Thursday, June 23, 2016

မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံ ပူးပေါင်း၍ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုးမျိုးပွားဥယျာဉ်ခြံတွင် တန်ဖိုးမြှင့်အာလူးစိုက်ပျိုးရေးကျွမ်းကျင်သူ သင်တန်းဖွင့်လှစ်ခဲ့

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၄) ရက်






မြန်မာနိုင်ငံ အာလူးထုတ်ကုန်အရည်အသွေး တိုးတက်မြှင့်မားရန်အတွက် မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့ ပူးပေါင်းပြီး တန်ဖိုးမြှင့်အာလူးစိုက်ပျိုးရေးကျွမ်းကျင်သူ သင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုးမျိုးပွားဥယျာဉ်ခြံတွင် ၂၀.၆.၂၀၁၆ရက်နေ့မှ ၂၄.၆.၂၀၁၆ရက်နေ့အထိ ဒုတိယအပိုင်းအနေဖြင့် ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။
၎င်းသင်တန်းတွင် တက်ရောက်သည့်သင်တန်းသားများသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ Winrock, Awba, Department of Agriculture(DOA), Diamond Star, Golden Lion, Shwe Kan Baw Za, DaNu, JJ Pun စသည့်အဖွဲ့အစည်းများမှ သင်တန်းသူ/သားပေါင်း (၃၃)ဦးတက်ရောက်ခဲ့ပါသည်။
ဦးဆောင်ဆွေးနွေးပို့ချပေးသည့် သင်တန်းနည်းပြများအဖြစ် နယ်သာလန်နိုင်ငံမှ အာလူစိုက်ပျိုးရေး ပညာရှင် Mr.Frank ter Beke နှင့် Win Van Staveren  တို့က အဓိကဦးဆောင်ဆွေးနွေးပေးပြီး  မြန်မာနိုင်ငံရေစင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမောင်မောင်မြင့်နှင့် ပါမောက္ခ ဆရာဦးတင်ညွန့်တို့ကလည်း ပါဝင်ဆွေးနွေးပေးခဲ့ကြောင်းသိရှိရပါသည်။
သင်တန်းတွင် ဆွေးနွေးသည့်အကြောင်းအရာများမှာ မြန်မာနိုင်ငံအာလူးစိုက်ပျိုးမှုသမိုင်းနှင့် နယ်သာလန်နိုင်ငံ အာလူးစိုက်ပျိုးပုံများအကြောင်း၊ အာလူးစိုက်ပျိုးရေးအတွက် မြေပြုပြင်ခြင်းအရေးကြီးပုံအကြောင်း၊ မျိုးစေ့အရည်အသွေးအရေးကြီးပုံအကြောင်း၊ သိုလှောင်မှုအရေးကြီးပုံအကြောင်းနှင့် အာလူးတွင် ကျရောက်တတ်သည့်ရောဂါများအကြောင်းကို အဓိကဆွေးနွေးခဲ့ပါသည်။ သင်တန်းတွင် စာတွေ့၊ လက်တွေ့ကွင်းဆင်းလေ့လာ၍ တွေ့ရှိချက်များနှင့်ပေါင်းစပ်ပြီး သင်ကြားပေးခဲ့သည်။
သင်တန်းကို လွန်ခဲ့သည့် ၂၃.၅.၂၀၁၆ မှ ၂၇.၅.၂၀၁၆အထိ ပထမအပိုင်း ဖွင့်လှစ်ခဲ့ပြီး တတိယအပိုင်းကို ၅.၉.၂၀၁၆ မှ ၉.၉.၂၀၁၆အထိ လည်းကောင်း၊ စတုတ္တအပိုင်းကို ၁၀.၁၀.၂၀၁၆ မှ ၁၄.၁၀.၂၀၁၆ အထိလည်းကောင်း (၄)ပိုင်းခွဲပြီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်း ကာလ(၄)ပိုင်းအတွင်းတွင် အာလူးစိုက်တောင်သူများအား အာလူးမျိုးစေ့၊ ပင်ကြားတန်းကြား၊ မြေပြုပြင်ခြင်းနှင့် မြေသြဇာသုံးစွဲမှုတို့၏ အရေးကြီးပုံအကြောင်းကို နောင်တရားမြို့၊ ဟဲဟိုးမြို့၊ ပင်တယမြို့တို့တွင် စမ်းသပ်စိုက်ကွက်များစိုက်ပျိုး၍ လက်တွေ့ပြသသွားမည်ဖြစ်ကြောင်းလည်း သိရှိခဲ့ရပါသည်။ ထိုစမ်းသပ်ကွက်များကို သြဂုတ်လတွင် စိုက်ပျိုး၍ အောက်တိုဘာလကုန်တွင် အာလူးစိုက်ပျိုးတောင်သူများကို ဖိတ်ကြား၍ ပြသသွားမည်ဖြစ်ကြောင်းလည်း သိရှိခဲ့ရပါသည်။

ခွန်ကျော်;(ခါ;ပြစ်,ပြုံ;)

Powered by Blogger.