တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်
ခန္ဓာကိုယ်ကြီးထွားရန် နေ့စဉ်နှင့်အမျှ အဟာရစားပေးရသကဲ့သို့ ဦးနှောက်မှတ်ဥာဏ်အား ကောင်းရန်လည်း စာပေနှင့်ခွန်အားဖြည့်ပေးရမည်။ ခန္ဓာကိုယ်သည် တစ်နှစ်ထက်တစ်နှစ်ကြီးထွား သော်လည်း အသိပညာ အတတ်ပညာ မတိုးပွားလျှင် လူတော်လူကောင်းဖြစ်ရန် ပို၍ဝေးနေမည် ဖြစ်သည်။ “လူ” ဟုဖြစ်လာလျှင် လူ့လောက၊ လူ့ဓလေ့ကို နားမလည်ဘဲ ယောင်လည်လည်နှင့်ဆိုလျှင် အဓိပ္ပါယ်မဲ့စွာ နေထိုင်ရပါလိမ့်မည်။ လူဖြစ်မရှုံးစေလိုလျှင် လူနှင့်ထိုက်တန်သည့် အသိပညာများ အတတ်ပညာများကို သင်ယူလေ့လာ ဆည်းပူးရမည်ကို မပျင်းသင့်ပါ။ ထိုအတတ်ပညာ၊ အသိပညာများ သင်ယူရာတွင် မကြောက်သင့်၊ တတ်နိုင်သမျှ ရရှိအောင်သင်ယူနိုင်မှသာလျှင် လူကောင်းလူမွန်ဖြစ်လာမည် ဖြစ်ပါသည်။
ပညာသင်ယူနေစဉ်အချိန်တွင် ပျင်းနေမည်၊ ဖျင်းနေမည်ဆိုလျှင် သင်၏ အနာဂါတ်ပွင့်လန်း စေသည့် လမ်းကြောင်းများကို သင်ကိုယ်တိုင်ပင် ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ပညာဆိုသည့် ဖိနပ်ကို စီးနင်းပြီး မိမိခြေထောက်ပေါ် ခိုင်မာစွာ ရပ်တည်နိုင်ရန် ကိုယ့်ဒူး ကိုယ်ချွန် ရပါမည်။ သို့မှသာကိုယ့်လမ်း ကိုယ်ဖောက်မှ မိမိလိုရာပန်းတိုင်သို့ ရောက်ရှိမည် ဖြစ်သည်။ မိမိ၏ စိတ်ဓါတ် ခွန်အား မကျစေရန်နှင့် နှလုံးသား၏ ယုံကြည်ချက် အရည်ပျော်မသွားစေရန် ပညာသည် သင့်ဘ၀အတွက် ပဲ့ကိုင်ရှင် လမ်းပြကြယ်ပင် ဖြစ်ပါသည်။
ဘ၀ အောင်မြင်ရန်အတွက် မိဘ ဆရာအရိပ် အာဝါသအောက်မှ ကင်းကွာလို့မရနိုင်ပါ။ “ဥပမာ- တက်မပါသော လှေငယ်တစင်း” ဖြစ်နေလျှင် မျောလိုရာကို မျောနေမည်ဖြစ်သည်။ လေတိုက်ရာတွင် မျောနေမည်ဆိုလျှင် ကျောက်ဆောင်ကြီးနှင့် တိုက်မိနိုင်သည်။ ထို့ကြောင့် မိဘ၊ ဆရာ အဆုံးအမနှင့် ကင်းကွာ နေသော လူတစ်ယောက်သည်လည်း အကွပ်မပါသော တောင်းကဲ့သို့ ပျက်စီးလွယ်သည်။ ကြမ်းတမ်းသည့် လောကဓံကို ခံနိုင်ရည်ရှိရန် သံရိုင်းသကဲ့သို့ မီးအဖုတ်ခံရဲနိုင်မှသာ အခက်အခဲများနှင့် ကြုံလာသည့်အခါ ရဲစွမ်းသတ္တိ အပြည့်နှင့် တွန်းလှန်နိုင်မည် ဖြစ်ပါသည်။
