Friday, June 24, 2016

ကျောက်တလုံးကြီးမြို့တွင် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟောပြောပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၃) ရက်






၂၀၁၆ခုနှစ်၊ ဇွန်လ(၂၃) ရက်၊ ကြာသပတေးနေ့တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကျောက်တလုံးကြီးမြို့ရှိ ပထမနိမ္မိတသပိတ်မြတ်စေတီတော် ဘုရားပရ၀ုဏ်အတွင်း အောင်ဇမ္ဗူဓမ္မာရုံတွင် မူးယစ်ဆေးဝါးပပျောက်ရေးဟောပြောပွဲကို မြို့နယ်မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက ဦးဆောင်ပြီးပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ထိုအခမ်းအနားကို ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသိရိသုဓမ္မ ၀ဏ္ဏကျော်ထင် ဦးအောင်ခမ်းထီက တက်ရောက်ခဲ့ပြီးအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မူးယစ်ဆေးဝါးသည် လူသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ပျက်စီးဆုံးရှုံးစေသည်သာမက လူ့အသိုင်းအ၀ိုင်းထဲတွင် လူ့ဂုဏ်သိက္ခာမရှိသောသူအဖြင့် သတ်မှတ်ခြင်းခံခဲ့ရကြောင်း၊ သို့ဖြစ်ပါ၍ မျိုးဆက်သစ်လူငယ်များသည် မူးယစ်ဆေးဝါးထိတွေ့မှုရှိသူများအဖြင့် ထင်မြင်ခြင်းခံရပြီး လူငယ်များအနေဖြင့် မကောင်းသောဒုစရိုက်များကို ရှောင်ကျဉ်ကြရန်နှင့်  အထက်လူကြီးများ လမ်းညွှန်ချက်များကို လူငယ်များသိရှိထားပြီးပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေမှ မူးယစ်ဆေးဝါးအကြောင်းပြောကြားရာတွင် ယနေ့ခေတ်သည် နိုင်ငံရေးအခြေအနေပြောင်းလဲမှုကြောင့် ပအိုဝ်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင် မူးယစ်ဆေးဝါးများကို ဈေးကွက်အဖြင့်သတ်မှတ်ခြင်းခံခဲ့ရခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် အသိတရား များပျောက်ကွယ်သွားခြင်း၊ မိသားစုဝင်များ အသက်အန္တရာယ်ဆုံးရှုံးရသည်အထိဖြစ်ပွားနေခြင်း၊ ဆေးစွဲသူများသည် ကျောင်းသားများအပါအ၀င်သုံးစွဲမှုများနေသည်သာမက အသက်(၃၅)နှစ်အောက် လူငယ်များသုံးစွဲမှုရှိနေကြောင်း၊ မူးယစ်ဆေးဝါးသည် အစိုးရမှတင်းကြပ်စွာ အရေးယူလာခဲ့သည်မှာ ၂၀၁၄ ခုနှစ်မှ စတင်ခဲ့ပါကြောင်း၊  ယနေ့ပအိုဝ်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင် မူးယစ်ဆေးဝါးပြဿနာကို အစိုးရအရေးယူသည်အထိ မစောင့်ဆိုင်းတော့ဘဲ ကျေးရွာတွင်းဖြစ်ပျက်နေသောအခြေအနေများကို ရွာသူ/သားများအချင်းချင်း တင်းတင်းကြပ်ကြပ် သွန်သင်ဆုံးမကြရန်လိုအပ်ကြောင်း၊  မိမိတို့ကျေးရွာများသည် ရွာသူ/သားများ အချင်းချင်းဝိုင်းဝန်းသွန်သင်ဆုံးမမှသာလျှင် ကျေးရွာကောင်းကျိုးများကိုခံစားရမည်ဖြစ်ကြောင်း။
ဆက်လက်၍ မူးယစ်ဆေးဝါးသုံးစွဲနေသူများကို လူငယ်ခေါင်းဆောင်များ၊ ကျေးရွာမူးယစ်ဆေးဝါး ပပျောက်ရေးကော်မတီများမှ ဗဟိုမူးယစ်ဆေးဝါးပပျောက်ရေးကော်မတီအထိ အဆင့်ဆင့်သွန်သင်ဆုံးမပြီး ကျန်ရှိနေသူများအား တရားဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း၊ ဆေးစွဲနေသူများ၊ ရောင်းဝယ်ဖြန့်ဝေနေသူများကို (၂) မျိုးနှစ်စားခွဲခြားထားမည်ဖြစ်ကြောင်း၊ ဆေးစွဲနေသူများကို ဆေးဖြတ်စခန်းဖွင့်လှစ်ပြီး အသိတရားများသွန်သင်ဆုံးမကြရမည်ဖြစ်ကြောင်း၊ ကျန်ရှိသုံးစွဲသူများနှင့် ရောင်းဝယ်ဖြန့်ဝေနေသူများကို တရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း၊ ကျေးရွာဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖြန့်ဝေသူများပပျောက်ရန် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာတွင် အထောက် အကူဖြစ်စေရန်တစ်အိမ်လျှင် သစ်ပင်(၅)ပင်စိုက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တွဲဖက်အတွင်းရေးမှူး (၄) ဦးခွန်ကိုးမှ အားပေး စကားပြောကြားပေးခဲ့ပြီး ဒေသခံမိဘပြည်သူများကလည်း သစ်ပင်စိုက်ပျိုးရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေးနှင့် ပတ်သက်၍ အထွေထွေကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

နန်းဆားတဲုင်

Powered by Blogger.