Sunday, June 19, 2016

ပြည်တွင်းစစ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်


ကျွန်ပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အေးအတူပူအမျှ အတူယှဉ်တွဲနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ၎င်းတို့နှင့်ထိုက်တန်သည့် တန်းတူညီမျှ ဖြစ်သည့် အခွင့်အရေးများကို ရရှိမှသာလျှင် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဖြစ်ပါသည်။ ”ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွန်မိန့်ကြားချက်အရ ပြည်ထောင်စုအတွင်း အတူယှဉ်တွဲနေထိုင်ကြသည့် ညီအစ်ကိုတိုင်းရင်းသားအချင်းချင်း စိတ်ရှည်သည်းခံဖို့၊ နားလည်ခွင့်လွတ်ပေးဖို့ မျှမျှတတ ပြောဆိုဆက်ဆံတတ်ဖို့၊ ရိုးသားပွင့်လင်းကြဖို့ လိုပါတယ်“ “ဒါတွေမရှိပါက ငြိမ်းချမ်းရေးအတွက် စိတ်ကူးယဉ်အိပ်မက်ပင် မက်နိုင်မည် မဟုတ်ပါကြောင်းနှင့် စိတ်စေတနာ  မှန်ကန်ဖို့ လိုအပ်သလို လုပ်နည်းလုပ်ဟန်မှန်ကန်ဖို့လည်း” အလွန်အရေးကြီးပါကြောင်း မိန့်ခွန်းပြောကြားခဲ့ကြပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ၁၉၄၈ - ခုနှစ်မှစ၍ အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်လာသည်နှင့်အညီ ကျွန်ပ်တို့သည် မိမိတို့၏ မျိုးဆက်အသိုင်းအ၀ိုင်းနှင့် လူမျိုးကိုချစ်၍ မိမိတို့နေထိုင်ရာ အရပ်ဒေသကို အေးချမ်းသာယာလာအောင် တိုးတက်လာအောင် ကြိုးပမ်း လုပ်ဆောင်ကြရပါသည်။ မိမိတို့၏ လူမျိုးအလိုက် ဘ၀ဖြစ်တည်မှုအပေါ် အခြေခံပြီး ကိုယ့်အတွေးနှင့် ကိုယ်မှန်သည်ဟု ထင်ရာနည်းလမ်းများနှင့် နိုင်ငံနှင့်လူမျိုးတာဝန်ကို ထမ်းဆောင်နေကြပါသည်။ နိုင်ငံအတွက် လူမျိုးအတွက် ကြိုးပမ်းနေကြသည့်သူများ အချင်းချင်းကြားတွင် ဘ၀မတူလို့၊ လူမျိုးချင်းမတူလို့ သဘော ထားချင်းမတူ၊ အမြင်မတူကြရာကနေ ရန်သူတွေဖြစ်ခဲ့ကြပြီး လက်နက်ကိုင်စွဲ၍ ပြည်တွင်းစစ်အသွင်ဖြင့် တိုက်ခိုက်လာခဲ့ကြသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း(၆၀)ကျော်ရှိပြီ ဖြစ်သည်။ သို့သော်လည်း ဘယ်ဘက်က နိုင်ပြီး၊ ဘယ်ဘက်ကရှုံးလို့ ဘယ်ဘက်က အကျိုးအမြတ်ရသွားသည်ဟူ၍ မရှိသည့်အပြင် နိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်နှင့် နိုင်ငံ့ဘဏ္ဍာငွေများစွာ ဆုံးရှုံးခဲ့ရသည်သာမက လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အမုန်းတရားများ ပိုမိုပွားများလာရခြင်း ဖြစ်ပါသည်။  ထို့အပြင် မိမိတို့နိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲများကြောင့် အတူယှဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူအားလုံး ဒုက္ခမျိုးစုံ၊ စစ်ဘေးစစ် ဒဏ်နှင့် ရင်ဆိုင်နေခဲ့ရသည်မှာ ကျွန်တော်တို့ အားလုံးအသိပင် ဖြစ်ပါသည်။ ကမ္ဘာ့အလယ်တွင်လည်း မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးမှုအနိမ့်ဆုံး အဆင်းရဲဆုံး နိုင်ငံဘ၀ကိုပါ ရောက်သွားခဲ့ရပါသည်။
သမိုင်းအဆက်ဆက်ကို ပြန်ကြည့်မည်ဆိုလျှင် ဤနိုင်ငံနှင့် ဤနယ်မြေသည် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ဘိုးဘွားပိုင်နိုင်ငံနှင့် နယ်မြေများပင် ဖြစ်ပါသည်။ တိုင်းတစ်ပါးနယ်ချဲ့တို့၏ လက်အောက်ကျရောက်သွားသော်လည်း တိုင်းရင်းသားလူမျိုးအားလုံး စုပေါင်းပြီး တွန်းလှန် တိုက်ပွဲဝင်ခဲ့ကြခြင်းကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကြီး ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ ထို့ကြောင့် ဤနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းတည်ထောင်၊ စုပေါင်းနေထိုင်၊ စုပေါင်းပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပါသည်။ ခုလို စုပေါင်းပိုင်ဆိုင်၊ စုပေါင်းနေထိုင်ကြသည့် နိုင်ငံထဲမှာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးများအကြား လူမျိုးကြီးဖြစ်စေ၊ လူမျိုးငယ်ဖြစ်စေ လူမျိုးတစ်မျိုးက ဤနိုင်ငံ ဤနေရာသည် ငါတို့ပိုင်သည် ငါတို့ပဲနေထိုင်မည်ဆိုပြီး အခြားလူမျိုးများအား ထွက်သွားကြဆိုပြီး မောင်းထုတ်၍ မရပါ။ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးသည် ဤနိုင်ငံနှင့် ဤမြေပေါ်တွင် မွေးဖွားပြီး ဤမြေပေါ်ကို မှီခိုကာ ရပ်တည်ရှင်သန် နေထိုင်လာကြရခြင်း ဖြစ်ပါသည်။ လူမျိုးစုအလိုက် ဤနိုင်ငံနှင့် ဤနယ်မြေကို စွန့်ခွာပြီး အခြားတစ်ပါးသော နိုင်ငံများတွင် သွားရောက်နေထိုင်၍ မရနိုင်ပေ။ အတူနေထိုင်ကြသည့် ကျွန်တော်တို့ တိုင်းရင်းသား နိုင်ငံသားများ အချင်းချင်းအကြားမှာ သဘာဝတရားရဲ့ဖန်တီးမှုအရ ကျွန်တော်တို့သည် မတူကွဲပြားတဲ့ လူမျိုးစုတွေ ဖြစ်ခဲ့ကြပါသည်။ ယခုလို မတူကွဲပြားသော်လည်း မတူညီတဲ့လူမျိုးစုများကို ခွဲခြားပြီး ဖျောက်ဖျက်၍ မရနိုင်သည့် အတွက်ကြောင့် စုစုစည်းစည်း၊ ချစ်ခင်ရင်းနှီးစွာ၊ စည်းလုံးညီညွတ်စွာနှင့် အမျိုးသားပြန် လည်ရင်ကြားစေ့ရေးရရှိရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင် နိုင်ရေးအတွက် နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်ပြဿနာများကို စစ်ရေးနည်းလမ်းများဖြင့် ဖြေရှင်းခြင်း မပြုပဲ၊ စစ်ရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့် စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်သည့် နည်းလမ်း ဖြင့်လည်းကောင်း၊ ညီလာခံကျင်းပသည့် နည်းလမ်းဖြင့်လည်းကောင်း၊ အတူလက်တွဲ ၀ိုင်းဝန်းအဖြေရှာ ကြရန် လိုအပ်ပါကြောင်း ပြည်သူတစ်ဦးအနေဖြင့် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
ကျွန်ပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစ၍ ၂၀၀၈ - ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါသည်။ ၂၀၀၈ - ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂)၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မ(၄၉)အရ နိုင်ငံတော်ကို တိုင်း ဒေသကြီး (၇)ခု၊ ပြည်နယ်(၇) ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအဖြစ် ပိုင်းခြားသတ်မှတ်ထားပြီး ၎င်း တိုင်းဒေသကြီး /ပြည်နယ် ရရှိထားပြီးသည့် တိုင်းရင်းသားလူမျိုးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် မရရှိ သေးသည့် တိုင်းရင်းသားလူမျိုးများအား သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီသည့်  တိုင်းရင်းသား လူမျိုး (၆)မျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၆)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပြဌာန်းပေးထားပါသည်။ ထို့အပြင် ၂၀၀၈ - ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ (၁၅)အရ လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးတွင် ထိုတိုင်းရင်းသား လူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်ဟု ဖော်ပြထားပါသည်။ ဤနေရာတွင် နှိုင်းယှဉ်ကြည့်ပါက ၁၉၄၇ - ခုနှစ်၊ ဖွဲ့စည်းပုံ၊ ၁၉၇၄ - ခုနှစ်၊ ဖွဲ့စည်းပုံနှင့် ၂၀၀၈ - ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့တွင် ပြည်နယ်သစ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသစ်များ ပေါ်ထွက်ခွင့်မူများကို ဖွဲ့စည်းပုံ အလိုက် နှိုင်းယှဉ်ပါက သတ်မှတ်ပြဌာန်းပေးသည်ကို လေ့လာတွေ့ရှိရပါသည်။
