Thursday, June 30, 2016

အထူးဒေသ(၆) တောင်ကြီးမြို့နယ် နန်းဟောင်းမွေတော်ကျေးရွာအုပ်စု နန်းဟောင်းမွေတော်ကျေးရွာ သာသနာပိုင်မြေ ဧရိယာအတွင်းတွင် သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်




၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ အထူးဒေသ(၆) တောင်ကြီးမြို့နယ် နန်းဟောင်းမွေတော်ကျေးရွာအုပ်စု နန်းဟောင်းမွေတော်ကျေးရွာ သာသနာပိုင်မြေ ဧရိယာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်ပေါက်စီမှဦးစီး၍ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို နံက် ၉း၀၀နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
ရှေးဦးစွာ တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးကျော်စွာသည် သစ်ပင်စိုက်ပျိုးရခြင်းနှင့် ပတ်သက်ပြီး ပြောကြားရာမှာ ၎င်းတို့ လွယ်တော်ဘိနယ် သစ်တောဌာနအဖွဲ့အနေဖြင့် ဇလဲကျေးရွာအုပ်စုတွင် (၇)ရွာ စိုက်ပျိုးခဲ့ပြီဖြစ်ကြောင်း၊ ယခု နန်းဟောင်းမွေတော်ကျေးရွာတွင် သစ်ပင်အမျိုးအစား(၅)မျိုးကို အပင်ပေါင်း(၂၀၀၀)ကျော် နှင့်မိမိတို့သစ်တောဦးစီးဌာနမှ အဖွဲ့ဝင် (၁၁)ဦး ပါဝင်ကူညီစိုက်ပျိုးပေးခဲ့ကြောင်း၊ နောက်နှောင် မည်သည့်ဒေသမဆို သစ်ပင်စိုက်ပျိုးရေးကာလတွင်  ဆက်လက်ပါဝင်စိုက်ပျိုးပေးသွားမည် ဖြစ်ကြောင်း၊ စုပေါင်းသစ်ပင်စိုက်ပျိုးရခြင်းသည် ဒေသကောင်းကျိုးများသာမက နိုင်ငံတော်နှင့် ကမ္ဘာတစ်ဝှမ်းလုံးကိုပါ ကောင်းကျိုးများဖြစ်စေနိုင်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် ကောင်းသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာတွင် လူတစ်ဦးသည် အနည်းဆုံးသစ်ပင် ၅၄ ပင် ပြန်လည်စိုက်ပျိုးကြရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဆက်လက်ပြီး အထူးဒေသ(၆)PNA အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ တပ်ရင်း(၉)မှ ဗိုလ်ကြီးထွန်းကျော်သည် သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး လူတိုင်းလုပ်သင့်လုပ်ထိုက်သောလုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ခါတိုင်းနှစ်တွေမှာလည်း မိမိတို့တပ်ဖွဲ့အနေဖြင့် သစ်ပင်များကို စိုက်ပျိုးပေးခဲ့ပါကြောင်း၊ သစ်ပင်များကို ဆက်လက်စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းသည် ကောင်းသောလုပ်ငန်းဖြစ်၍ မိမိအနေဖြင့် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း၊ ဘယ်ဒေသမဆို သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် ပါဝင်ကူညီစိုက်ပျိုးသွားရန် အဆင်သင့်ရှိပါကြောင်း ၎င်းကဆိုသည်။
သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ နန်းဟောင်းမွေတော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးခွန်ပေါက်စီ ပြောကြားရာမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းနှင့်အတူ ရေကြီးမှုပြဿနာများ လေပြင်းမုန်တိုင်းတိုက်ခိုက်မှုများ ရေခန့်ခြောက်မှုပြဿနာများ သဘာဝဘေးအန္တရာယ်များကို မခံစားရလေအောင် နှစ်ရှည်ပင်များကို စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အထက်လူကြီးများ ဆုံးမသြ၀ါဒကို ခံယူပြီး ဦးစီးဦးဆောင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲသည် သစ်ပင်မျိုးစုံ အပင်ပေါင်း ၉၅၀၀ ခန့်စုပေါင်းစိုက်ပျိုးလျှက်ရှိကြောင်း ပြောကြားသွားပါသည်။
ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နန်းဟောင်းမွေတော်အုပ်စု ကျေးပေါင်း(၁၈)ရွာမှ ရွာသူရွာသားများ (၅၀၀)ကျော်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNO၊ အထူးဒေသ(၆) အသွင်ပြောင်းပြည်သူ့စစ်ဌာနေ PNA တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် သစ်တောဦးစီးအဖွဲ့နှင့် ပအိုဝ်းလူငယ်ကွနိယက် PYN အဖွဲ့တို့သည် နန်းဟောင်းမွေတော် သာသနာဧရိယာ၊ ရေထွက်ဧရိယာ အကျယ်အ၀န်း ဧကပေါင်း ၂၀၀ ခန့် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ၊ ခွန်ပန်းစိန်






Powered by Blogger.