Sunday, July 10, 2016

ပအိုဝ်းတိုင်းရင်းသားတို့၏ပင်ကိုယ်ဗီဇနှင့်ယဉ်ကျေးမှု

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်







မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံဖြင့်  ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုတိုင်းရင်းသားတို့သည် တရုတ်ပြည်အနောက်ပိုင်း မွန်ဂိုကုန်းမြင့် ဒေသတွင် မူရင်းနေထိုင်ကြပြီး ကာလကြာရှည်လာသည်နှင့်အမျှ လူဦးရေများပြားလာ၍ ရေကြည်ရာ မြက်နုရာပြောင်းရွေ့ရင်း မြန်မာနိုင်ငံသို့ရောက်လာကြခြင်းဖြစ်သည်။ မည်သို့ပင်ရောက်လာစေကာမူ ယခုအချိန်တွင်တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု၊ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်၊ ရာသက်ပန်ထာဝစဉ်လက်တွဲ၍ ချစ်ချစ်ခင်ခင်ဖြင့် အတူတကွနေထိုင်သွားခြင်းက ပို၍အရေးကြီးပါသည်။ တိုင်းရင်းသားအားလုံးတို့သည် မိမိတို့၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြင့် မြန်မာနိုင်ငံကို အလှဆင်နေကြသည်ဟု ပြောမည်ဆိုလျှင်လည်း မှားမည်မထင်ပါ။ ထိုတိုင်းရင်းသား(၁၃၅)မျိုးထဲမှ ပအိုဝ်းတိုင်းရင်းသားတို့၏ ပင်ကိုယ်ဗီဇနှင့်ယဉ်ကျေးမှုတစ်စိတ်တစ်ဒေသကို ဖွင့်ဟလိုပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြားနေထိုင်ကြသည်။
ပအိုဝ်းတိုင်းရင်းသားအများစုသည် ဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်၍ အလွန်ရောင့်ရဲ တင်းတိမ်ကြပြီး အလှူအတန်းလည်း အင်မတန်ပြုလုပ်သောလူမျိုးဖြစ်သည်။ ဘုရား၊ တရား၊ သံဃာကို အထူးကြည်ညိုယုံကြည်သည့်အလျောက် ပအိုဝ်းကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်းများကို တိုက်ကျောင်းကြီးများ၊ သစ်သားကျောင်းကြီးများဖြင့် ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်လှူဒါန်း ထားကြသည်။ သုဝဏ္ဏဘူမိသထုံပြည်မှ ဗုဒ္ဓအယူဝါဒကိုလက်ခံခဲ့ကြသဖြင့် ပအိုဝ်းဒေသကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ အခါကြီးရက်ကြီး၊ လပြည့်လကွယ်၊ ဝါတွင်းသုံးလ၊ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ် အခါသမယများစသည်တို့တွင် သီတင်းသီလဆောက်တည်သူများနှင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ဝေယျာဝစ္စ ကုသိုလ်ယူသူများဖြင့် ပြည့်နှက်နေသည်မှာ  ပအိုဝ်းတိုင်းရင်းသားတို့၏ ထူးခြားသော ယဉ်ကျေးမှုလက္ခဏာများပင်ဖြစ်သည်။ ဗုဒ္ဓ၏သားသမီးများဖြစ်ကြ၍ ပအိုဝ်းလူမျိုးတို့၏ စိတ်ထဲတွင် အကြင်နာတရားများ၊ မေတ္တာတရားများဖြင့် ပြည့်ဝနေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။  ပအိုဝ်းတိုင်းရင်းသားတို့သည် အလုပ်ကြိုးစားလုပ်ကိုင်ကြ၍ မိမိချွေးနည်းစာလုပ်အားခမှ စုဆောင်းထားရှိသောငွေကြေးများဖြင့် အလှူအတန်းများပြုလုပ်ကာ ရပ်နီးရပ်ဝေးမှဆွေမျိုး၊ မိတ်ဆွေများကိုဖိတ်ကြားပြီး ဧည့်ခံကျွေးမွေးရလျှင်ပင် ပျော်ရွှင်ကျေနပ်ပီတိဖြစ်ကြပါသည်။ ဒါန ကုသိုလ်ပြုခြင်းဖြင့် နိဗ္ဗာန်သို့ရောက်နိုင်သည်ဟူသောတရားနှင့် ပင်ကိုယ်စေတနာ သဒ္ဓါတရား ရှိသူများဖြစ်သည်နှင့်အညီ အလှူအတန်း၊ အပေးအကမ်း၊ အကျွေးအမွေးများလည်း အလွန်ရက် ရောကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ပင်ကိုယ်ဗီဇအားဖြင့် ရိုးသား၍နိုးကြားကာ ကြိုးစားပြီး ပွင့်လင်းစွာခင်မင်တတ်ကြသည်။ ပအိုဝ်းတို့သည် စည်းလုံးညီညွတ်မှုရှိ၍ ရိုးသားပြီးပွင့်လင်းစွာ ပြောတတ်ကြသည်ကိုပင် အလွန်ချစ်စရာကောင်းလှပါသည်။ ပအိုဝ်းဘာသာစကားတတ်ကျွမ်းလျှင် ပအိုဝ်းရိုးရာဟာသပုံပြင်များကိုအရသာခံရင်း ပအိုဝ်းလူမျိုးတို့၏ သဘာဝမူရင်းစိတ်ဓါတ်များ၊ ဖော်ရွေမှုများကို ပို၍သိရှိလာနိုင်ပါသည်။ အပေါ်ယံအဝတ်အစားများသည် အနက်ရောင်ဝတ်ဆင် ထားသော်လည်း အတွင်းစိတ်သဏ္ဍာန်သော်ကား ရိုးသား၍အဖြူချည်းသာ တွေ့မြင်ရမည်ဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားများသည် နေထိုင်ရာဒေသကွဲပြားနေသော်လည်း စိတ်နေစိတ်ထားများ၊ စကားအပြောအဆိုများ၊ ဝတ်စားဆင်ယင်မှုများ၊ ဘာသာရေးကိုးကွယ်ယုံကြည်မှုများ၊ ကျေးရွာတည်ဆောက်မှုများ၊ အုပ်ချုပ်ရေး တရားစီရင်ရေးများနှင့် အခြားပအိုဝ်းအမျိုးသား ရိုးရာယဉ်ကျေးမှုများတို့မှာ တူညီမှုရှိကြပါသည်။ အစုအဖွဲ့ဖြင့်နေထိုင်ကြသောလူမျိုးဖြစ်၍ မိတ်ဆွေကိုတန်ဖိုးထားခြင်း၊ အပြန်အလှန် ရိုင်းပင်းကူညီကြခြင်းနှင့် သံဃာတော်၏ သြဝါဒစကားကို အလွန်တန်ဖိုးထားကြသည်။ ပအိုဝ်းလူမျိုးများသည် အယုတ်၊ အလတ်၊ အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး တပြေးညီတန်းတူရည်တူဆက်ဆံကြသည်။ ဓနဂုဏ်၊ ငွေဂုဏ်၊ ပညာဂုဏ် မောက်မာခြင်းများ မရှိသလောက်နည်းပါးကြောင်းကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားများသည် လယ်ယာလုပ်ငန်းကို အများအားဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများဖြစ်သည်။ ထို့ကြောင့်ပအိုဝ်းကျေးရွာများတည်ဆောက်ရာတွင် အခြေခံသည့် အချက်များမှာ စိုက်ပျိုးရန်မြေနှင့်မြေသြဇာကောင်းမကောင်း၊ သောက်သုံးရေနှင့်စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရန် ရေရှိမရှိ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမကောင်းနှင့် လုံခြုံမှုရှိမရှိများကို အဓိကထားကြောင်းတွေ့ရသည်။ ပအိုဝ်းကျေးရွာများကို ရေမဝပ်နိုင်သည့် တောင်စောင်း တောင်ကုန်းတို့တွင် အတွေ့များပါသည်။ ပအိုဝ်းလူမျိုးတို့သည် မိမိတို့ရပ်ကွက်/ကျေးရွာမှသူကြီးကို မိမိတို့ကိုယ်တိုင်ယုံကြည်အားကိုးရမည့်သူကိုသာ ရွေးချယ်ခန့်အပ်လာသည်မှာ နှစ်ပေါင်းကြာမြှင့် ခဲ့ပြီဖြစ်သည်။ ကျေးရွာသူကြီးသည်လည်း ရပ်မိရပ်ဖတို့နှင့် တိုင်ပင်ဆွေးနွေးပြီး ဒီမိုကရေစီနည်းဖြင့်သာ အုပ်ချုပ်သောကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ညီညွတ်ရေးများ အမြဲတိုးတက်နေသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ကျေးရွာရှိလူပျိုအပျိုအဖွဲ့သည်လည်း သာမှုနာမှုကိစ္စများနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တက်ညီလက်ညီလုပ်ဆောင်ကြသည်မှာ အားရကျေနပ်ဖွယ်ကောင်းလှပါသည်။
ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏အသက်သွေးကြောပင်ဖြစ်ရကား ယဉ်ကျေးမှုပျောက် ကွယ်လျှင် လူမျိုးပါကွယ်ပျောက်သွားနိုင်သည်ဆိုသည့်အသိကို လူမျိုးတိုင်းက ခံယူနားလည်ထား ရမည်ဖြစ်သည်။ ထို့ကြောင့်ပအိုဝ်းတိုင်းရင်းသားတို့အားလုံးသည် မိမိတို့၏ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ တိုးတက်စေရန်ကြိုးပမ်းခြင်းများ လုပ်ဆောင်ရမည့်တာဝန် ရှိသည်ကို သိရှိနိုးကြားစေနိုင်ရန်တင်ပြလိုက်ရပါသည်။                
 ခွန်တကျော; (ခါ;ပြောဝ်,ပြုံ;)

Powered by Blogger.