ငယ်ရွယ်စဉ်အချိန်တွင် ပညာမသင်ဘဲ အပျော်အပါးလိုက်စားပြီး ကြီးပြင်းလာသောလူသည် စကားကို အချေတင်နှင့် အတင်းပြောတတ်ကြသည်။ အမှားအမှန် မဝေဖန်တတ်ဘဲ ဇွတ်ပြော၍တစ်ခုသာ တတ်သည်။ ပညာမတတ်သောသူသည် မျက်နှာငယ်ရသည့်အပြင် မျက်နှာညိုးငယ်စွာနှင့် လုပ်ကိုင်စားသောက်နေရသည်။ အကြောက်အလန့်ကြီးပြီး ပရိတ်သတ်အလယ်တွင် ပြန်လည်ခုခံနိုင်ရန် ပညာမရှိသည့်အတွက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ခံနေရသည့်ဘ၀ဖြစ်တတ်သည်။ ထိုသို့ပြန်လည် ချေပလိုသည့် စိတ်ရှိသော်လည်း ဥာဏ်ပညာက နုံချာသည့်အတွက် ပြန်လည်မချေပနိုင်ဘဲ ပိုးစုန်းကြူးကဲ့သို့ မှိတ်တုတ် မှိတ်တုတ်မျှသာ ဘ၀ကို အလင်းတန်း ပေးနိုင်သူဖြစ်နေသည်။
“ပထမအရွယ် ငယ်သော်ကတည့်။ သိပ္ပခေါင်းအား တတ်မြှောက်ထားမူ။ တောသားရန်အောင် ခြင်္သေ့ယောင်သို့။ မရှောင်မညှာ တင်းတင်းမာ၍။ ပညာရဲရင့် ပွဲလယ်တင့်လိမ့်” ဟု အရှင်မဟာရဋ္ဌသာရ က ဆိုထားပါသည်။ ပထမအရွယ် ကတည်းကပင် အတတ်ပညာကို တတ်အောင်သင်ထားလျှင် တောတစ်ခုလုံးကို အုပ်စိုးနိုင်သည့် ခြင်္သေ့ကဲ့သို့ ဖြစ်နေမည်။ လက်ရုံးရည် နှလုံးရည် သတ္တိ ဗျတ္တိပြည့်စုံ နေသောသူသည် လူကြား သူကြားတွင်လည်း အချိန်အခါမရွေး ပညာရဲရင့် ပွဲလည်တင့်အောင် စွမ်းဆောင် နိုင်ပါသည်။
ဘ၀ရဲ့တန်ဖိုးကို နားလည်သောသူသည် ကြီးပွားကြောင်း တိုးတက်ကြောင်း အောင်မြင်ကြောင်း နည်းလမ်းများကို မနားမနေ လိုက်လံရှာဖွေ နေကြသည်။ လုပ်ကိုင်ကြိုးစားရှာဖွေနေသည့် အချိန်မလောက်မငှဖြစ်၍ ညည်းတွားနေရသော်လည်း ဘ၀တန်ဖိုးကို နာမလည်သေးသည့် လူ့တန်းစားများက အချိန်များစွာပို၍ အချိန်များဖြုန်းနေကြပါသည်။ လက်ဖက်ရည်ဆိုင်တွင် လျှာအစွမ်းအစများပြပြီး အငြင်းအခုံများနှင့် အချိန်ကို ကုန်စေခဲ့ကြသည်။ ထမင်းတစ်ပန်းကန် ပုံမှန်စားနိုင်ရန်အရေး သူများ၏သွေးချွေးကို အမြတ်ထုတ်ယူရန်လည်း ၀န်မလေးတတ်သော ကိုယ်ချင်းစာတရား ကင်းမဲ့နေသော ပုဂ္ဂိုလ်သည် ဒုစရိုက်အမြဲရှိနေပါသည်။ သနားကြင်နာတတ်သော နှလုံးသားရှိသော်လည်း အခြေခံပညာ မသင်ကြားခဲ့ရသောကြောင့် မိမိကိုယ်ကို စိတ်တိုင်းမကျရခဲ့ပါ။
