Thursday, June 30, 2016

ပအိုဝ်းလူမျိုးများအတွက် တန်ဖိုးထားထိန်းသိမ်းရမည့်ရတနာများ(သို့) ပအိုဝ်းမော်(စာဟောဆရာ ဓမ္မကထိက လူပုဂ္ဂိုလ်)များ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်

ဓါတ်ပုံ - ပြည်ထောင်စုထဲကပအိုဝ်း

မိမိ ဤဆောင်းပါးကိုရေးလိုသည်မှာ အချိန်ကာလအားဖြင့် အတော်အတန်ကြာလှပါပြီ။ ဤဆောင်းပါးကိုရေးရန် မိမိကိုပိုမိုတွန်းအားပေးသောအရာများကား အွန်လိုင်းစာမျက်နှာ တစ်ခုပေါ်တွင် “ပအိုဝ်းလူမျိုးများ မပျောက်ကွယ်ဖို့ဆိုလျှင်” ဟူသော စာပိုဒ်လေးတစ်ခုကိုဖတ်လိုက်ရခြင်း၊ မိမိကိုယ်တိုင်က ညစဉ်ညတိုင်းအိပ်ခါနီးအချိန်တွင် ၎င်းအသံကိုနားမထောင်ရဘဲ အိပ်မပျော်တတ်သော အလေ့အထရှိခြင်းနှင့် ၀ါတွင်းကာလ၀င်တော့မည် ဟူသောအသိစိတ်များပင်ဖြစ်သည်။ အကြောင်းမှာ မိမိတို့မျိုးဆက်သစ်လူငယ်များ ဆက်လက်ထိန်းသိမ်းရန်တာဝန်ရှိကြသော်လည်း အပြင်သာရေး၊ နာရေးပွဲများတွင်မဆိုထားနှင့် မိမိတို့နေ့တိုင်း ကိုယ်နှင့်မကွာ အမြဲကိုင်တွယ်နေသာ လက်ကိုင်ဖုန်းများ အတွင်းတွင်ပင် ထည့်သွင်းကာ နားမထောင်လိုကြတော့ပေ။ ဤသို့ထည့်သွင်းနားထောင်လျှင် ခေတ်မမီသည့်အပြင် ခေတ်နောက်ပြန်ဆွဲနေသောသူဟု အပြောခံရမည်ကိုစိုးရွံ့ကြသော အချက်များ ပင်ဖြစ်သည်။ ထို့ကြောင့် ကာလရှည်ကြာစွာထိန်းသိမ်းလာခဲ့သော်လည်း မိမိတို့ပအိုဝ်းလူမျိုးများ၏ မျက်စိရှေ့တွင်မြင်နေရက်သားနှင့် လုံးလုံးကြီးပျောက်ကွယ်တော့မည့် အခြေအနေနှင့် ရင်ဆိုင် ကြုံတွေ့နေရသော ပအိုဝ်းလူမျိုးများ၏ရိုးရာဓလေ့ထုံးစံတစ်ခုကား ပအိုဝ်းရိုးရာအခေါ်အဝေါ် ဖြစ်သည့် “ပအိုဝ်းမော်” ဟူသော ပုဂ္ဂိုလ်များပင်ဖြစ်သည်။
သို့သော် “မော်” ဟူသောအသံကြားလျှင် စာဖတ်သူများသည်လည်း ကြက်သီးထနေလိမ့်မည်ဟု စာရေးသူအနေဖြင့် ထင်မြင်မိပါသည်။ အကြောင်းမှာ မိမိတို့နှင့် ရင်းနှီးကျွမ်းဝင်နေကြသည်မှာ ရုပ်ရှင်ဇာတ်ကားများထဲတွင် “မှော်ဆရာ” ဟူသော မကောင်းဆိုးဝါးသာဖြစ်မည်ဟု တွေးမြင်မိနေသောကြောင့် ဖြစ်သည်။ ဤစာလုံးနှစ်လုံး၏ အဓိပ္ပါယ်ကို စာဖတ်သူများအနေဖြင့် ကွဲကွဲပြားပြား မြင်တတ်လာအောင် ပထမအချက်အနေဖြင့် ဒီစာလုံးနှစ်လုံးသည် အသံထွက်ချင်း တူသော်လည်း စာလုံးပေါင်းမတူခြင်းဖြစ်သည်။ ဒုတိအချက်အနေဖြင့် အဓိပ္ပါယ်၏ ကွဲပြားခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ပအိုဝ်းလူမျိုးတို့၏ “မော်”သည် ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူသော