Thursday, June 23, 2016

(COM) ဒါန-ရှေ့ဆောင်မြန်မာ၊ PHAN TEE EAIN(PTE)နှင့် Trocaire တို့၏ စီမံကိန်းကာလအတွင်း အားနည်းချက်၊ အားသာချက်များပြန်လည်သုံးသပ်ခြင်းအကြံပြုဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၃) ရက်


၂၀၁၆-ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ (COM) ဒါန-ရှေ့ဆောင်မြန်မာ လူငယ်အရင်းအမြစ်စင်တာတွင် COM ဒါန-ရှေ့ဆောင်မြန်မာ၊ PHAN TEE -EAIN(PTE)နှင့် Trocaire တို့၏ စီမံကိန်းကာလတစ်လျှောက်လုံးတွင် ပူးပေါင်းပါဝင်ခဲ့သော သက်ဆိုင်ရာမိတ်ဖက်နိုင်ငံရေးပါတီများနှင့် လူမှုရေးအဖွဲ့အစည်းများ၏ အကြံပြုချက်များနှင့် စီမံကိန်းကာလတွင် ဖွင့်လှစ်ပေးခဲ့သောသင်တန်းများ၊ ကျင်းပပေးခဲ့သော ဆွေးနွေးပွဲများ၊ ဟောပြောပွဲများနှင့် Debate များတွင်တွေ့ကြုံခဲ့ရသော အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ်ခြင်း အကြံပြုဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် Smart Consultancy Group, Program -me Development, M & E and Accountability Specialist မှ Team Leader    ဦးခင်မောင်လွင်၊ COM  ဒါန-ရှေ့ဆောင်မြန်မာ အဖွဲ့မှ Project Manager  ဦးကိုကိုမောင်၊ PHAN TEE EAIN(PTE) မှ Program Coordinator ဦးဝင်းပိုက်မျိုးနှင့် Trocaire မှ Project Officer ဒေါ်ပြည့်ပြည့်ဖြိုးဆွေနှင့် အဖွဲ့ကိုယ်စားလှယ်များက ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာနိုင်ငံရေးပါတီများက အကြံဉာဏ်များပေးရာတွင် ယခုဖွင့်လှစ်သော လူငယ်အရင်းအမြစ်စင်တာ ဖွင့်လှစ်ခါစနှင့် နှိုင်းယှဉ်လျှင်  တက်ရောက်လာသူလူငယ်အမြောက်အများ လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်သင်တန်းသားများ ပိုမိုတက်ရောက်လာစေရန် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများနှင့် Debate များခေါ်ယူရာတွင် သက်ဆိုင်ရာ သင်တန်းသားများ တက်ရောက်လာသော ဒေသအနီးအဝေးပေါ်မူတည်၍ လမ်းစရိတ်များ လုံလောက်စွာထုတ်ပေးနိုင်လျှင် သင်တန်းသားများလည်း ပိုမိုစိတ်ဝင်စားလာကာ အရေအတွက်လည်း ပိုမိုများပြားလာမည်ဟုမြင်မိပါကြောင်း၊  သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများနှင့် Debate များခေါ်ယူရာတွင် သက်ဆိုင်ရာနိုင်ငံရေးပါတီများသို့ ၎င်းတို့ဆွေးနွေးရမည့်ခေါင်းစဉ်များကို ကြိုတင်အကြောင်းကြားနိုင်လျှင် ပိုမိုထိရောက်မည်ဖြစ်ကြောင်း၊ သင်တန်းများဖွင့်လှစ်ရာနှင့် ဆွေးနွေးပွဲများ ကျင်းပပေးရာတွင်လည်း သင်တန်းလက်စွဲစာအုပ်များ၊ ပန်းဖလက်များကို  သက်ဆိုင်ရာ တိုင်းရင်းသားဘာသာများဖြင့် ဘာသာပြန်ကာ ထုတ်ဝေစေလိုပါကြောင်း၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ဟောပြောပွဲများနှင့် Debate များကျင်းပပြုလုပ်ပေးရာတွင် တောင်ကြီးမြို့နယ် တစ်ခုတည်းသာမက