Thursday, June 23, 2016

ပအိုဝ်းတစ်မျိုးသားလုံး၏ အနာဂတ်အတွက် ဘယ်လိုပြင်ဆင်ထားပြီလဲ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၄) ရက်



ပအိုဝ်းလူမျိုးများသည် ရှေးယခင်ကတည်းက ကိုယ့်ထီးကိုယ့်နန်းနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်များဖြင့် နေထိုင်လာခဲ့ကြသူများဖြစ်သည်။ ပအိုဝ်းလူမျိုးအများစုမှာ ရိုးသားပြီးအနေအေးသူများဖြစ်သည်။ ပဋိပက္ခများနှင့် ကင်းရှင်းလိုသူများဖြစ်သည်။ သူရိယစန္ဒာမင်းလက်ထက်တွင်  ပအိုဝ်းလူမျိုး၏ ဂုဏ်ရောင်များသည် နေမင်းကြီးပမာ ထွန်းလင်းတောက်ပနေခဲ့ကြသည်။ သူရိယစန္ဒာမင်းကြီး၏ ခေတ်အလွန် ပအိုဝ်းလူမျိုးများ၏ နောက်ဆုံးမင်းဆက်ဟုဆိုရမည်ဖြစ်သော မနုဟာမင်းလက်ထက်တွင် ပအိုဝ်းတစ်မျိုးသားလုံး၏ အနာဂတ်သည် အမှောင်ကျခဲ့ရသည်။ အုပ်ချုပ်သူဘုရင်မင်းကြီး၏ စီမံခန့်ခွဲမှုအားနည်းမှုများကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသောကဏ္ဍပေါင်းစုံတွင် အားနည်းခဲ့ရပြီး တိုင်းပြည်ကြီးသည်လည်း အဘက်ဘက်မှ ချွတ်ခြုံကျခဲ့ရပြီး နောက်ဆုံးတွင် တိုင်းပြည်လည်း သူတပါးလက်အောက်ရောက်ခဲ့ရသည်။ ပအိုဝ်းပြည်သူများသည်လည်း မိခင်ပျောက်သည့် သားငယ်လေးပမာ ဝမ်းနည်းပူဆွေးနေပြီး ခိုကိုးရာမဲ့ဖြစ် နေခဲ့ရသည်။
ပအိုဝ်းလူမျိုးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တခြားတိုင်းရင်းသားလူမျိုးများနည်းတူ မွန်ဂိုလွိုက်မျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက တခြားညီနောင်တိုင်းရင်းသားများနည်းအတူ အေးအတူ၊ ပူအမျှ ပူးပေါင်းနေထိုင်သော လူမျိုးဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုးအနက် လူဦးရေအရ ပအိုဝ်းလူမျိုးသည် အဆင့်(၅) သို့မဟုတ် အဆင့်(၆) တွင် တည်ရှိနေသည်ဟု သန်ခေါင်စာရင်းလူဦးရေ စစ်တမ်းကောက်ယူမှုအရ သိရသည်။ ပအိုဝ်းလူမျိုးသည် ကိုယ်ပိုင်စာပေ၊ ဘာသာစကား၊ ကိုယ်ပိုင်ယဉ် ကျေးမှု၊ ရိုးရာထုံးတမ်းဓလေ့များဖြင့် ခေတ်အဆက်ဆက်ကတည်းက မိမိတို့၏ ယဉ်ကျေးမှုရိုးရာထုံးတမ်း ဓလေ့များကို အစဉ်ထိန်းသိမ်းစောက်ရှောက်နေထိုင်လာခဲ့ကြသူများဖြစ်သည်။
