Tuesday, July 12, 2016

ခိုင်း သုံး ကျင့် ပျက် အရက်သေစာနှင့် လူငယ်များ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်


လူသားတို့သည် မိမိတို့၏ဘဝအသက်ရှင်နေထိုင်နိုင်ရန်အတွက် နေ့စဉ် ရုန်းကန်လှုပ်ရှားနေကြရကာ  စိတ်၏ပင်ပန်းခြင်း၊ ကိုယ်၏ပင်ပန်းခြင်း တို့ကို အပန်းဖြေပြေပျောက်စေရန်အလို့ငှါ နည်းမျိုးစုံဖြင့် အနားယူအပန်းဖြေကြရာ အရက်သေစာ သောက်သုံးမှီဝဲခြင်းနည်းလမ်းသည် တစ်မျိုးအပါအဝင်ဖြစ်သည်။ တစ်နေကုန်တစ်နေခန်း ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရာမှ အလုပ်သိမ်းပြီး မိမိတို့အိမ်သို့ ပြန်လည်ရောက် ရှိလာသည့်အခါ မိတ်ဆွေအပေါင်းအသင်းများနှင့် စုပေါင်းပြီး ရလာသည့်လုပ်အားခများကို အရက်သေစာ ဝယ်ယူကာဝိုင်းဖွဲ့သောက်သုံးကြခြင်းဖြင့် တစ်နေ့တာပင်ပန်းလာသမျှကို ခါးသက်ရီဝေသော အရသာဖြင့် အပန်းဖြေလာကြသည်ကို များစွာတွေ့ရှိလာပါသည်။
ထိုသို့ နေ့စဉ် အရက်သေစာမှီဝဲကာ ပင်ပန်းသမျှဒဏ်ကို လွန်ဆန်ရင်း အလုပ်လုပ်ရင်း အရက်သေစာ သောက်သုံးပြီးအပန်းဖြေရင်းဖြင့် သံသရာလည်နေပြီး အရက်သေစာ မမှီဝဲမသုံးစွဲဘဲမနေနိုင်သည့် အဆင့်ထိဖြစ်လာကာ ကျန်းမာရေးကို ထိခိုက်လာပြီး အလုပ်မလုပ်နိုင်တော့သည့် အခြေအနေ ထိဖြစ်လာသည်။ ထိုသို့ဖြစ်လာသောအခါ အရက်သမားတို့၏သဘောသဘာဝအတိုင်း အလုပ်သာမလုပ် နိုင်သော်လည်း အရက်သေစာမသောက်သုံးဘဲမနေနိုင်သောကြောင့် ဇနီးမယားထံ၊ သားသမီးထံ၊ မိတ်ဆွေများထံတွင် နည်းမျိုးစုံဖြင့်အရက်ဖိုးတောင်းခံကာ မိမိကိုယ်တိုင်၌လည်း အရက်သေစာသွားမဝယ် နိုင်၍ မိသားစုအတွင်းရှိကလေး(သား/သမီး)(သို့မဟုတ်) ပတ်ဝန်းကျင်ရှိကလေးများအား ခိုင်း၍ အရက် သွားရောက်ဝယ်ယူစေသည်။  ထို့ကြောင့် ပထမ အဆင့်သည် လူကြီးပိုင်းက ကလေးများကို အရက် ဝယ်ခိုင်း သည်။
ကလေးဟူသည် လူကြီး၏ ပြုမူလုပ်ဆောင်မှုအပေါ် အတုခိုး၍ သူတို့၏ ပြုမူလုပ်ဆောင်ချက်များသည် အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ လူကြီးများ၏ အပြုအမူအတိုင်းလိုက်၍ ပြောင်းလာကြသည်။ လူကြီးများ အရက်သေစာသုံးစွဲသည်ကို စူးစမ်းလိုသည့်စိတ်ဖြင့် သောက်သုံးကြည့်ကြသည်။ လူငယ်များသည် အရက်သေစာများကို သောက်သုံးကြည့်ရင်း သောက်သုံးကြရင်းဖြင့် အရက်သေစာ၏ အရသာကို ခံစားထိမိသောအခါ လူငယ်များက အရက်သေစာများကို သုံးစွဲတတ်လာကြသည်။ ထို့ကြောင့် ဒုတိယ အဆင့်သည် လူကြီးများ၏အရက်သုံးစွဲသည့်နည်းတူ လူငယ်များကလည်း အရက်သေစာ သုံးစွဲ တတ်လာကြသည်။
ထို့နောက် လူကြီးများပြုမူလုပ်ဆောင်သည့်အတိုင်း လူငယ်များသည် စိတ်ဖိစီးမှုဒဏ်၊ ကိုယ်ပင်ပန်း မှုဒဏ်များကို အရက်သေစာဖြင့်သာ ကုစားအပန်းဖြေကြရင်း အရက်သေစာ သောက်သုံးမှုကို လူငယ်များက နေ့စဉ်ပြုလုပ်နေကျသည့် သမရိုးကျအလုပ်တစ်ခုဖြစ်လာကာ အကျင့်ဖြစ်လာပြီး သူငယ်ချင်း အပေါင်းအသင်းများကိုလည်း စည်းရုံးဆွဲဆောင်လာကြသည်။ ထို့ကြောင့် တတိယ အဆင့်သည် လူငယ်များ အရက်သေစာသုံးစွဲမှုသည် အကျင့် တစ်ခုကဲ့သို့ ဖြစ်လာသည်။
နောက်ဆုံးလူငယ်များသည် အရက်သေစာများကို အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲလာကြရင်း အရက်သမားလုံးလုံးဖြစ်ကြကာ အရက်သေစာသောက်သုံးနိုင်ရန် နည်းမျိုးစုံဖြင့် အရက်ဖိုးရှာကြရင်း အကျင့်စာရိတ္တများ ယိုယွင်းလာကြသည်။ ထို့ကြောင့် နောက်ဆုံးအဆင့်သည် လူငယ်များ အကျင့်စာရိတ္တ ယိုယွင်းလာကြကာ ပျက်စီး လာကြသည်။
ဤသို့ဖြင့် လူငယ်များ၏ အကျင့်စာရိတ္တကောင်းမွန်မှုသည် လူကြီး၊ မိဘ၊ ဆရာသမားများ၏ သွန်သင်ဆုံးမ လမ်းညွန်ပြမှုအပေါ်တွင် မူတည်သည်။ ထို့ကြောင့် လူကြီး၊ မိဘ၊ ဆရာသမားများသည် လူငယ်များအရက်သေစာသုံးစွဲပြီး ပျက်စီးလာရခြင်းအကြောင်းရင်းဖြစ်သည့် ခိုင်း သုံး ကျင့် ပျက် တရားခံများမဖြစ်ရလေအောင် မိမိတို့ကိုယ်မိမိ သတိထားဆင်ခြင်သင့်ကြောင်း တင်ပြလိုက်ရပါသည်။

ခွန်အာခမ်း

Powered by Blogger.