ယနေ့အချိန်တွင် အနာဂတ် ကျွန်ပ်တို့၏ ပြည်ထောင်စုမြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို အောင်မြင်စွာ တည်ထောင်နိုင်ရန်အတွက် ပထမအကြိမ် ဒီမိုကရေ စီ အရပ်သားအစိုးရ သက်တမ်းမကုန်ဆုံးမီ ၂၀၁၆ - ခုနှစ်၊ ဇန်န၀ါရီလ (၁၂)ရက်နေ့မှ (၁၆)ရက် နေ့ထိ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (Myanmar International Convention Center – II)တွင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ၎င်းညီလာခံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။ ယခင် သမ္မတ(ဟောင်း) ဦးသိန်းစိန် အစိုးရ လက်ထက်မှ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို (၄)လ တစ်ကြိမ် ကျင်းပရမည်ဟု နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်၏ ပုဒ်မ (၄.၂.၃)တွင် အတိအလင်း ဖော်ပြထားပါသည်။ ပထမကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီလတွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ် အတွက် ၂၀၁၆-ခုနှစ်၊ မေလတွင် ပြန်လည်ကျင်းပရမည်ဖြစ်သော်လည်း ကျင်းပခြင်း မရှိခဲ့ပေ။ ဒုတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဆက်လက်ကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)မှ အစိုးရသစ် တာဝန်လွဲပြောင်းပြီးနောက်ပိုင်း (NLD) အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအစား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) (၂၁)ရာစု ပင်လုံညီလာခံ ကို ၂၀၁၆-ခုနှစ်၊ ဇူလိုင်လကုန်တွင် ကျင်းပသွားနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကော်မတီ၊ ဆပ်ကော်မတီ များဖွဲ့ပြီး ပြင်ဆင်နေကြပြီး ဖြစ်သည်ဟု သိရှိရပါသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဟုစေကာမူ၊ (၂၁)ရာစုပင်လုံညီလာခံ ဟုစေကာမူ အမှန်တကယ်တွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးရရှိရေး၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ့်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ကိုယ်လူမျိုး ကံကြမ္မာ ကိုယ်တိုင်ပြန်လည်ဖန်တီးနိုင်ခွင့်ရရှိရေး၊ နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူများအကျိုးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည်သာ ဖြစ်ပါသည်။
ကျွန်ပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် အောင်မြင်စွာ တည်ထောင်နိုင်ရေး တိုင်းရင်းသားများအကြား ပြန်လည်ရင်ကြား စေ့ရေးနှင့် အစဉ်ထာဝရ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးစု များအကြား နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုများတွင် တန်းတူအခွင့်အရေးများ ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ မိမိတို့ လူမျိုး၏ကံကြမ္မာ မိမိတို့ဘာသာ ပြန်လည်ဖန်တီးနိုင်ခွင့်ရရှိရေးသည် အလွန်ပင်အရေးကြီးပါသည်။ အကြံပြုလိုသည်မှာ ယနေ့အခြေအနေများအရ ခေတ်စနစ်နှင့်အညီ တိုးတက် ဖွံ့ဖြိုးလာသည့် တိုင်းရင်းသား လူမျိုးစုများအတွက် ၁၉၄၇ ခုနှစ်၊ မေလတွင် ကျင်းပခဲ့သည့် (ဖဆပလ) ပဏာမ ညီလာခံမှာ ကျွန်တော်တို့ တိုင်းပြည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့သည့် လူမျိုး တစ်မျိုးသည် သတ်မှတ်ဂုဏ်အင်္ဂါရပ်အားလုံးနှင့် သော်လည်းကောင်း၊ အချို့နှင့်သော် လည်းကောင်း၊ ပြည့်စုံ ရင် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်း၍ နောင်အခါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် “ပြည်ထောင်စုပြည်နယ် အဆင့်အတန်းဖြစ်စေ”၊ “ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ် အဆင့်အတန်းဖြစ်စေ”၊ “လူမျိုးစုပြည်နယ် အဆင့်အတန်းဖြစ်စေ”၊ ရရှိရမည်ဟု ကျွန်တော်တို့ တိုင်းပြည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က မိန့်ကြားခဲ့ဖူးပါသည်။