တရားတော်များကို သံဃာတော်များနှင့်အတူ တစ်ဖက်တစ်လမ်းမှ ဟောကြားဖြန့်ကျက်ပေးနေသော  လူပုဂ္ဂိုလ်များ (စာဟောဆရာ)ဖြစ်သော်လည်း မိမိတို့ဇာတ်ကားများထဲနှင့် ကြားဖူးလေ့ရှိသော “မှော်ဆရာ”သည်ကား မကောင်းဆိုးဝါးသာဖြစ်နေသောကြောင့် အဓိပ္ပါယ်များသည် လုံးလုံးလျားလျားကွဲပြားသွားပြီး ဆန့်ကျင်ဘက်သို့ပြောင်းသွားခြင်းပင်ဖြစ်သည်။
မိမိတို့နိုင်ငံတွင်ရှိသော အခြားသောညီနောင် ဗုဒ္ဓဘာသာတိုင်းရင်းသားလူမျိုးများသည် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသောတရားတော်များကို သံဃာတော်များကသာ ဟောပြော မြွက်ကြားပို့ချပေးလေ့ရှိသည်။ သို့သော် မိမိတို့ ဗုဒ္ဓဘာသာပအိုဝ်းလူမျိုးများအတွက် အားသာချက်မှာ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူသော တရားတော်များကို သံဃာတော်များကသာမက “မော်”  ဟူသော တရားဟောဆရာများသည်လည်း ဟောကြားဖြန့်ကျက်ပေးခြင်းပင်ဖြစ်သည်။ ထို့အပြင် “မော်”  ဟူသော တရားဟောပုဂ္ဂိုလ်များသည်လည်း တရားဟောရာတွင်တော်သကဲ့သို့ ဟာသ ဖွဲ့ပြောရာတွင်လည်း အင်မတန်တော်ကြသည်။ အကြောင်းမှာ မြန်မာ့အငြိမ့်တွင် လူရွှင်တော်များသည် တစ်ဦးကောင်းတစ်ယောက်ကောင်း၍ မရပါ။ အပြန်အလှန်မှီခိုနေကြသည်။ သို့သော် ပအိုဝ်း လူမျိုးတို့၏ “မော်”   ဟူသောတရားဟောဆရာသည် ဟာသပြောရာတွင် မြန်မာ့လူရွှင်တော်ကဲ့သို့ အကူအညီမလိုအပ်ဘဲ တစ်ယောက်တည်း ဟာသပြောကြားသွားခြင်းပင်ဖြစ်သည်။ ၎င်းမော် ပုဂ္ဂိုလ်များထဲတွင်မိမိတို့နားနှင့် နားထောင်ဖူးကြသည် သာမက “သက်ကြီးစကား သက်ငယ်ကြား” ဆိုသလို ရှေးလူကြီးများ၏ပြောကြားပုံအရ ပအိုဝ်းလူမျိုးများ၏ သမိုင်းထင်ကျန်နေဆဲဖြစ်သည့် “မော်ပေါ်” ဟူသောပုဂ္ဂိုလ်သည် မိမိတို့မမြင်ဖူးကြသော်လည်း ကက်ဆက်ခွေမှဖမ်းထားသော သူ့အသံကိုယနေ့တိုင်ကြားနေရဆဲ၊ နားထောင်နေကြဆဲ ပင်ဖြစ်သည်။ ၎င်း၏ ဟောပြောချက်အရ ဟိုအရင်ချိန်များတွင် “မော်” များဟောကြားမည့် အဖိတ်၊ ဥပုသ်၊ လပြည့်လကွယ်နှင့် သာရေးနာရေး ပွဲများ သာမက မည်သည့်ပွဲတွင်မဆို နားထောင်သူများ (လူကြီးလူငယ်များ) နှင့်စည်ကားနေလေ့ရှိ သည်။ သို့သော် ယနေ့ခေတ်တွင် ရှင်ပြုပွဲများ၊ စာဂအလှူအတန်းပွဲကြီးများ သာမက ပအိုဝ်းရိုးရာ ကထိန်ခင်းသည့်ပွဲများတွင်ပင် သက်ကြီးရွယ်အိုများသာ နားထောင်လေ့ရှိကြပြီး ခေတ်လူငယ် နားထောင်သူများ မရှိသလောက်နည်းပါးလာကြောင်း ပြောကြားခဲ့ဖူးပါသည်။ ထို့ကြောင့် ယခု အခြေအနေများကိုကြည့်ခြင်းအားဖြင့် မိမိတို့၏ပအိုဝ်းရိုးရာမော်ဓလေ့ကို မိမိတို့ပအိုဝ်းလူမျိုး ကိုယ်တိုင် မထိန်းသိမ်းလျှင် မည်သည့်အခြားလူမျိုးမှ လာရောက်ထိန်းသိမ်းပေးမည်မဟုတ်ပါ။
