Monday, June 20, 2016

လက်ဖက်အကြောင်း တစ်စေ့တစ်စောင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၀) ရက်



လက်ဖက်များကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရာသီဥတုအေးသောဒေသများဖြစ်သည့်  ရွာငံမြို့နယ်နှင့် ပင်လောင်းဒေသများတွင် အများဆုံးစိုက်ပျိုးသည်ကို တွေ့ရှိရပါသည်။ ၎င်းဒေသရှိ လက်ဖက် ခြောက်များသည်မိမိဒေသတွင်း၊ မြန်မာနိုင်ငံအနှံ့အပြားတွင်သာမကနိုင်ငံခြားအထိ တင်ပို့နိုင်ပြီး ကျော်ကြားသော လက်ဖက်ခြောက်များပင်ဖြစ်သည်။
သို့သော် မိမိတို့သည် လက်ဖက်ကိုနေ့တိုင်းစား၊ ရေနွေးကြမ်းကို နေ့တိုင်းသောက်နေကြသော်လည်း လက်ဖက်ထုတ်လုပ်သောပုံစံနှင့် လက်ဖက်ညွန့် မည်သည့်အချိန်တွင်ခူးရမည်ကို သိပြီးသောသူများ ရှိသကဲ့သို့ မသိသေးသောသူများလည်းရှိမည်ဖြစ်သည်။ ထို့ကြောင့် လက်ဖက်အကြောင်းလေ့လာပါဦးစို့။ လက်ဖက်ခြောက်သည် ရွှေဖီမိုးလွတ်၊ အလယ်အလတ်ရိုးရိုး၊ အကြမ်းဟူ၍ သုံးမျိုးခွဲခြားထားပါသည်။ ရွှေဖီမိုးလွတ်သည် ရွက်နုများသာစုပေါင်းထားပါသည်။ အလယ် အလတ်ရိုးရိုးသည် ရွက်နု၊ ရွက်ကြမ်း နှစ်မျိုးစလုံးရောထားပြီးအကြမ်းသည် အရွက်ရင့်အများစုဖြစ်သည်။ လက်ဖက်အရောင်းအဝယ်သမားတို့သည် လက်ဖက်ညွန့်ကလေးများ သူအချိန်နှင့် သူထွက်လာသောကြောင့် ထွက်လာသောလက်ဖက်ကို သူ့နာမည်နှင့်သူခေါ်ဝေါ်ကြသည်။ ထို့ကြောင့် မိမိအနေဖြင့် လက်ဖက်ခူးချိန် အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။
လက်ဖက်ပင်သည် မတ်လဆန်းချိန်တွင် ရွက်နုကလေးများ စထွက်လာပါသည်။ ဤသည်ကို အချိန်မီ လက်ဖြင့်ခူးကြရပါသည်။ တစ်ခါခူးပြီးလျှင် နောက်တစ်ကြိမ်ရွက်နုထပ်ထွက်ပါသည်။ ဒုတိယ အကြိမ်ခူးပြီးချိန်တွင် ရွက်နုများထပ်ထွက်လာပါသေးသည်။ တစ်ပင်လျှင်အနည်းဆုံး သုံးကြိမ်လေးကြိမ် ခူးနိုင်ပါသည်။
သို့ရာတွင် အချိန်မီမခူးနိုင်သောရွက်နုကလေးများကို ရွက်ကြမ်းဖြစ်လာကာ အဖူးဖူး၍ အသီးသီး လာမည်ဖြစ်သည်။ သို့သော် တစ်နှစ်အတွင်းခူးသင့်သောရွက်နုများကို အချိန်မီခူးနိုင်ခြင်း မရှိခဲ့လျှင် နောင်နှစ်တွင် အညွန့်ကောင်းကောင်း ထွက်လာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရွက်နုကလေးများ ထွက်လာချိန်ရက်ပိုင်းကလေးအတွင်းတွင် အချိန်မီခူးနိုင်ရန် လိုအပ်ပေသည်။ လက်ဖက်အညွန့်ကလေး များကိုမတ်တတ်ရပ်ပြီး လက်ဖြင့်ခူးရပါသည်။ လက်ဖြင့်ခူးရသောကြောင့် ငယ်ရွယ်သောဆယ်ကျော်သက် ကလေးများနှင့် ကျွမ်းကျင်မှုရှိသောလူများလည်း ခူးကြပါသည်။
