Monday, June 20, 2016

တိုင်းရင်းသားလူမျိုးများ၏ မြေအသုံးချမှုအခွင့်အရေးများ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၁) ရက်


ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့အေးအတူ ပူအမျှ အတူယှဉ်တွဲနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် မျိုးစုံသော စိုက်ပျိုးရေး ၊ စီးပွားရေးတို့ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ကိုင် ဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာမြေအသုံးချမှု အလေ့အကျင့်များကို သိရှိလိုက်နာကျင့်သုံးရေးအတွက် လည်းကောင်း ၊ ရိုးရာမြေအသုံးချမှု အခွင့်အရေးအပြည့်အ၀ရရှိရေးအတွက်လည်းကောင်း၊ ယင်းအခွင့်အရေးကို ကာကွယ်နိုင်ရေးအတွက်လည်းကောင်း၊ ဘက်မလိုက်သော အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များကို အသင့်အသုံးပြုနိုင်ရေး အတွက်လည်းကောင်း ရိုးရာမြေအသုံးချမှုစနစ်ကို သိထားသင့်ပါသည်။ နိုင်ငံတော်မှထုတ်ပြန်သော ရိုးရာမြေအသုံးချမှုစနစ်မှာ အောက်ပါအတိုင်းဖြစ်သည်။
မြို့နယ်မြေအသုံးချမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု မြေအသုံးချမှုကော်မတီများ ပါဝင်ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းစဉ်များဖြင့် မြေအသုံးချမှုမြေပုံနှင့် မှတ်တမ်းများကို အောက်ပါတို့အတွက် ပြင်ဆင်ရန် တာဝန်ပေးအပ်ရမည်။
- တိုင်းရင်းသားလူမျိုးစုများနေထိုင်သည့် (သို့မဟုတ်) ယင်းတို့၏ စားဝတ်နေရေးအတွက် မြေအရင်းအမြစ်များကို ရိုးရာဓလေ့အရ အသုံးပြုသည့် နယ်မြေဒေသများတွင် မြေကို လက်ဝယ်ထားရှိမှု၊ အသုံးချမှု၊ မြေတည်ရှိမှုနှင့် ခွဲဝေလုပ်ကိုင်မှုဆိုင်ရာ သတင်းအချက်အလက်များကို အမှန်အတိုင်းသိရှိနိုင်ရန်၊
- မြေအသုံးချမှုစီမံကိန်းများရေးဆွဲရာတွင် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးကိစ္စရပ်များကို ထည့်သွင်းစဉ်း စားရန်၊
- မြေအသုံးချမှု၊ မြေနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများနှင့် ကျူးကျော်မှုများကို ဖြေရှင်းရာတွင် တည်ဆဲဥပဒေနှင့် ညီညွတ်မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်၊
သက်ဆိုင်ရာတာဝန်ရှိအစိုးရဌာန၊ အဖွဲ့အစည်းများသည် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာမြေအသုံးချမှုမြေပုံနှင့် မှတ်တမ်းများပြုစုပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင်-
- ရိုးရာမြေအသုံးချမှုအလေ့အထများကို ကျွမ်းကျင်သည့် တိုင်းရင်းသား ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်း၍ ၎င်းတို့ကိုလည်း ပါဝင်ဆောင်ရွက်စေရမည်၊
- လက်ရှိမြေအသုံးချမှုကို မှတ်တမ်းနှင့်မြေပုံများတွင် ဖော်ပြထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မှတ်တမ်းတင် ထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြေအသုံးချလျက်ရှိသည့် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများနှင့် ဒေသဆိုင်ရာ ရိုးရာမြေစီမံအုပ်ချုပ်မှု အလေ့အထများကို အသိအမှတ်ပြုကာကွယ်ရမည်၊
- တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများတွင် အဖွဲ့ဝင်ဖြစ်သော အကျိုးသက်ဆိုင်သူတို့၏ အခွင့်အရေးများကို အသိအမှတ်ပြုပြီး ယင်းတို့၏ မြေအသုံးချမှုကို မှတ်ပုံတင်နိုင်ရန် တည်ဆဲဥပဒေများတွင် ပြဌာန်းရမည်။
ရှေးရိုးစဉ်လာမြေကို ရိုးရာနည်းလမ်းများဖြင့် စိုက်ပျိုးသော တစ်သီးပုဂ္ဂလအကျိုး သက်ဆိုင်သူများ (သို့မဟုတ်) အဖွဲ့အစည်းများ၏ မြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် အငြင်းပွားမှုအပေါ် ဆုံးဖြတ်သည့်လုပ်ငန်းစဉ်များ၌ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးများ ပါဝင်စေရမည်။