“ပညာမပါသည့် ခြေလှမ်း ဥာဏ်ရောင်မသန်းသည့်အတွေး နောင်ရေးအေးရန်အတွက် နေပူကျဲကျဲ မိုးသည်းထန်ထန် ကြံဖန်ခဲခြစ် မဖြစ်မနေဖွေရှာ ၀မ်းတထွာ ပြည့်ဖို့အရေးသည် စိတ်မအေးရ ”ဖြစ်နေပါမည်။ ပညာမတတ်သည့်အတွက် အလုပ်အကိုင် လုပ်ရသည်မှာ အားအင်များစွာ ကုန်ခန်းနေရသည်။ နည်းစနစ် မကြွယ်ဝသည့်အတွက် ချမ်းသာရန်နေနေသာသာ မိုးနှင့် မြေကဲ့သို့ ဝေးလေနေပါမည်။ ပညာမသင်ခဲ့သည့် အကျိုးဆက်များလည်း ခံစားနေရမည်။ ယခုအချိန်တွင် မျက်ရည်ကျသည်မှလွဲ၍ အဖတ်ဆည်မရသည်ကို လူ့လောကကြီးသည် ပူပြင်းလှပါသည်ဟု ခံစားနေရမည် ဖြစ်ပါသည်။ လောကဓံ၏ တိုက်ပွဲအောက်တွင် အကြိမ်ကြိမ်ကျရှုံးရုန်းထွက်၍ မရလောက်အောင် ပိပြားနေသော ပညာမဲ့လူသားသည် အောင်ပွဲနည်းလမ်းစ ရှာတွေ့နိုင်မည်မဟုတ်ချေ။
အထက်တန်းစား လူများသည် မည်သည့်အရာကိုမျှ အလကား ဟူသည်မှာမရှိပါ။ မည်သည့် အရာမဆို ပေးဆပ်ပြီးမှသာ ရယူကြသည်။ သူ့အလုပ်နှင့် ထိုက်တန်သည်ကိုသာ ယူကြသည်။ အလွန်အကျွံ အပိုအလျှံအကြံအဖန်ဖြင့် အလစ်သုတ်သည့် အကျင့်မရှိပါ။ ထိုသို့ နေထိုင်လုပ် ဆောင်ခြင်းသည် အောင်မြင် မြင့်မြတ်စေသည့် လမ်းစ စိတ်ဓါတ် ဖြစ်သည်။ နှလုံးသား မလှသည့် လူသည်လည်း မည်သောအခါမှ သူဌေးမဖြစ်နိုင်ပါ။ မိမိပြုလုပ်သောအလုပ် ကံသည် ပဲ့တင်သံ မိမိထံသို့ ပြန်လာမည်သာ ဖြစ်ပါသည်။
“ပညာရှိ နှလုံးသားလှသည့် လူသားနှင့် ပညာကင်းမဲ့ နှလုံးသားမဲ့ လူသည် ဘ၀တွင် ဖြတ်သန်းရာ၌ အချိန်ဇယား ရေးဆွဲရာတွင် မည်သည့်အခါမှ တူနိုင်မည်မဟုတ်ချေ။ အချိန်ကို တန်ဖိုးထားသောသူသည် မည်သည့်အခါမျှ မပျင်းပါ။ ပျင်းသောသူသည် အချိန်ကို ဘယ်တော့မှ တန်ဖိုးမထားတတ်ပါ။ လူပျင်းများသည် မည်သို့မည်ပုံ အချိန်ဖြုန်းရမည်ကိုသာ အမြဲတွေးနေတတ်သည်။ နှလုံးသားဖြူစင်သော သူသည် ယနေ့တွင်မည်သူကို ကူညီရမည်၊ မည်သည့်နေရာတွင် ကုသိုလ်ယူမည်ကို အမြဲစဉ်းစား နေကြသည်။ နှလုံးသား မဖြူစင်သည့် သူသည် ယနေ့တွင်မည်သူကို ဒုက္ခပေးရမည်၊ မည်သည့်အိမ်တွင် ခိုးရမည်ကို စဉ်းစားကြသည်။ ထိုသူများသည် ဦးနှောက်၏ အချက်ပေးခိုင်းစေခြင်းသည် အဖြေတစ်မျိုးစီ ထွက်နေတတ်ပါသည်။
မိမိကိုယ်ကို အချိန်တိုင်း ပြန်လည်မေးသင့်သည့် မေးခွန်းသည် “ငါနှလုံးလှ လူသား ဖြစ်ပြီလား” ဆိုသည့်မေးခွန်းဖြစ်ပါသည်။ နှလုံးသားက မည်သည့်ဘက်ကို ယိုင်နေသည်ကို မိမိကိုယ်တိုင်ပင် အဖြေထုတ်ကြည့်နိုင်သည်။ မိမိစိတ်တိုင်းကျ မဖြစ်သေးလျှင် နှလုံးလှလူသား စိတ်တိုင်းကျ ဖြစ်အောင် ကြိုးစားစေလိုပါသည်။
ခွန်တန်ဟော်ထို (သီးသဲင်းဝေင်နယ်း)
Like On Facebook
Follow On Twitter
Subscribe On RSS