အခြားသောမြို့နယ်များတွင်လည်း ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ကျင်းပ ပေးစေလိုပါကြောင်း အပြန်အလှန်အကြံပြုဆွေးနွေးသွားပါသည်။ ထို့အပြင် ၎င်းတို့အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ရရှိလာသော အတွေ့အကြုံများပေါမူတည်၍ ပြန်လည်လက်ဆင့်ကမ်း ဖွင့်လှစ်ကျင်းပပေးခဲ့သော သင်တန်းများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများနှင့် Debate များကို သက်ဆိုင်ရာနိုင်ငံရေးပါတီအသီးသီးက အပြန်အလှန်ဆွေးနွေးတင်ပြကြပါသည်။ ထိုသို့ ကျင်းပပေးခဲ့သော သင်တန်းများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲ များနှင့် Debate များကြောင့် မိမိတို့ဒေသအတွင်းရှိ အမျိုးသမီးများနှင့် လူယ်များ၏အရည်အချင်းများ သိသိသာသာပြောင်းလဲ လာခဲ့သည်များကိုလည်း  အပြန်အလှန်တင်ပြခဲ့ပါသည်။
ထို့နောက်သက်ဆိုင်ရာ COM ဒါန-ရှေ့ဆောင်မြန်မာ၊ PHAN TEE EAIN(PTE)နှင့် Trocaire အဖွဲ့အသီးသီးမှ ၎င်းတို့၏စီမံကိန်းစနစ်သဘောတရားများကို ပြန်လည်ရှင်းပြရာတွင် ၎င်းတို့အဖွဲ့များသည်လည်း တောင်ကြီးမြို့နယ်များသာမက အခြားမြို့နယ်များတွင်လည်း အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်သည့်သင်တန်းများ၊ လူငယ်ရေးရာနှင့်ပတ်သက်သည့် သင်တန်းများကို သက်ဆိုင်ရာဒေသခံ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အခြားလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ဖွင့်လှစ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသွားခဲ့ပါသည်။ COM ဒါန-ရှေ့ဆောင်မြန်မာသည် လူငယ်ရေးရာကိုဦးစားပေးကာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကျင်းပဖွင့်လှစ်ပေးနေသော အဖွဲ့အစည်းဖြစ်ပြီး၊ PHAN TEE -EAIN(PTE)သည် အမျိုးသမီးအခွင့်ရေးနှင့်ပတ်သက်သည့် အရေးအရာများကို ဦးစားပေးကာ သင်တန်းများကို ဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများနှင့် Debateများ ကျင်းပဖွင့်လှစ်ပေးနေသော အဖွဲ့အစည်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် ၂၀၁၅-ခုနှစ်မတိုင်မီ မဲပေးပုံပေးနည်း သင်တန်းများကိုလည်း သက်ဆိုင်ရာ မိတ်ဖက်နိုင်ငံရေးပါတီများနှင့် ပူးပေါင်းကာ ဖွင့်လှစ်ခဲ့ကြသေးကြောင်း သိရသည်။
အဆိုပါ COM ဒါန-ရှေ့ဆောင်မြန်မာ၊ PHAN TEE EAIN(PTE)နှင့် Trocaire တို့၏ စီမံကိန်းကာလအတွင်း အားနည်းချက်၊ အားသာချက်များ ပြန်လည်သုံးသပ်ခြင်း အကြံပြုဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ တိုင်းရင်းသား- စည်းလုံးညီညွတ်ရေး(တစည)ပါတီ၊ ရှမ်းတိုင်းရင်းသာများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(SNDP)ပါတီ နှင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

ခွန်ယွေးယဲင် (ခမ်းစန္တာ;ဟေ့,)

Powered by Blogger.