ဗုဒ္ဓသာသနာတော် အချိန်ကြာမြင့်စွာတည်တံ့ခိုင်မြဲစေရန် ပိဋကတ်စာပေများသည် အဓိက အရင်းခံဖြစ်သည်။ သာသနာတော် တည်တံ့ပြန့်ပွားစေရန်အတွက် ပရိယတ္တိစာပေသင်ကြား ပို့ချပေးနေသော သံဃာတော်တို့၏ဂုဏ်ကျေးဇူးသည် အနန္တောအနန္တအဆုံးအစမရှိကြီးမားကျယ်ပြန့် ပါသည်။ သံဃာတော်တို့၏နောက်တွင် ဗုဒ္ဓသာသနာတော်ကို တည်တံ့ပြန့်ပွားအောင်ဆောင်ရွက်နေသော ပုဂ္ဂိုလ်များမှာ ပအိုဝ်းတိုင်းရင်းသားတို့၏ မော်(စာဟောဆရာ ဓမ္မကထိကလူပုဂ္ဂိုလ်)များပင် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါကပင် တရားဟောကျွမ်းကျင်သော (လူပုဂ္ဂိုလ် ဓမ္မကထိကများ) ရှိခဲ့ဖူးပါသည်။ အမျိုးသားများထဲတွင် “စိတ္တသူကြွယ်” သည်ထင်ရှား၏။ တရားဟော ကျွမ်းကျင်သဖြင့် “စိတ္တသူကြွယ်”အား ထူးချွန်မှု “ဧတဒဂ်ဘွဲ့” ကို ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တိုင် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
သာသနာတော်နှစ် ၁၆၀၁-ခုနှစ်၊ သက္ကရာဇ် ၄၁၉-ခု၊ ခရစ်နှစ် ၁၀၅၇-ခုနှစ်တွင် အရမဒ္ဒမပူရ ပုဂံပြည့်ရှင် အနော်ရထာမင်းက သုဝဏ္ဏဘူမိသထုံပြည် ဘုရင်မနုဟာကို စစ်ဖြင့်တိုက်ယူကာ ပိဋကတ် သုံးပုံအစုံသုံးဆယ်ကို သုံးဆယ့်နှစ်စီးသော ဆင်ဖြူတော်ထက်တွင်တင်ဆောင်ပြီးလျှင် ဘုရင်မိဖုရား နှင့်တကွ ရဟန်းသံဃာတော်များ၊ အသိပညာရှင် အတတ်ပညာရှင်များကို ပုဂံပြည်သို့ဆောင်နှင်း ခဲ့သည်မှာ မြန်မာရာဇ၀င်သမိုင်းကျမ်းတို့တွင် ထင်ရှားပါရှိလေသည်။ ထိုသို့ ဘုရင်မိဖုရားနှင့် ရဟန်း သံဃာတော်များ၊ အသိပညာရှင် အတတ်ပညာရှင်များ မရှိတော့သည့်နောက်ပိုင်းကာလတွင် ပအိုဝ်း ပြည်သူတို့သည် သထုံပြည်မှ ကိုးအုပ်စုခွဲ၍ ထွက်ခွာသွားကြသည်။
ထိုအဖွဲ့ကိုးဖွဲ့တွင် “မော်ထော်ဖာ” ဦးဆောင်သော အုပ်စုသည် ပခုက္ကူသို့ရောက်၍ အခြေစိုက် နေထိုင်ကြသည်။ ထိုအုပ်စုတွင် ဦးဆောင်သော “မော်ထော်ဖာ” သည်အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည်။ ထိုစဉ်အခါကပင်လျှင် ဗုဒ္ဓသာသနာတော်ထွန်းလင်းပြန့်ပွားရန် သာသနာပြုကြသော (ဓမ္မကထိကလူပုဂ္ဂိုလ် စာဟောဆရာ) “မော်” ရှိခဲ့သည်ဟု သမိုင်းခြေရာခံ၍ သိရှိနိုင်သည်။ ပအိုဝ်းမော် (တရားဟောဆရာ)သည် အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လျက်ရှိကြပါသည်။ လူမှုရေး ကဏ္ဍများတွင်လည်း ပါဝင်၍သာသနာပြုသူများဖြစ်သည်။ ပအိုဝ်းတို့ဘာသာရေး၊ လူမှုရေး တို့တွင် လိမ္မာရေးခြားရှိအောင် တမလွန်လောကအကျိုးရှိအောင် ကျေးဇူးပြုသူများမှာ ပအိုဝ်းမော်           (စာဟောဆရာ) များဖြစ်သည်။
သို့သော် ပအိုဝ်းဒေသအတွင်းရှိ ပအိုဝ်းမော်(စာဟောဆရာ)သည် အရေအတွက်အားဖြင့် မနည်းလှသော်လည်း အသင်းအဖွဲ့တစ်ခုအဖြစ် ၂၀၀၀-ခုနှစ်အထိ စုစုစည်းစည်းမရှိခဲ့ပေ။ စနစ်တကျ အသင်းဖွဲ့စည်း သင့်သည်မှာ အချိန်ကာလကြာမြင့်စွာကပင်ဖြစ်သည်။ ပအိုဝ်းဒေသအတွင်း နှစ်ပေါင်းများစွာ သာသနာပြုသီတင်းသုံးနေထိုင်၍ တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး စာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနရိန္ဒ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားကြီး သည် အနာဂါတ်သာသနာ အကျိုး အရှည်ကိုမျှော်ကိုး၍ သာသနာပြုပုဂ္ဂိုလ် ဓမ္မကထိက “မော်အသင်း” ဖွဲ့စည်းသင့်ကြောင်း မိန့်ကြားခဲ့ဖူးပါသည်။ ၁၉၇၄-ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ပအိုဝ်းစာပေနှင့် -ယဉ်ကျေးမှုမဂ္ဂဇင်းတွင် ချမ်းသာ(လွယ်တပ်)မှ “ပအိုဝ်းမော်အကြောင်း သိကောင်းစရာ” ဆောင်းပါးရေးသား၍ “ပအိုဝ်းမော်” အသင်းဖွဲ့စည်းသင့်ကြောင်း တိုက်တွန်းနှိုးဆော်အသိပေး ရေးသားခဲ့ပါသည်။ ၁၃၃၉-ခုနှစ်၊ တပေါင်း လပြည့်နေ၊ ခရစ်နှစ် ၁၉၇၈-ခုနှစ်၊ မတ်လ(၂၃)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ နောင်ခဲကျေးရွာအုပ်စု၊ နောင်ယာဆိုင်း၌ တပေါင်းလပြည့်ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ရဟန်းသံဃာတော်များ(၈၈၆)ပါး၊ ပအိုဝ်းမော်ပုဂ္ဂိုလ်များ(၁၃၆)ဦး၊ လူထုအင်အား(၃)သိန်းနှင့် တက္ကသိုလ်ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ယင်းပွဲတော်တွင် ပအိုဝ်းအမျိုးသားအနုပညာရပ်ဆိုင်ရာ အကြောင်းအရာ များထဲတွင် အပိုဒ်(င)၌ လက်မှုပညာနှင့် နှုတ်မှုပညာစာဟော(မော်)ပညာရပ် ဆွေးနွေးခြင်းများ ပါရှိလေသည်။ သို့ဖြစ်၍ “ပအိုဝ်းမော်အသင်း”ဖွဲ့စည်းရန်နှင့်  ပအိုဝ်းမော်စာဟောပညာရပ်မျာ ထိန်းသိမ်းမြှင့်တင်ရန်မှာ ၁၃၃၉-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျင်းပသော နောင်ယာဆိုင်း ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ်ပွဲတော်တွင် အစပြုနိုင်ခဲ့သည်ဟု