Friday, July 15, 2016

ဝါတွင်းအခါသမယနှင့် ကျေးရွာပအိုဝ်းတိုင်းရင်းသားဓလေ့

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်



ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိလူမျိုး၊ ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို အလွန်ပင် ချစ်ခင်မြတ်နိုးတန်ဖိုးတတ်သည့် လူမျိုးတစ်မျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပအိုဝ်းလူမျိုးသည် လူကြီး၊ လူငယ်၊ အရွယ်မရွေး အိမ်မှာနေသည်ဖြစ်စေ၊ တောင်ယာဝင်သည်ဖြစ်စေ၊ ပွဲလမ်းသဘင်များ တက်ရောက်သည်ဖြစ်စေ ခါးဝတ်ပုဆိုးကဲ့သို့ ရိုးရာဝတ်စုံကို မြဲမြံစွာဝတ်ဆင်နေသည်ကို အများအားဖြင့် တွေ့မြင်နေရပါသည်။ လူမျိုးတစ်မျိုး ရေရှည်တည်တံ့ရန် ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုသည်  အသက်သွေးကြောပင် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ပအိုဝ်းတိုင်းရင်းသားတို့သည် ယဉ်ကျေးမှု ပျောက်ကွယ်မသွားအောင် အစဉ်ထာဝရရေရှည်တည်တံ့စေရန် ထိန်းသိမ်းသောအားဖြင့် ရပ်ရွာထဲတွင် မိမိဘာသာစကား တစ်မျိုးတည်းကိုသာ ပြောဆိုပြီး အ၀တ်အစားကိုလည်း မြဲမြံအောင် ၀တ်ဆင်ကြသည်ကို အများအားဖြင့် ကျေးလက်နေပအိုဝ်းလူမျိုးသာရှိသည်ဟု ပြောရမည်ဆိုလျှင် မှားမည် မဟုတ်ပေ။
ဤသို့ပြောဆိုနိုင်သည့်အကြောင်းရင်းမှာ ကျွန်ုပ်တို့နေထိုင်သောရွာသည် အခြားတိုင်းရင်းသားများ နှင့်အတူတကွ နေထိုင်ကြသောကြောင့် အများစုမှာ ပအိုဝ်းစကားကို ပြောတတ်ကြပါသည်။
ပအိုဝ်းလူမျိုးအများစုသည် ထေရ၀ါဒဗုဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်သူများလည်း အနည်းငယ်ရှိပါသည်။ ပအိုဝ်းလူမျိုးနေထိုင်သည့်ရွာတိုင်းသည် ခန်းနားထည်ဝါပြီး  ရွှေရောင်ဝင်းပနေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် မြင့်မြတ်လှသည့်စေတီပုထိုးများကို ထင်ထင်ရှား ရှားတွေ့မြင်နေရပါသည်။ နှစ်စဉ်နှစ်တိုင်း ဘာသာရေးဆိုင်ရာ ပွဲလမ်းအလှူသဘင်များကို ကြီးကျယ်ခန်းနား စွာ ကျင်းပပြုလုပ်လေ့ရှိပါသည်။ ၀ါတွင်းအခါသမယတွင်လည်း ပအိုဝ်းလူမျိုးများသည် ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ဘုန်းကြီးကျောင်းတက်ခြင်း၊ ဥပုပ်စောင့်ခြင်း၊ သက်ကြီးရွယ်အိုများကန်တော့ခြင်း၊ လပြည့်လကွယ်နေ့တိုင်း ဆွမ်းတော်ရင်းပြီး ဘုရား၊ ကျောင်းကန်များ၊ စေတီပုထိုးများသို့ ကပ်လှူခြင်းများဖြင့် အသီးသီး ကောင်းမှု ကုသိုလ်ပြုလုပ်ကြသည်ကို တွေ့မြင်ရပါသည်။
