းရင်းသားများ ရသင့်ရထိုက်သော အခွင့်အရေးများကို ရသင့်သလောက်မရဘဲဆုးံရှုံးနစ်နာမူများ ရှိလာပြန်သည်။ ထို့အပြင်   တိုင်းရင်းသားအဖွဲ့ အချင်းချင်းကြားတွင်လည်း       ”  ကြီးနိုင် ငယ်နှင်း ” ဆိုသလို  အားနည်းသူကို အားကြီးသူက အနိုင်ကျင့်စော်ကားခြင်း  စသော ပြဿနာများ ဖြစ်ပေါ်လာပြန်သည်။   ထိုသို့ ခံစားရသော မျိုးနွယ်စုများတွင် မိမိတို့ ပအိုဝ်းတိုင်းရင်းသားများလည်း အပါအ၀င်ဖြစ်သည်။  ထိုသို့ရသင့်သော အခွင့်အရေးများကိုရရှိအောင် မိမိလူမျိုးအတွက် တိုက်ပွဲဝင်ရာ၌ မိမိတို့ တိုင်းရင်းသားခေါင်းဆောင်များ သာမကဘဲ မျိုးချစ်ရဟန်းတော်များလည်း ပါဝင်ကြပါသည်။ ထိုသို့ ပါဝင်ကြရာတွင် ထင်ရှားသော ရဟန်းတော်  များမှာ နောင်ဟဲုင်းဆရာတော်  ဦးနေမိ၊ ဦးကုသလ (ခ) အဘယ (ယခုပအိုဝ်းအမျှိုးသားခေါင်းဆောင် ဖြားတန်စင်ဖာအောင်ခမ်းထီ)တို့သည် မိမိလူမျိုး အေးချမ်းလွတ်လပ်စွာ နေထိုင်သွားလာနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ တွင်နေရာဒေသပေါင်းစုံရှိ   ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များနှင့်  ပူပေါင်းပါဝင်ခဲ့ပါသည်။    
ထိုသို့ ဘာသာရေးခေါင်းဆောင် မျိုးချစ်ရဟန်းတော်များ ပါဝင်သောကြောင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သွေးထွက်သံယိုမှ ကင်းဝေးပြီး အေးချမ်းစွာ နေထိုင်နိုင်ခဲ့သည်မှာလည်း လူတိုင်း အသိပင်ဖြစ်သည်။   ယနေ့ မိမိတို့၏ မျက်မှောက်ခေတ် နိုင်ငံရေးလောကကို ကြည့်မည်ဆိုလျှင်လည်း မိမိတို့လူမျိုးတွင် ဘာသာရေး ခေါင်းဆောင်များသည်  အဓိကအခန်းကဏ္ဍမှ  ပါဝင်နေသည်ကို  တွေ့ရှိရမည် ဖြစ်ပါသည်။   “၂၀၁၀ ” နှင့်   “၂၀၁၅ ”ရွေးကောက်ပွဲများတွင် လူထုနိုင်ငံရေးအသိနိုးကြားစေရန် ဘာသာရေးခေါင်းဆောင်များ၏ အခန်းကဏ္ဍအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်သဖြင့် နိုင်ငံရေးသည် ဘာသာရေးနှင့် ကင်းကွာ၍မရဟု  သုံးသပ်မိပါသည်။      သို့သော်  နိုင်ငံရေးကြောင့် ဘာသာရေး ပဋိပက္ခမဖြစ်ရန်နှင့် ဘာသာရေးကြောင့် နိုင်ငံရေးပဋိပက္ခမဖြစ်စေရန် အရေးကြီးလေသည်။

ခွန်ရက်ခွို,



Powered by Blogger.