Thursday, June 23, 2016

ကံကိုယိုးမယ်ဖွဲ့ကာ ပုံချတတ်ခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၃) ရက်


လူ့လောက၌ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေရာ စိတ်ဆန္ဒမျိုးစုံ၊ အယူဝါဒမျိုးစုံ ကွဲပြားနေကြမည်မှာ အမှန်ပင်ဖြစ်သည်။ လူရယ်လို့ဖြစ်လာပြီဆိုလျှင် တစ်ဦးတစ်ယောက်တည်း ရပ်တည်ပြီး လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းများနှင့် ကင်းကွာနိုင်ရန်မှာ အလွန်ခက်ခဲလွန်းလှသော ကိစ္စဖြစ်သည်။ ပညာရှာရာတွင်လည်းကောင်း၊ စီးပွားဥစ္စာရှာရာတွင်လည်းကောင်း၊ နေ့စဉ်နှင့်အမျှ ဝမ်းစာအတွက် လုပ်ငန်းခွင်ဝင်ရာတွင်လည်းကောင်း အလွှာပေါင်းစုံ စရိုက်မျိုးစုံနှင့်ကြုံတွေ့နေရမည်မှာ ဧကန်မလွှဲပင်ဖြစ်သည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသည့်အတိုင်း လူတစ်ဦးနှင့်တစ်ဦး စိတ်ဆန္ဒချင်းတူညီရန်မှာလည်း အလွန် ခဲယှဉ်းလှပါသည်။ သို့သော် စိတ်ဆန္ဒချင်း၊ အယူဝါဒချင်း မတူညီကြသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းကွက်ကိုရှာဖွေကာ သည်းခံပေါင်းသင်း နေကြရမည်ဖြစ်သည်။ လူအများစုသည် မိမိ၏ အားနည်းချက်သော်လည်းကောင်း၊ ပေါ့ဆမှုသော်လည်းကောင်း တစ်စုံတစ်ခု မှားယွင်းမှုများဖြစ်ပေါ်လာခဲ့လျင် အတွေးမှား၊ အကြံမှား၊ အယူအဆမှားတို့ဖြင့် အမှားသံသရာ ကြီးထဲမှာ မှားပြီးရင်းမှားကာ ဆင်းရဲတွင်းနစ် နေကြရသည်။
လူအများစုသည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသောကိစ္စတစ်ခုခုတွင် ကံဆိုးမိုးမှောင်ကျသည့် အခါ ဖြစ်ချင်သည့်ဆန္ဒအလျောက် ကြိုးစားသော်လည်းမရသည့်အခါ “ငါနဲ့မထိုက်တန်လို့သာ ငါ့ကံကိုက ကြီးပွားချမ်းသာဖို့မပါလာလို့”ဟု ကံကိုပုံချကာ ဘဝကိုအလွယ်တကူအရှုံးပေးတတ်ကြသည်။ ကံပြုသမျှနုနေကြပြီး၊ လောကဓံလှိုင်းအောက်တွင် ပြားပြားဝပ်လည်စင်းခံနေကြသည်။ စီမံကိန်းတစ်ခုခုတွင် အကယ်၍ မစွမ်းဆောင်နိုင်ဘဲ အခက်အခဲများ မအောင်မြင်မှုများနှင့် ကြုံတွေ့ရသည့်အခါများတွင် မိမိ၏ လိုအပ်ချက်များ၊ အားနည်းချက်များ၊ ပေါ့ဆမှုများအကြောင်းကို အရင်မသုံးသပ်ဘဲ ကံကိုသာပုံချတတ်ကြပြီး လူကမစွမ်းနိုင်သည့်အခါ၊ လူကအသုံးမကျသည့်အခါ ကံဥာဏ်ဝီရိယကို နှစ်ဆတိုးပြီး ကြိုးစားရမည့်အစား “ငါကတော့ ကံမကောင်းဘူး ငါလုပ်ရင်ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး” ဟုဆိုတတ်ကာ ကံကိုသာပုံချ ဘဝကို အရှုံးပေးသွားတတ်ကြသည်။ မအောင်မြင်တိုင်းသာ ကံကြောင့်ဆိုပြီး ကံကိုသာပုံချနေမည်ဆိုလျှင် အောင်မြင်မှုသည် ဘယ်တော့မှ ရောက်လာနိုင်မည်မဟုတ်တော့ပါ။ ဘဝမှာ အောင်မြင်မှုရယူလိုချင်လျှင် တစ်ကြိမ်ကျရှုံးတိုင်း ဆယ်ကြိမ်မကပြန်ထနိုင်အောင် ကြိုးစားနေရမှာဖြစ်သည်။ ထို့ကြောင့် ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကံကို ချည်းပုံမချလိုက်ပါနှင့် “ကံကမွဲ၊ ဥာဏ်ကမွဲ၊ လုံ့လကပါမွဲ”နေလျှင် မည်သို့မျှ ကြီးပွါးတိုးတက်နိုင်မည် မဟုတ်ပါ။
ကံဆိုသည်မှာ အလုပ်၊ အလုပ်ကောင်းလျှင် ကံကောင်းမည်ဖြစ်ပြီးအချိန်နှင့်အမျှ ကြိုးစားသင်ယူ နေဖို့လိုပါသည်။ သည်းခံခြင်းသည် အောင်မြင်ခြင်းဟူသည့် ဆိုရိုးစကားအတိုင်း အောင်မြင်ချင်လျှင် စိတ်ရှည်သည်းခံနိုင်မှု အားကောင်းရမည်ဖြစ်သည်။ အကြောင်းမှာ ခုရေတွင်းတူးပြီး ခုရေကြည်သောက်ချင်၍ မရနိုင်ပါ။ အောင်မြင်မှုရယူလိုလျှင် မိမိဘဝ၊ မိမိကိုယ်ကို အမြဲတမ်းတတ်သိပညာဗဟုတများဖြင့် မွမ်းမံပြီး မြင့်သည်ထက်မြင့်အောင်၊ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားနေရမည်ဖြစ်သည်။ ကံပြုသမျှနုကြ မည်ဆိုလျှင် ကျွန်ုပ်တို့သည် တကယ့်ကို လူဖျင်းလူညံ့များဖြစ်သွားပါလိမ့်မည်။ လောကဓံလှိုင်းဘယ်လောက်ပင် ကြမ်းတမ်းပါစေ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးစားသင့်ပါသည်။ ကံကိုယိုးမယ်ဖွဲ့တတ်သော အယူသီးမှုသည် လွှဲမှားသော အယူအဆအမှားကြီးတစ်ခုဖြစ်ကြောင်း ဆင်ခြင်သုံးသပ်နိုင်စေရန် တင်ပြ လိုက်ပါသည်။

ခြဲုင်းပေခွန်
(စန္တာခမ်း)

Powered by Blogger.