ဝါတွင်းကာလ လူပျိုအပျိုများသည် အဖိတ်နေ့ညတွင် ဆွမ်းတော်ပြင်ရန် တာဝန်အသိစိတ်ဖြင့် စည်းလုံးညီညွတ်စွာ  ရွာရှိဘုံဆောင် (အများပြည်သူဆောက်လုပ်ပေးသည့်အိမ်)ကို လာရောက်ကြပါသည်။ လူပျိုများက မိမိတို့ရိုးရာဓလေ့ဖြစ်သည့် အိုးစည်၊ ဗုံ၊ မောင်းများတီး၍ တေးအလကာင်္ ပအိုဝ်းအခေါ် (ငေါဝ်းတဲက်၊ ငေါဝ်းကဲး)ဖြင့် သီဆိုပြီး စကားရည်လု၍ ဆွမ်းတော်ကပ်ရန်ပြင်ဆင်နေသည့် အပျိုများကလည်း  စကားအချေအတင်များ ပြန်လည်ပြုလုပ်ကြပြီး ပျော်ရွှင်ဖွယ်ရာ ဓလေ့တစ်ခုရှိပါသည်။ ဆွမ်းတော် ကပ်ရန်ပြင်ဆင်ခြင်းဆိုသည်မှာ လပြည့်လကွယ်နေ့အတွက် ဘုန်းတော်ကြီးကျောင်းရှိဘုရားများနှင့် စေတီ ပုထိုးများ ကပ်လှူရန် ဆွမ်းတော်ကို ယွန်းထည်ဖြင့် ပြုလုပ်ထားသော ဆွမ်းအုပ်ထဲတွင် အလှဆင်ရန် လိုအပ်သည့် ၀ါးခြမ်းများ၊ သစ်သီးဝလံများ၊ ပန်းများ၊ မုန့်အမျိုးမျိုးများစသည်တို့  ကြိုတင်ပြင်ဆင်ထားခြင်းကို ခေါ်ဆိုပါသည်။
လပြည့်လကွယ်နေ့ဖြစ်သည့် နေ့ထူးနေ့မြတ်တွင် သက်ကြီးရွယ်အိုမရွေး ဘုန်းကြီးကျောင်းတက်ပြီး ရဟန်း သံဃာ ဆရာတော်ကြီးများ၏ တရားဒေသနာတော်များကို အထူးကြည်ညို လေးစားစွာ နာယူခြင်း အပြင် ဗုဝေယျာဝစ္စ၊ ဓမ္မဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စများကို ကျေပွန်စွာလုပ်ဆောင်ခြင်း စသည်တို့ကို ကြည့်ခြင်းအားဖြင့် ပအိုဝ်းလူမျိုးများ၏ ဘာသာရေးကိုင်းရှိုင်းမှုများကို ပေါ်လွင်စေပါသည်။
ထို့အပြင်  ဥပုပ်ဆောက်သော ဥပုပ်သည်များသည်လည်း လူပျိုအပျိုများက   ညနေခင်းပိုင်း အချိန် တွင် ဂျင်းနှင့် ထန်းလျက်ကို ဆေးရည်အဖြစ်ကြိုချက်ပြီး  တိုက်ကျွေးခြင်းဖြင့် ကုသိုလ်ယူကြပါသေးသည်။  ရံဖန်ရံခါတွင် အချိုရည်များဖြင့် တိုက်ကျွေးပါသည်။ ဥပုပ်ထွက်ပြီး နောက်နေ့နံနက်ပိုင်းတွင် လူငယ်များက ရဟန်းသံဃာတော်များကို ဆွမ်းကပ်ခြင်း ဥပုဒ်သည်များကို ဧည့်လံကျွေးမွေးခြင်းနှင့် အလှူဒါနများ ပြုလုပ်ပြီးတိုင်း နိာန်ကို မျှော်ကိုးပြီး ရေစက်သွန်းချ အမျှပေးဝေကြပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ၀ါတွင်းအခါသမယတွင် လူပျိုများက အပျိုများကို ပိုမိုလှည့်လည်သည့် ဓလေ့ရှိသောကြောင့် လူပျိုလှည့်သည့်ဓလေ့ကိုလည်း ထပ်မံတင်ပြလိုပါသည်။ လူငယ်များ လူပျို လှည့်ရာတွင် မိမိရွာတွင်း၌လည်းကောင်း၊ တစ်ဦးချင်းဖြစ်စေ အပေါင်းအသင်းများနှင့်ဖြစ်စေ လှည့်လေ့ရှိ ပါသည်။ လူပျိုလှည့် စကားပြောရန်မှာ မီးဖို နံဘေးတွင်သာ ၀ိုင်းထိုင်ပြီး ဧည့်ခံစကားပြောဆိုကြပါသည်။ အချို့လည်း နေ့လည် ယာလုပ်ငန်းခွင်များသို့ လှည့်လည်ကြသည်လည်းရှိပါသည်။ အပျို၊ လူပျိုစကား ပြောဆိုရာတွင် ရိုးရိုးပအိုဝ်းဘာသာစကားဖြင့်လည်းကောင်း စကားထာများဝှက်၍လည်းကောင်း ပြောဆို သုံးနှုန်းကြပါသည်။