ဆိုရပါမည်။  ထို့အပြင် ၁၉၉၇-ခုနှစ်၊ သြဂုတ်လ(၁-၂)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ဖာမွန်း ဘုန်းတော်ကြီးကျောင်း၌ တောင်ပေါ်မြေပြန့်မကျန် မြို့နယ်ပေါင်းစုံမှ ကိုယ်စားလှယ်များပါဝင်သော ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုအစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ပါသည်။ ထိုအစည်းအဝေးမှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ရာ ၎င်းများအတွင်းတွင် ပအိုဝ်းမော် (စာဟောဆရာ)အသင်း ဖွဲ့စည်းရန်ပါရှိခဲ့လေသည်။ ၁၉၉၉-ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ပအိုဝ်းဒေသအတွင်းရှိ မြင့်မိုရ်ခမ်း(အနောက်ပိုင်း)၊ မြင့်မိုရ်ခမ်း (အရှေ့ပိုင်း)၊ သူရိယခမ်း၊ ခွန်ဖြားဗွာခမ်း၊ စန္တာခမ်း(၅)နေရာခွဲ၍ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီဝင် ဖြားစင်းခံလှ၊ ဖြားမော်နန္တာလူး၊ ဖြားခွန်မင်းကျော်၊ ဖြားမော်ပဲ(ထီဟော်)နှင့် ၀ိဓူရခွန်ထွန်း(တောင်ကြီး)တို့က စည်းရုံးရေးထွက်ပြီးလျှင် ပအိုဝ်းမော်ပုဂ္ဂိုလ်(၃၁၉)ဦးတို့ကို စည်းရုံး နိုင်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၀-ခုနှစ်၊ ဇန်န၀ါရီလ(၂၀)ရက်နေ့၊ ၁၃၆၁-ခုနှစ်၊ ပြာသိုလပြည့်၊ ကြာသပတေးနေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ တိုင်း(ခမ်း) အလိုက် ပအိုဝ်းမော် ဦးစီးအဖွဲ့ဝင်(၄၁)ဦးနှင့် အဖွဲ့ဝင်(၃၁၉)ဦးတို့ကိုစုစည်းပြီး ပအိုဝ်းမော်အသင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် အချိန်ကာလ၏ပြည့်စုံလျောက်ပတ်မှု ကာလသမ္ပတ္တိကို စောင့်ဆိုင်းရင်း ၂၀၀၀-ခုနှစ်၊ ဇန်န၀ါရီလ(၂၀)ရက်နေ့မှ ဖွဲ့စည်းနိုင်သောကြောင့် ၁၉၇၈-ခုနှစ်၊ မတ်လ(၂၃)ရက် နောင်ယာဆိုင်းတွင်ကျင်းပသော ပအိုဝ်းအမျိုးသားနေ့မှစ၍ (၂၂)နှစ်ကြာညှောင်း သည်မှ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ပအိုဝ်းမော်အသင်းတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဌတစ်ဦးပါဝင်သော ပအိုဝ်းမော်နာယက(၃)ဦးနှင့် ပအိုဝ်းမော်အသင်းဥက္ကဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များပါရှိသော အလုပ် အမှုဆောင်(၇)ဦးတို့ကို ပအိုဝ်းမော်အသင်း ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ အမျိုးဘာသာ သာသနာ ဆိုင်ရာလုပ်ငန်းများကို