Sunday, July 10, 2016

ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မိဘပြည်သူများအား ကွင်းဆင်းတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်











မိဘပြည်သူများ လိုအပ်နေသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းအကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခွန်သိန်းဖေ၊ ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်(၂)မှ ဦးခွန်သူရအောင်၊ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတာဝန်ရှိပုဂ္ဂိုလ်များနှင့် တောင်ကြီးမြို့နယ်  လျှပ်စစ်အင်ဂျင်နီယာများက ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်၊ တနင်္ဂနွေနေ့၊ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာအုပ်စု၊ ဖက်ကွန်ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ဇလဲကျေးရွာအုပ်စု၊ ဇလဲဘုန်းတော်ကြီးကျောင်းတွင် သော်လည်းကောင်း ဒေသခံမိဘပြည်သူများအား ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကြွရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ မိမိတို့ လုပ်ဆောင်နေသော အခန်းကဏ္ဍနှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြပြီး အဓိကအားဖြင့် တောင်ကြီးမြို့နယ် မြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတွင် နေထိုင်ကြသော ဒေသခံမိဘပြည်သူများအတွက်  လမ်းတံတားများပြင်ဆင်ရေးကိစ္စများ၊ (၂၄)နာရီလျှပ်စစ်မီးလင်းရေး ကိစ္စများ၊ ပညာရေးကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးသွားခဲ့ကြောင်း သိရှိရပါသည်။
ဤကဲ့သို့ မိဘပြည်သူများကို ကွင်းဆင်းတွေ့ဆုံရခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့ အခု မိဘပြည်သူများကို လာရောက်တွေ့ဆုံရတာက မိဘပြည်သူများ လိုအပ်ချက်များကို လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တဲ့နေရာမှာ အစိုးရကိုဘဲ အကုန်လုံးအားကိုးလို့မရပါဘူး ဒေသခံဘက်က လက်တွဲလုပ်ဆောင်မှ ရနိုင်မှာပါ။ ဒါကြောင့် ကျွန်တော်တို့ဌာနဆိုင်ရာအဖွဲ့  အခု မိဘပြည်သူများကို လာတွေ့ တာက ဒီဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို မိဘပြည်သူများနှင့် လက်တွဲချင်လို့ မိဘပြည်သူများ လုပ်ဆောင်ရမည့်အပိုင်းကို အသိပေးချင်လို့ဘဲ ဖြစ်ပါတယ်” ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက ပြောကြားခဲ့ပါသည်။
ထိုသို့ ဌာနဆိုင်ရာများက မိဘပြည်သူများအား ကွင်းဆင်းတွေ့ဆုံသည်နှင့် ပတ်သက်၍ ဇလဲကျေးရွာနေ ဦးခွန်ထွန်းရွှေက “ကျွန်တော် မှတ်မိသလောက် ကျွန်တော်တို့ ဒေသကို ဖွံ့ဖြိုးရေးကိစ္စနှင့် ပတ်သက်လို့ ဌာနဆိုင်ရာတွေက လာရောက်မေးမြန်းတိုင်ပင်တာ သိပ်မရှိခဲ့ဘူး။ ဒါကြောင့်  အခုလို ဒေသခံ မိဘပြည်သူများ လိုအပ်ချက်ကို လာရောက်ဆွေးနွေးပေးတဲ့အတွက် အရမ်းဘဲ ကျေးဇူးတင်ပါတယ်။ နောက်ဆိုလည်း အခုလို ခနခန လာစေချင်ပါတယ်”ဟု ၀မ်းသာစကားပြောကြားပြီး ဇလဲဒေသခံ ဦးခွန်သိန်းတန်ကလည်း “အခုလို ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ မိဘပြည်သူများကို လာရောက်တွေ့ဆုံ ဆွေးနွေးပေးတာ အရမ်းကောင်းပါတယ်၊ ကျေးဇူးလည်းတင်တယ်။ ဒါပေမဲ့ ကျွန်တော့အနေနဲ့က နည်းပညာပါ လာသင်ပေးရင် ပိုကောင်းလိမ့်မယ် ထင်တယ်။ လမ်းကော်မတီ၊ မီးကော်မတီ ဘယ်လိုဖွဲ့ရမလဲ၊ ဘာတွေလုပ်ရမလဲ၊ အထက်ကို စာဘယ်လို သင်ရမလဲ ဆိုတာတွေပေါ့။ ကျွန်တော်တို့က ပညာတတ်တွေ မဟုတ်တော့ အဲဒီ့အပိုင်းမှာ အားနည်းချက်ရှိနေတယ်”ဟု သူ့၏ အမြင်ကို ပြောကြားသွားခဲ့ပါသည်။
ထိုခရီးစဉ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေက တောင်ကြီးမြို့နယ် မြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းနေဒေသခံများ လိုလားတောင်းတနေသော လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများကို လွှတ်တော်တွင် အဆိုတင်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;


Powered by Blogger.