ကျေးရွာရှိ ပအိုဝ်းတိုင်းရင်းသားတို့၏  ဂုဏ်ယူဖွယ်ရာ စည်းကမ်းတစ်ခုမှာ ည ၉နာရီနောက်ပိုင်းတွင် လူပျိုများက အပျိုများလှည့်လည်၍မရကြောင်း၊ ဒေသခံ လူပျိုလိုက်ပါမှုမရှိပါက သူစိမ်းပြင်ပရွာရှိ လူပျို များကို လက်ခံစကားပြော၍ မရကြောင်း၊  အပျိုများက တံခါးဖွင့်မပေး၍ လက်ခံစကားပြောချင်စိတ်မရှိသည့်  အခါတွင် အတင်းခေါ် တံခါးဆွဲဖွင့်မှု၊ ဆူညံမှု ပြုလုပ်၍မရကြောင်း စသည့်ရွာတိုင်းတွင် လူပျိုအပျို လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ထားခြင်းရှိသောကြောင့်  လေးစားဖွယ်ကောင်းသည့် ဓလေ့ တခုလည်းဖြစ်ပါသည်။ လူပျိုအပျိုများသည် စည်းကမ်းများဖောက်ဖျက်ပါက  ရွာသူရွာသားများ၏ ပြောဆို ခြင်းကိုခံရတတ်ပြီး၊ ကာလသားခေါင်းဆောင် ကာလသမီးခေါင်းဆောင်များကို ၀န်ချတောင်းပန်ပြီး လက်ခံမှသာ ရွာအသိုင်းအ၀ိုင်းသို့ ပြန်လည် ၀င်ရောက်ခွင့်ပြုကြပါသည်။  ထို့အတူ အပျိုက လူပျို၏ ချစ်ခြင်း မေတ္တာကို လက်ခံသဘောတူမှုရှိလျှင် ရွှေ (သို့) ငွေသားများကို သစ္စာ၊ ကတိ အထိမ်းအမှတ်အဖြစ် ကြိုတင် ပေးတတ်ကြသည်။  နှစ်ဦးနှစ်ဖက် အခြေအနေ အချိန်အခါအရ နားဖောက်ပြီး စေ့စပ်ကြောင်းလမ်းမှု ပြုလုပ် ကြသည်။ စေ့စပ် ကြောင်းလမ်းမှု အောင်မြင်သည့်အခါ အမျိုးသားဘက်မှ သက်ဆိုင်ရာ လူကြီးမိဘ များနှင့်တကွ လာရောက်တင်တောင်းမှုပြုပြီး  အမျိုးသမီးဘက်မှလည်း သက်ဆိုင်ရာ လူကြီးမိဘ စုံစုံ လင်လင်ဖြင့် လက်ခံမှုပြုမှသာ မင်္ဂလာရက်ကောင်း ရက်မြတ်ကို ရွေးချယ် သတ်မှတ်လိုက်ကြသည်။
ဝါတွင်းကာလတွင် ပအိုဝ်းလူမျိုးတို့သည် အိမ်ထောင်ပြုခြင်းကို ရှောင်ကြဉ်ကြသည်။ ဘုရားတော်က ဟောကြားထားခြင်း၊ ပညတ်ထားခြင်းမရှိသော်လည်း ဗုဘာသာ အယူအဆအရ ၀ါတွင်းကာလတွင် အိမ်ထောင်ပြုခြင်းမှ ရှောင်ကြဉ်ကြပြီး၊ အိမ်ပြောင်းရွေ့မှုပြုလုပ်ခြင်းလည်း မရှိကြချေ။ ၀ါတွင်းကာလတွင် အလှူအတန်းများပြုလုပ်သည့်ကာလဟု မှတ်ယူပြီး  ဘာသာရေးကို အလေးထားသော လဖြစ်သောကြောင့် အိမ်ထောင်ပြုခြင်းကို ရှောင်ကြသည်။ သီတင်းကျွတ်လပြည့်ကျော်ရက်မှ စ၍ ၀ါဆိုလပြည့်မတိုင်ခင် နေ့ရက် များအထိ  မင်္ဂလာဆောင်ခြင်းကို ပြုလုပ်ကြပါသည်။ ပအိုဝ်းလူမျိုး၏ အပျို၊ လူပျိုများသည် ဘိုးဘွာစဉ် ဆက်အရ ၎င်းအယူအဆကို ယနေ့ထိတိုင် လိုက်နာကျင့်သုံးကြသည်။
ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ပျောက်ကွယ်မသွားနိုင်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း ပအိုဝ်းလူမျိုးတိုင်းတွင် တာဝန် အပြည့်ရှိကြောင်းဟု စာရေးသူအနေဖြင့် တင်ပြလိုက်ရပါသည်။

ကိုးကား။ ။ ပြည်ထောင်စုထဲကပအိုဝ်း
နန်းအွဉ်ရက်ခွို,ခမ်းစန္တား)





Powered by Blogger.