ပအိုဝ်းလူမျိုးများသည် မနုဟာမင်းကြီး၏ ခေတ်အလွန် သထုံပြည်ကြီးပျက်သုဉ်းပြီးနောက် စည်းလုံးညီညွတ်မှုလည်း ပျက်ပြားခဲ့ရပြီုး တကွဲတပြားစီဖြစ်ခဲ့ရသည်။ နေရပ်ကိုမစွန့်ခွာလို၍ သထုံတွင် ဇာတ်မြုပ်နေ ထိုင်ခဲ့သူများ ရှိသလို၊ ရေကြည်ရာမြက်နုရာသို့ နေရပ်ကိုစွန့်ခွာပြီး ပြောင်းရွေ့ရာတွင် တချို့သည် အထက် အညာဘက်သို့ရောက်ရှိသွားပြီး၊ အချိုမှာ ရှမ်းကုန်းမြေမြင့်ဘက်သို့ ပြောင်းရွေ့သွားကြသည်။ သထုံမှ တက်လာသောပအိုဝ်းများသည် ရှမ်းကုန်းမြေမြင့်တွင် ရှိနှင့်နေပြီးသော ကွန်လုံပအိုဝ်းများနှင့် ပူးပေါင်းမိသွားကြသည်ဟု သမိုင်းမှတ်တမ်းများအရ သိခဲ့ရသည်။ စစ်ပွဲများကိုရွံမုန်းပြီး စစ်ပွဲမလိုလားသော ပအိုဝ်းလူထုများသည် အေးအေးချမ်းချမ်းနေထိုင်လိုသောကြောင့် လူသူအရောက်ပေါက်နည်းသော တောင်တန်း၊ တောင်ကုန်းများပေါ်တွင် ရွာတည်ပြီးနေထိုင်ခဲ့ကြသည်။ ယခုလက်ရှိအချိန်ထိ ထိုတောင်တန်း၊ တောင်ကုန်းများပေါ် တွင် ပအိုဝ်းရွာများတည်ရှိနေဆဲပင်ဖြစ်သည်။  ပအိုဝ်းလူမျိုးများသည် ဘာသာတရားကိုင်းရှိုင်းသူများလည်း ဖြစ်သည်။  “သာသနာအစ သထုံက”ဟု ဆိုသည့်အတိုင်း ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်သူများ လည်းဖြစ်သည်။ သို့သော် ပအိုဝ်းလူမျိုးများသည် အေးချမ်းစွာလုပ်ကိုင်စားသောက်လိုသော်လည်း “ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ”ဟု ဆိုသည့်အတိုင်း အေးချမ်းစွာမနေခဲ့ရဘဲ ပဒေသရာဇ်များ၏ နှိပ်စက်မှုဒဏ်ကို ထပ်မံကြုံခဲ့ရပြန်ပါသည်။ ပအိုဝ်းလူမျိုးများသည် တောင်ပေါ်ဒေသများတွင်နေထိုင်ပြီး ရိုးသားမှုကို အရင်းခံကာ အလုပ်ကြိုးစားသောလူမျိုးဖြစ်ပြီး အလွန်ပင်သည်းခံနိုင်သူများဖြစ်သည်။ ယခုချိန်ထိ “နေပါစေ”(တယဝ်းဝေ) ဆိုသည့်စကားသည် သက်သေသာဓတစ်ခုပင်ဖြစ်သည်။ ထိုသည်းခံနိုင်မှုကို အခွင့်ကောင်းယူကာ ပဒေသရာဇ်များက နိုင်ထက်စီးနင်းမှုများပြုလုပ်လာခဲ့ကြသည်။ ပဒေသရာဇ်များသည် ပအိုဝ်းလူမျိုးများ ပညာတတ်ပြီး တိုးတက်လာမည်ကို အလွန်ကြောက်သူများဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးများ စီးပွားရေးတွင်သော်လည်းကောင်း၊ ပညာရေးတွင်သော်လည်းကောင်း နလန်မထူနိုင်အောင် နည်းမျိုးစုံဖြင့် အဆမတန်အခွန်တော်ငွေကောက်ယူခြင်း၊ စာသင်ကျောင်းများဖွင့်လှစ်ခွင့်ပိတ်ပင်ခြင်းအပြင် ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသများတွင် အရက်ဆိုင်များ၊ မူးယစ်ဆေးဝါးများ ရောင်းချခွင့်ပေးပြီးအခွန်များ ကောက်ယူခြင်း၊ ပအိုဝ်းရွာများကိုမီးရှို့ခြင်း၊ ပအိုဝ်းအမျိုးသမီးများကို အဓမ္မပြုကျင့်ပြီး ဖမ်းဆီးသတ်ဖြတ် ခြင်းများပြုလုပ်လာခဲ့ကြပြီး၊ ပအိုဝ်းလူထုများအပေါ် အကြောက်တရားများဖြင့် အုပ်စိုးခြယ်လှယ်ခဲ့ကြသည်။ သည်းခံနိုင်မှုအတိုင်းအတာကိုကျော်လွန်ပြီး ယုတ်မာရက်စက်သောပဒေသရာဇ်များ၏ လုပ်ရပ်များသည် ပအိုဝ်းလူထုများ၏ မခံချင်စိတ်ကိုလှုပ်နှိုးသလိုဖြစ်ပေါ်စေပြီး ပဒေသရာဇ်၏လုပ်ရပ်များကို မခံမရပ်နိုင်သည့် အဆုံး ပအိုဝ်းလူမျိုးများ၏ ပဒေသရာဇ်တော်လှန်ရေးခေါင်းဆောင် ဖြားတန်ကောင်ခယ် ဦးဆောင်ပြီး ရရာလက်နက်စွဲကိုင်ကာ ပဒေသရာဇ်စနစ် ဆိုးကြီးကို ပအိုဝ်းဒေသမှ အမြှစ်ပြတ် တိုက်ထုတ်နိုင်ခဲ့သည်။ ပအိုဝ်းဒေသတွင် ပဒေသရာဇ်စနစ်ဆိုးကြီး ချုပ်ငြိမ်းသွားသောအခါ ပအိုဝ်းပြည်သူများ စည်းစည်းလုံးလုံးနှင့် စီးပွားရေး၊ ပညာရေးကဏ္ဍများတွင်  အဆင်ပြေလာနေသည်ကို မနာလိုသောသူများသည် တဖန် ပအိုဝ်းပြည်သူအချင်းချင်းကို  နည်းမျိုးစုံဖြင့်သွေးခွဲစေခဲ့သည်။ ပအိုဝ်းလူမျိုးများသည်  မနာလိုသူတို့၏ ပယောဂသွေးခွဲခံခဲ့ရမှုတို့ကြောင့် အကွဲအပြဲနှင့်ထပ်မံကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် မနာလိုသူတို့၏ ဘေးပယောဂများကြောင့် ကိုယ့်လူမျိုးအချင်းချင်းကိုပင်ငဲ့ညာမှုမရှိဘဲ လက်နက်ကိုင် ပြန်တိုက်ခိုက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ ဤအခြေအနေအထိဖြစ်လာရသည်မှာ ပအိုဝ်းပြည်သူတစ်ဦးအနေဖြင့် မည်သို့မျှလက်မခံနိုင်သော အလွန်ဝမ်းနည်းဖွယ်ခံစားရသည်။ မနာလိုသူတစ်ဦး(သို့) သူတစ်စု၏ ဘေးပယောဂများကြောင့် ကိုယ့်အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားကာ စိတ်ဝမ်းကွဲနေကြပြီလော၊ ရှေ့လျောက်ဒီလိုဘဲကွဲပြဲနေ ကြဦးမည်လော၊ စည်းလုံးညီညွတ်မရှိဘဲနှင့် ပအိုဝ်းတစ်မျိုးသားလုံး၏ အနာဂတ်ကို ဘယ်လိုယုံကြည်မှုမျိုးနှင့် တည်ဆောက်ကြမည်နည်း၊  ပအိုဝ်းတစ်မျိုးသားလုံး၏အနာဂါတ်အတွက် ပအိုဝ်းလူမျိုးမှမတောင်းဆို၊ မလှုပ်ရှားလျှင် မည်သူကမျှ ပအိုဝ်းအတွက်ဆိုပြီး တောင်းဆိုပေးလိမ့်မည်မဟုတ်ပါ။ တိုင်းရင်းသားလူမျိုး