တောင်ကမ်းပါးစောက်တွင် တန်းစီစိုက်ထားသောလက်ဖက်ပင်မှ အစီအရီထွက်နေသော အညွန့်နုနု ကလေးများကို တစ်ပင်ချင်းစီခူးရပြီး ထွက်သမျှအညွန့်များကိုအပေါ်ယံမှ အရွက်နုနှစ်ရွက်ပါ အညွန့်ကိုသာ ခူးပေးရပါသည်။ အရွက်နုနှစ်ရွက်ထက်ပိုခူးမိပါက ရွက်ကြမ်းများပါလာကာ လက်ဖက်ကောင်းကို ရနိုင်မည်မဟုတ်ချေ။ လက်ဖက်ခူးချိန် နံနက်ခင်းချိန်တွင် အစောသွားရပြီး မိမိယူထားသည့် လက်ဖက်ပင်တန်းကို တစ်ပင်ပြီးမှ တစ်ပင်ကုန်စင်အောင် ခူပေးရသောကြောင့် အောက်ဆုံးအကိုင်းအခက်မှစ၍ စတင် ခူးပေးရပါသည်။ လက်ဖက်ခူးထည့်နိုင်ရန်အတွက် အချင်းတစ်ပေလောက်ရှိသော ပလိုင်းကိုလွယ် သွားရကာ လက်ဖက်ရွက်နုအညွန့်ကလေးများကို လက်ထဲတွင် စီထည့်ဆုပ်ညစ်ပြီးမှ ပလိုင်းထဲသို့ ထည့်လျှင် ပို၍ဆံ့မည်ဖြစ်သည်။
လက်ဖက်ကိုမနက်ခင်းချိန်မှစခူးကာ နေ့လယ်ခင်း (၁၂)နာရီအချိန်ရောက်သည့်အခါ မိသားစုအစုံအလင်ဖြင့် နေ့လည်စာကို မြိန်ရည်ယှက်ရည် စားသောက်ကာ တရေးတမောအိပ်စက်အနားယူပြီး လက်ဖက်ကို ဆက်၍ခူးကြပါသည်။ ထို့နောက် ညနေခင်းချိန် (၅)နာရီချိန်တွင် အလုပ်သိမ်းကာ ပျော်ပျော်ပါးပါး အိမ်ပြန်လာကြပါသည်။ လက်ဖက်ခူးရာတွင် လက်အဖျင်းအသွက်လိုက်ပြီး လက်ဖက်ရွက်အစိမ်း ပိဿာချိန် (၄)ပိဿာမှ (၈)ပိဿာအထိ ခူးနိုင်ပါသည်။ ခူးပြီးသောလက်ဖက်များကို ပေါင်းအိုးထဲတွင် ထည့်ပြီး ပေါင်းပေးရပါသည်။ ပေါင်းပြီးလျှင် နွမ်းနေသောလက်ဖက်ရွက်နုကို ခင်းထားသောဖျာပေါ်တွင် နယ်ပေး ရပါသည်။ လက်ဖက်ညွန့်ကလေးများ တွန့်လိမ်သွားအောင်နယ်ပေးရပါသည်။ နယ်ပြီးသောအခါတွင် လက်ဖက်စိုလုပ်မည်ဆိုပါက ၀ါးခွေထဲတွင်ထည့်သိပ်ပေးရပါသည်။ လက်ဖက်ခြောက်လုပ်မည်ဆိုပါက နောက်နေ့ခြံထဲတွင် လက်ဖက်ခူးမဆင်းခင်အချိန် ဖျာပေါ်တွင် ဖြန့်ပြီးလှန်းပေးရပါသည်။ ဤလက်ဖက်ခြောက်သည် တစ်ရက်တည်းဖြင့် ခြောက်အောင်လှန်းရပါသည်။ သို့သော် မိုးရာသီ ဖြစ်နေသည်ဆိုလျှင် မိုးမမိအောင်ဂရုစိုက်ပေးရမည် ဖြစ်ပါသည်။
လက်ဖက်တောင်သူများ၏ဘ၀သည် နေပူကြီးထဲမှ မတ်စောက်သောတောင်တန်းများပေါ်တွင် ပင်ပန်းစွာ လုပ်ကိုင်နေကြရသော်လည်း စုပေါင်းလုပ်ကိုင်ခြင်း၊ လက်ဖက်ခြံသို့ သွားရာလမ်းတစ်လျှောက် တွင်သာမက လက်ဖက်ခူးချိန်တွင် တစ်ဦးကိုတစ်ဦးကျီစယ်ကာ တေးသီချင်းများသီဆိုခြင်းဖြင့် အလွန်ပင် ပျော်စရာကောင်းလှပါသည်။ ထို့ကြောင့် မိမိတို့ဒေသရှိ လက်ဖက်ခူးချိန်တွင် လက်ဖက်ခြံကိုသွားသော လက်ဖက်ခူးသမားများသည် နှစ်စဉ်နှစ်တိုင်း အချိန်မှန်မှန်နှင့်ပျော်ရွှင်စွာ လုပ်သွားကြပါသည်။

ဆားမူးပေး(စန္တားခမ်း)


Powered by Blogger.