တိုင်းရင်းသားလူမျိုးများ ရိုးရာထုံးတမ်းစဉ်လာအရ လုပ်ကိုင်လျက်ရှိသောမြေများသည် သစ်တောမြေ သို့မဟုတ် လယ်ယာမြေ (သို့မဟုတ်) မြေလွတ် မြေလပ်နှင့် မြေရိုင်းတို့တွင် အကျုံးဝင်လျက်ရှိပါက မြေအမျိုးအစားနှင့် မြေအတန်း အစားများ ပွင့်လင်းမြင်သာစွာသတ်မှတ်၍ မှတ်ပုံတင်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်နှင့်အညီ အကာအကွယ် ပေးခြင်းတို့ကို အကျိုးသက်ဆိုင်သူများပါဝင်သည့် လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ အသုံးချလျက်ရှိသည့် မြေများကို မှတ်ပုံတင်ခြင်း၊ မြေအမျိုးအစားပြန်လည်သတ်မှတ်ခြင်း မပြုရသေးမီ အများပြည်သူ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်သည့်လုပ်ငန်းများမှအပ အခြားမြေ အသုံးချခွင့်ပြုခြင်းအား ယာယီအားဖြင့် ဆိုင်းငံ့ထား ရမည်။
အမျိုးသားမြေဥပဒေသစ်ပါ တိုင်းရင်းသားလူမျိုးစုများ၏ ခိုင်မာသောမြေလုပ်ပိုင်ခွင့် အခွင့်အရေးများဆိုင်ရာ ပြဌာန်းချက် များသည်  တည်ဆဲဥပဒေများအရ အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို နှစ်ရှည်လုပ်ပိုင်ခွင့်ပေးခြင်း(သို့မဟုတ်) ငှားရမ်း ခြင်းကြောင့်၊ မြေအမျိုးအစား ပြန်လည်သတ်မှတ်ခြင်းကြောင့်၊ တိုင်းရင်းသားလူမျိုးစုများ ရိုးရာထုံးတမ်းအစဉ်အလာအရ လုပ်ကိုင်လျက်ရှိသောမြေများ မြေလုပ်ပိုင်ခွင့် အခွင့်အရေးများ  ဆုံးရှုံးမှုမရှိစေရန် အကာအကွယ်ဖြစ်ရမည်။
သစ်တောမြေ (သို့မဟုတ်) လယ်ယာမြေ (သို့မဟုတ်) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် သတ်မှတ်ထားသည့်မြေပေါ်တွင် အလှည့်ကျအနားပေး တောင်ယာမြေများနှင့် စပ်လျဉ်း၍ ရိုးရာမြေအသုံးချမှုအခွင့်အရေးကို မှတ်ပုံတင်နိုင်ရေးအတွက် အမျိုးသားဥပဒေသစ်တွင် ပြဌာန်းရမည်။
ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုပြောင်းလဲမှုကို ခုခံနိုင်သည့်စွမ်းရည်များတိုးတက်စေရန်နှင့် တိုင်းရင်းသားလူမျိုးစုများ၏ စားနပ်ရိက္ခာဖူလုံစေရန်အလို့ငှာယင်းတို့၏ မြေလုပ်ပိုင်ခွင့်ခိုင်မာစေရေးနှင့် စိုက်ပျိုးရေး အလေ့အထများ ဖွံ့ဖြိုးတိုးတက်အောင် နည်းပညာ၊ ဘဏ္ဍာငွေနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ ပံ့ပိုးပေးရမည်။
အမျိုးသားမြေဥပဒေသစ်တွင် တိုင်းရင်းသားလူမျိုးစု မြေအသုံးချမှုအခွင့်အရေးများနှင့် သက်ဆိုင်သော အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရေးအတွက် ရိုးရာတိုင်းရင်းသားအငြင်းပွားမှုဖြေရှင်းရေး လက်တွေ့လုပ်ထုံးလုပ်နည်းများကို သတ်မှတ်နိုင်ရန် အမျိုးသားမြေဥပဒေသစ်တွင် ပါဝင်စေရမည့်အပြင် အငြင်းပွားမှုဖြေရှင်းရာတွင် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းအတွင်း လူအများကလေးစား၍ သြဇာတိက္က မရှိသူများကို ပါဝင်ဆုံးဖြတ်ခွင့် ရှိစေရမည်။
မတရားသိမ်းဆည်းခံရခြင်းကြောင့်ဖြစ်စေ၊ စစ်ဘေးစစ်ဒဏ်ကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ (သို့မဟုတ်) အခြားအကြောင်းကြောင့်ဖြစ်စေ၊ မိမိနေထိုင်လုပ်ကိုင်သောမြေကို စွန့်ခွာသွားရသော တိုင်းရင်းသားများ မိမိနေရပ် ဒေသသို့ ပြန်လည်အခြေချနေထိုင်လိုပါက နိုင်ငံတကာတွင်ကျင့်သုံးနေသော အကောင်းဆုံး လုပ်ထုံးလုပ်နည်းများနှင့် လူ့အခွင့်အရေးစံများနှင့်အညီ လုံလောက်သည့် မြေလုပ်ပိုင်ခွင့်နှင့် နေထိုင်ခွင့်တို့ရရှိစေရန် စနစ်တကျစီမံဆောင်ရွက်ပေး ရမည်။
ထို့ကြောင့်အထက်ပါအကြောင်းအရာများမှ ပြည်ထောင်စုအတွင်းအေးအတူ၊ ပူအမျှ အတူယှဉ်တွဲနေထိုင်သော တိုင်းရင်းသားလူမျိုးစုများ၏ မြေအသုံးချမှုအခွင့်အရေးများကို သိရှိနားလည်နိုင်ရန် မိမိအနေဖြင့် ရေးသားဖော်ပြအပ်ပါသည်။

ကိုးကားချက်- အမျိုးသားမြေအသုံးချမှုမူဝါဒ
နန်းဆောင်းလေပြေ (အွံအား)

Powered by Blogger.