ပေါင်း(၁၃၅) မျိုးရှိသည့်အနက် လူဦးရေအရ အဆင့်(၅)လောက်ရှိနေသည့် လူမျိုးသည် သူများအနိမ်ခံ ဘဝနဲ့ဘဲ နေသွားကြတော့မည်လော၊ ခေတ်အဆက်ဆက် ပအိုဝ်းပြည်သူ၊ ပအိုဝ်းလူမျိုးများအတွက် အသက်သွေးချွေးများနှင့်ရင်းကာ ဘဝကိုပေးဆပ်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးများကို လက်ရှိပအိုဝ်း ခေါင်းဆောင်များ၊ ခေတ်ပညာတတ်ပအိုဝ်းလူငယ်များ၊ တတ်သိပညာရှင်များနှင့် ပအိုဝ်းပြည်သူလူထုများ အနေဖြင့် စာနာထောက်ထားကာ နိုးထချိန်တန်နေပြီဖြစ်သည်။ ယခုပြည်သူများ၏မဲဆန္ဒဖြင့် တင်မြောက် ခြင်းခံထားရသော အစိုးရသစ်လက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အပစ်ခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နေပြီဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးမှသည် ၂၁ ရာစု ပင်လုံ ညီလာခံကြီးကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေ ပြီဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာမှာ ပအိုဝ်းတစ်မျိုးသားလုံးအတွက် ဘာတွေတောင်းဆိုသွားမှာလဲ၊ တောင်းဆိုနိုင်ရန်အတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ၊ ပြီးခဲ့သည့် ၁၉၄၇ ခုနှစ်တွင် ကျင်းပခဲ့သည့် ပင်လုံညီလာခံကြီးသည် ပအိုဝ်းလူမျိုးအများစု နေထိုင်ရာဒေသတွင် ကျင်းပခဲ့သော်လည်း ပအိုဝ်းလူမျိုးများသည် နိုင်ငံရေးအမြင်များ အားနည်းခြင်းကြောင့်လား၊ ရရှိလာသည့် အခွင့်အရေးကို အသုံးမချတတ်ခဲ့သောကြောင့်လား၊ ပြီးခဲ့သည့် ပင်လုံညီလာခံကြီးသည်  ပအိုဝ်းတစ်မျိုးသားလုံးအတွက် အခွင့်အရေးများဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ပြီးခဲ့သည်များကို သင်ခန်းယူနိုင်ရန် ဖြစ်ပြီး မကြာမီအချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး ကျင်းပတော့မည့် ၂၁ ရာစု ပင်လုံညီလာခံအခမ်းအနားကြီးမှာ ပအိုဝ်းတစ်မျိုးသားလုံးအတွက် ရသင့်ရထိုက်သော အခွင့်အရေးများ မဆုံးရှုံးရလေအောင် ပအိုဝ်းခေါင်းဆောင် အဆင့်ဆင့်မှသည် ပအိုဝ်းပြည်သူ တရပ်လုံးအထိ အမျိုးသားစိတ်ဓါတ်အားမာန်အပြည့်ဖြင့် ကြိုတင်ပြင်ဆင်ထားရန် အထူးလိုအပ်နေပြီဖြစ် သည်ဟု အကြံပြုတိုက်တွန်းလိုက်ရပါသည်။

ခြဲုင်းပေခွန် (စန္တာခမ်း)

Powered by Blogger.