၎င်း ဂုဏ်အင်္ဂါရပ်များမှာ-
(၁) ပထ၀ီ အနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း၊
(၂) မြန်မာစကားနှင့် မတူသော ဘာသာစကား တစ်မျိုးတည်းရှိခြင်း၊
(၃) ယဉ်ကျေးမှု တစ်မျိုးတည်းရှိခြင်း၊
(၄) ရာဇ၀င်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း၊
(၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ ရှိသော လူစုရှိခြင်း၊
(၆) လူဦးရေ အတော်အတန်ရှိခြင်း၊
(၇) ပြည်ထောင်စုအဖွဲ့ဝင် သီးခြားဒေသတစ်ခုအဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေထိုင် လိုသော ဆန္ဒရှိခြင်း တို့ဖြစ်သည်။
ဤအခြေခံမူများအရ အထက်ဖော်ပြပါအင်္ဂါရပ်နှင့် ပြည့်စုံသော တိုင်းရင်းသားများဖြစ်သော ကချင်၊ ကယား၊ ကရင် တိုင်းရင်းသားများအလိုက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်အဖြစ် (၁၉၄၇အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းပေးလိုက်သည်။ ထို့အပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင်လည်း ဖော်ပြပါအင်္ဂါရပ်များနှင့် ပြည့်စုံသည့် မွန်နှင့် ရခိုင် တိုင်းရင်းသားများအတွက် ၁၉၇၄ ခုနှစ် နိုင်ငံဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်သစ်များ သတ်မှတ်ပြဌာန်းပေးခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအတွင်း အေးအတူ ပူအမျှ အတူယှဉ်တွဲနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် အထက်ပါ သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံပါက လူမျိုးတိုင်းသည် အခြားညီနောင်တိုင်းရင်းသားတို့ရရှိသည့် ကိုယ်ပိုင်လူမျိုးစုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းကို လိုချင်ရချင်ကြသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကျွန်တော် အထက်က ရေးသားတင်ပြသည့်အတိုင်း ခေတ်စနစ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးလာသည့် တိုင်းရင်းသားလူမျိုးစုများကို သတ်မှတ်ဂုဏ်အင်္ဂါရပ်များနှင့် သော်လည်းကောင်း၊ လက်ရှိတည်ရှိနေသော ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း များ၏ ဂုဏ်အင်္ဂါ ရပ်များနှင့် ပြည့်စုံကိုက်ညီသည့် တိုင်းရင်းသားလူမျိုးစုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းနှင့် ကိုယ်ပိုင်လူမျိုးစု ပြည်နယ်ထူထောင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တိုင်းအဆင့်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းအဆင့်မှ ပြည်နယ်အဆင့်သို့ တိုးချဲ့သတ်မှတ်သင့်ပါကြောင်း စသည့်အခြေခံမူများကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) (၂၁)ရာစု ပင်လုံညီလာခံတွင် ထည့်သွင်းရေးဆွဲ သတ်မှတ် ပြဌာန်းသင့်ပါသည်။ ထို့အတူ ပြည်ထောင်စု၏ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက်လည်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ/ တိုင်း/ ပြည်နယ်သစ်များ ပေါ်ထွက်ခွင့်အခြေခံမူများသည် အလွန်အရေးကြီးပါကြောင်း မိမိ အနေဖြင့် လေးနက်တည်ကြည်စွာ အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။

ပည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။

ခွန်နောင်လွုမ်း
စန္တာ;ခမ်;




Powered by Blogger.