စည်းလုံးညီညွတ်စွာဆောင်ရွက်လျက်ရှိကြပါသည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့သည် ပင်ရင်းမူလထေရ၀ါဒဗုဒ္ဓဘာသာကို ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် ဆက်လက်ပြန့်ပွားနိုင်ရန်အလို့ငှာ “ပအိုဝ်းမော်” အသင်းကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရှိရ၍ မိမိအနေဖြင့်သာမက ပအိုဝ်းတိုင်းရင်းသားများကိုယ်စားဝမ်းသာပီတိဖြစ်မိပါသည်။
ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် ခရီးသွားလှည့်လည်ခြင်းဖြင့် လောကအကျိုးသာသနာပြု ခြင်းကို များစွာလိုလား နှစ်သက်အားပေးတော်မူသည်။ “ပအိုဝ်းမော်(စာဟောဆရာ)များ” ဘ၀ သည်လည်း မိမိနေထိုင်ရာရပ်ရွာများတွင်လည်းကောင်း၊ အခြားဒေသများတွင်လည်းကောင်း၊ အလှူရှင်တစ်ဦးကဖြစ်စေ အလှူရှင်များစုပေါင်း၍ဖြစ်စေ ပင့်ဖိတ်သဖြင့်သွားရောက်၍ တရားဓမ္မများကို သဂြိင်္ုလ်ဟောပြောရပါသည်။ သို့ဖြစ်၍ ပအိုဝ်းမော်(စာဟောဆရာ)များ၏ ဘ၀သည်ခရီးသွား၍ သာသနာပြုရသဖြင့် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် လိုလားနှစ်သက်သောဘ၀ဖြစ်မည်ဟု ယူဆ ယုံကြည်ဖွယ်ရာ ရှိပါသည်။
ထို့ကြောင့် ပအိုဝ်းမော်(စာဟောဆရာ)များသည်လည်း မိမိတို့၏ဘ၀ကို မြတ်နိုးတန်ဖိုးထား နိုင်ကြပါစေ။ ပအိုဝ်းပြည်သူတို့ကလည်း မိမိတို့ အလေးဂရုပြု တန်ဖိုးထားမြတ်နိုးဖွယ်ရာကောင်းသော ရတနာများကဲ့သို့ ပအိုဝ်းယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သော “ပအိုဝ်းမော်(စာဟောဆရာ)”များနှင့် ပအိုဝ်းမော်ပညာရပ်များကိုလည်း အလေးဂရုပြု တန်ဖိုးထားမြတ်နိုးကာ အားပေးချီးမြှောက်နိုင်ပါစေ။ ထို့အပြင်   ပအိုဝ်းလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံများတွင် တစ်ခုအပါအ၀င်ဖြစ်သော   “ပအိုဝ်းမော် (စာဟောဆရာ)” ဟူသော တရားဟောနေကြသည့်ပုဂ္ဂိုလ်များ၏ အရေအတွက်ပိုမိုများပြားလာအောင် မစွမ်းဆောင်နိုင်သော်ငြားလည်း လုံးဝမပျောက်ကွယ်သွားအောင် ပအိုဝ်းလူမျိုးများသည် မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကို လေးစားမြတ်နိုးတန်ဖိုးထားသူများပီပီ ထိန်းသိမ်းကာကွယ်ရန် ပအိုဝ်းမိဘ ပြည်သူများသာမက မိမိတို့မျိုးဆက်သစ်လူငယ်များတွင်လည်း တာဝန်ရှိကိုယ်စီနေကြပြီဟု ပအိုဝ်း လူမျိုးများ၏ကိုယ်စား တိုက်တွန်းလိုက်ရပါသည်။

ကိုးကားချက်များ -  ပြည်ထောင်စုထဲကပအိုဝ်း
ခွန်ယွေးယဲင်(ခမ်းစန္တာ;ဟေ့,)

Powered by Blogger.